စစ်နှင့် ငြိမ်းချမ်းရေး စရိတ် မွန်တပ်ဖွဲ့ ပြန်သုံးသပ် AK-47s ကျည်တတောင့်လျှင် ဘတ် ၄၀ ကျသင့်သဖြင့် မြန်မာငွေ ၁၆၇၁ ကျပ်ဖြစ်သည်။ RPG တခုကျတော့ ဘတ် ၁၅၀၀ ပေးရသည်။ M16 တလက်က ဘတ် ၆ သောင်းတန်ဖိုးရှိသည်။ ထိုင်း-မြန်မာနယ်တလျှောက် လက်နက်ဈေးနှုန်းက မြင့်သည်။ တရုတ်-မြန်မာနယ်စပ်တွင်တော့ လက်နက်ဈေးနှုန်းက သက်သာကြောင်း မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA) ၏ စစ်ဦးချုပ်က ပြောပြနေသည်။ MLNA သည် ထိုင်းနယ်စပ်မှတဆင့် ကမ္ဘောဒီးယားများထံမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို အခမဲ့ ရလေ့ရှိသည်။ မြန်မာ့တပ်မတော်နှင့် တိုက်သည့်စစ်ပွဲစရိတ်မှာ နည်းလေ့ရှိဖူးသည်။ သို့သော် အကယ်၍ MNLA က အစိုးရတပ်ကို ယခု ပြန်တိုက်ရမည်ဆိုလျှင်တော့ ပြောင်းလဲသွားမည်ဖြစ်သည်။ မွန်ပြည်သစ်ပါတီအနေဖြင့် တနှစ်လျှင် စစ်အသုံးစရိတ် မြန်မာ ငွေကျပ် သန်း ၁၀၀ မှ သန်း ၃၀၀ သုံးလေ့ရှိသည်ဟု ဗိုလ်ချုပ် နိုင်လယီကကောင်းက ခန့်မှန်းသည်။ “ကျနော်တို့ AK-47 ကျည်ဆန်တွေကို တရုတ်ဆီက ဝယ်နိုင်ပါတယ်။ ဒါပေမယ့် သယ်ယူပို့ဆောင်စရိတ်က ကြီးတယ်” ဟု သူက ရှင်းပြသည်။ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်က လက်နက်ထုတ်ရန် ကိုယ်ပိုင်စက်ရုံရှိသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည်လည်း လက်နက်စက်ရုံတရုံ ရှိသည်။ ယင်း စက်ရုံနှစ်ရုံလုံးအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူရသည်မှာ လွယ်သည်။ သို့သော် MNLA အတွက်မူ လက်နက်ထုတ်ရန် ကုန်ကြမ်းမှာ ထိုင်းကနေ လာဖို့ မလွယ်ကူပေ။ MNLA သည် မြန်မာနိုင်ငံတောင်ပိုင်း၊ မွန်ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ရေးထိုးထားခြင်းမရှိသေးဘဲ မြန်မာ့တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့က လက်မှတ်ထိုးရန်အတွက် ဖိအားပေးလျက် ရှိနေသည်။ လက်မှတ်ထိုး မထိုး ဆုံးဖြတ်ရာ၌ MNLA ခေါင်းဆောင်များအတွက် စစ်နှင့် ငြိမ်းချမ်းရေး စရိတ်က ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ MNLA ဌာနချုပ်တွင် ၂ ရက်ကြာ ကျင်းပသည့် အစားအသောက် လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မွန်အဆိုတော်အဖွဲ့အား စစ်အသုံးစရိတ် ကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် နိုင်လယီကကောင်းက ညည်းညူပြောဆိုခဲ့သည်။ “စစ်တပွဲတိုက်ဖို့ ဘယ်လောက်ကုန်ကျဦးမလဲဆိုတာ ခင်ဗျားတို့ တွေးကြည့်နိုင်ပါတယ်” ဟု သူက ဧည့်သည်တဦးကို ပြောပြသည်။ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်သည့် မွန်ပြည်သစ်ပါတီခေါင်းဆောင်အချို့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ NCA လက်မှတ်ထိုးရန် ရေးမြို့နယ်တွင် ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်က မွန်ပြည်သစ်ပါတီကို လက်မှတ်ထိုးစေချင်နေသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် NCA ပေါ် အခြေခံပြီး ငြိမ်းချမ်းရေးဆောင်ရွက်သွားရန် အာသီသရှိနေကြောင်း ပါတီဥက္ကဋ္ဌနိုင်ထောမွန်က ပြောသည်။ သို့သော် မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွင် ပါဝင်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ မဟာမိတ်အနေဖြင့် မိမိတို့ပါတီတခုတည်းက အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးလိုက်၍ မဖြစ်ဘဲ UNFC သဘောတူညီချက်အတိုင်း ၎င်းတွင် ပါဝင်သည့် အဖွဲ့အစည်း အားလုံး ပူးပေါင်းပါဝင်မှသာ ထိုးနိုင်မည်ဖြစ်သည်။ “အဲဒီကောင်စီမှာ ပါဝင်ပြီးဖြစ်တဲ့အတွက် ကျနော်တို့ တဖွဲ့တည်းသဘောနဲ့ လက်မှတ်ထိုးဖို့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းအတွေနဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ကျနော်တို့ အားလုံး သဘောတူတဲ့အချိန်ကျမှ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်” ဟု နိုင်ထောမွန်က ဆိုသည်။ ဖက်ဒရယ်မူမှ ဒီမိုကရေစီသို့ ဟူသော ငြိမ်းချမ်းဖြစ်စဉ်ကို လိုလားကြောင်း UNFC က ပြောကြားထားသည်။ မြန်မာ့တပ်မတော်က ယင်းကို သဘောတူလေ့ရှိသော်လည်း ပြီးခဲ့သည့်လက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် နိုင်ငံရေးညှိနှိုင်းမှု ကိုယ်စားလှယ်ဖြစ်သည့် UNFC ကိုယ်စားပြုအဖွဲ့နှင့် တွေ့ဆုံ စည်းဝေးရာတွင်မူ “ဒီမိုကရေစီမှ ဖက်ဒရယ်မူသို့” ဟူ၍ ပြောင်းလဲလိုက်ပြန်သည်။ ယင်းသို့ ကျယ်ပြောသည့် အပြောင်းအလဲကို ကြည့်ပြီး NLD ကို တပ်မတော်က အမှတ်မပေးချင်၍ NCA တွင် UNFC ပါဝင် လက်မှတ်ရေးထိုးရေးကို တပ်မတော်က မလိုလားပုံရသည်ဟု နိုင်ထောမွန်က ယုံကြည်သည်။ “သူတို့ သဘောမတူတာကို ကျနော်တို့ကြည့်ရတာတော့ သူတို့က ကျနော်တို့ကို လက်မှတ်မထိုးစေချင်ဘူး။ သူတို့က ကိုယ်ပိုင်အနေနဲ့ အမှတ်ယူချင်တယ်။ NLD ကို အမှတ်ရ မသွားစေချင်တဲ့သဘော” ဟု သူက ပြောသည်။ ဒေါက်တာအေးဇံကမူ မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းလျက် ရှိသည်။ လက်မှတ်ရေးထိုးပြီး မွန်ပြည်သစ်ပါတီအနေဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် NLD အစိုးရနှင့် နီးကပ်စွာ ဆောင်ရွက်သွားနိုင်မည်ဟု ဆိုသည်။ လမ်းဖောက်ပြီး မျှားခြင်း မွန်ဒေသဖွံ့ဖြိုးစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း လမ်းတံတားများ တည်ဆောက်မှု စတင်ခဲ့သည်။ မည်သို့ပင်ဆိုစေ မွန်ပြည်သစ်ပါတီဌာနချုပ်သို့ သွားသည့် လမ်းဟောင်းမှာ ကျောက်ခင်းပြီးဖြစ်သော်လည်း ဘိလပ်မြေ၊ ကွန်ကရစ်များ သွန်းလောင်းနိုင်ခြင်း မရှိသေးပေ။ ယင်းလမ်းတလျှောက်နေထိုင်သည့် ဒေသခံမွန်တိုင်းရင်းသားများက ဆင်ခြေတက်ကြသည်။ အာဏာပိုင်များကမူ မွန်ပြည်သစ်ပါတီ NCA တွင် လက်မှတ်ရေးထိုးလျှင် ပိုမိုကောင်းမွန်သည့် လမ်းရမည်ဟု ဒေသခံများကို ပြောသည်။ “မွန်ပြည်သစ်ပါတီက ဒီနေ့လက်မှတ်ထိုး နောက်နေ့ သူတို့ လမ်းလာခင်းမှာပဲ” ဟု မွန်ပြည်သစ်ပါတီဝင် နိုင်ချမ်းက ဆိုသည်။ အပြီးမသတ်ရသေးသည့် လမ်းကြောင့် သွားရေးလာရေး ခက်ခဲနေဆဲဖြစ်သည်။ “တခါတရံတော့ သူတို့လမ်း လာပြင်ပါတယ်။ ဒါပေမယ့် တနှစ်နေလို့ ပြင်တာ ခင်းတာက နည်းနည်းလေးပဲ” ဟု နိုင်ချမ်းက ပြောသည်။ “ဒါ နိုင်ငံရေးပဲ။ ဒါပေမယ့် ဒေသခံတွေကတော့ အဲဒါကို နားမလည်ကြဘူး။ သူတို့က လမ်းကောင်းကောင်းပေါ် သွားချင်တယ်။ အဲဒါကြောင့် မွန်ပြည်သစ်ကို NCA လက်မှတ် ထိုးစေချင်နေကြတယ်” ဟု သူက ပြောပြသည်။ စစ်သင်တန်းပေးခြင်း MNLA လူသစ်စုခြင်းနှင့် စစ်သင်တန်းပေးခြင်းတို့ကို မြန်မာ့တပ်မတော်က မလိုလားချေ။ MNLA စစ်သင်တန်းများ ရပ်တန့်စေရန် အားထုတ်ခဲ့သော်လည်း အချည်းနှီးပင်။ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်အတွင်း တပ်မတော် ထိန်းချုပ်ထားသည့်ဧရိယာနှင့် နီးကပ်စွာ MNLA က စစ်သင်တန်းပေးတတ်သည်။ ယင်းစစ်သင်တန်းများကို မြန်မာ့တပ်မတော်က သိရှိပြီး ရပ်တန့်ပစ်ရန် ကြိုးစားတိုင်း နှစ်ဘက် တင်းမာမှုများ မြင့်တက်လာလေ့ရှိသည်။ MNLA က နောက်ဆုံးစစ်သင်တန်းကို ယင်းဧရိယာများနှင့် ဝေးကွာလျက် ထပ်မံတင်းမာမှု မဖြစ်စေရေးရှောင်ရှားကာ ဌာနချုပ်တွင်သာ ပြုလုပ်လျက် ရှိသည်။ ယင်းသင်တန်းသို့ တပ်သား ၁၅၁ ဦးတက်ရောက်လျက်ရှိပြီး အမျိုးသမီးအင်အား ဆယ်ဂဏန်းမျှ ပါဝင်သည်။ နှစ်လခွဲကြာမြင့်သည့် ယင်းစစ်သင်တန်းသည် ယခုရက်သတ္တပတ်အတွင်း ပြီးဆုံးမည် ဖြစ်သည်။ တပ်သား အများစုမှာ ငယ်ရွယ်ကြကာ မွန်ပြည်နယ်တဝိုက်မှ ရောက်ရှိလာကြသူများဖြစ်ပြီး အချို့က ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူများဖြစ်သည်။ MNLA က စစ်သင်တန်းပေါင်း အပတ်စဉ် ၁၀၀ အထိ ပေးခဲ့ပြီးပြီဖြစ်သော်လည်း ယခုတကြိမ်တွင် ခြားနားသွားပြီဖြစ်သည်။ ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တက်လာသည့် ၎င်းတပ်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် စားနပ်ရိက္ခာ လှိုင်လှိုင်လှူဒါန်းရေးကို ဆွဲဆောင်ထားသည်။ နိုင်ငံရပ်ခြားတွင် နေထိုင်သည့် မွန်အမျိုးသားများကလည်း ငွေများ ပို့ပေးသည်။ မွန်ဂီတသမားအချို့ကလည်း တပ်သားများကို ဖျော်ဖြေရန် ရောက်ရှိလာကြပြီး အတူတူ သီချင်းများ ဆိုကြ၊ ကကြသည်။ “ကျနော်တို့ကို လာထောက်ပံ့ကြတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ တကယ်တော့ ဒီလိုဖြစ်သင့်တာ ကြာပါပြီ” ဟု နိုင်ထောမွန်က ဆိုသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော လဝီဝမ်၏ Mon Army Reassessing Costs of War and Peace ကို ဘာသာပြန်သည်) The post စစ်နှင့် ငြိမ်းချမ်းရေး စရိတ် မွန်တပ်ဖွဲ့ ပြန်သုံးသပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2BAd8TU
via IFTTT
No comments:
Post a Comment