အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် မိုးထိမိုးမိ ရွှေတူးသူများ တောင်းဆို ရွှေတွင်းလုပ်ကွက်များ ရပ်ဆိုင်းထားရန် ညွှန်ကြားခြင်းကြောင့် ရွှေလုပ်သားများ စားဝတ်နေရေး ကြပ်တည်းရသည့်အတွက် သတ္တုတွင်းလုပ်ငန်းနှင့် ညှိနှိုင်းဆွေးနွေးလိုကြောင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတွင်းတူးဖော်သူများက ပြောသည်။ မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် ရရှိထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဦးဆောင်ကာ ကြာသပတေးနေ့က ရွှေလုပ်သား ၄၀၀ ကျော်သည် ရမည်းသင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ “ကျနော်တို့ ရွှေသွင်းဖို့ ကျန်လို့ ဆက်မတူးပဲ ရပ်ထားဖို့ ပြောတယ်။ ဒါပေမယ့် သူတို့ သတ်မှတ်ထားသလို ရွှေက ထွက်တာ မဟုတ်တော့ အဲ့ဒီပမာဏအတိုင်း ကျနော်တို့က မသွင်းနိုင်ဘူး။ ဒါကို သူတို့လည်း သိတာပဲ။ အမှန်က စာထုတ်ပြီး မရပ်ခိုင်းခင် ကျနော်တို့နဲ့ အရင် ညှိနှိုင်းဆွေးနွေးတာ လုပ်သင့်တာပေါ့နော်။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးပေးဖို့ ကျနော်တို့ ဆန္ဒ ထုတ်ဖော် တောင်းဆိုရတာပါ” ဟု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်က ပြောသည်။ မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် ရရှိထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် နိုင်ငံတော်သို့ ရွှေပိဿာချိန် ၁၆၀ ပေးသွင်းရန် ကျန်ရှိနေခြင်းကြောင့် ရွှေတူးဖော်ခြင်းကို နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ဆိုင်းငံ့ထားရန် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။ “ခုကျတော့ ဘယ်အချိန်ထိမှန်း ဘယ်လောက်ကြာဆိုင်းထားရမယ်မှန်း မသိတော့ ကျနော်တို့ အလုပ်သမားတွေ စားဝတ်နေရေး အခက်ခဲတွေ ဖြစ်လာမယ်။ ပြီးတော့ ရွှေတွင်းဆိုတာမျိုးက အချိန်အကြာကြီး ရပ်ထားရင် နောင်ပြန်လုပ်တဲ့အခါကျ အခက်ခဲတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။ အဆိုပါ မိုးထိမိုးမိဒေသတွင် ရွှေတွင်းလုပ်ကွက် ၂ ခုရှိပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအပြင် အခြားလုပ်ကွက်တခုနှင့် ရှမ်းပြည်နယ်အတွင်းရှိ လုပ်ကွက်မှ ကုမ္ပဏီသည်လည်း နိုင်ငံတော်သို့ ရွှေပေးသွင်းရန် အကြွေးကျန်နေကြောင်း၊ သို့သော်လည်း အဆိုပါ လုပ်ကွက် လုပ်ခွင့်ရ ကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ ပြုထားပြီးဖြစ်ကြောင်း အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ “အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ကလည်း ကျနော်တို့ ညှိနှိုင်းပြောဆိုတာတွေ လုပ်ဖို့ ပြင်နေပါတယ်။ သူတို့တင်ပြထားသလို ရွှေက သတ်မှတ်ထားသလောက် မထွက်ဘူး ဆိုတာတွေကိုလည်း နားလည်ပါတယ်။ ဒီပြောဆိုဆွေးနွေးနေတဲ့ အတောအတွင်း ရွှေတူးဖော်ခွင့်ကို ခေတ္တဆိုင်းငံ့ထားခိုင်းတာပါ” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်မှစတင်၍ မိုးထိမိုးမိဒေသတွင် ပုတ်ပြတ်စနစ်ဖြင့် ရွှေတူးဖော်ခွင့် ရရှိထားသည်ဟု သိရသည်။ ထိုစဉ်က ရွှေတူးဖော်ခွင့်အတွက် သတ္တုတွင်းနှင့် သယံဇာတ ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ပါ သတ်မှတ်နှုန်းထားများအတိုင်း နိုင်ငံတော်သို့ ထွက်ရှိသည့် ရွှေပမာဏ နှုန်းထားအလိုက် ပေးသွင်းရမည်ဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့် အတိုင်း မပေးသွင်းနိုင်ခဲ့၍ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် သတ္တုတွင်းလုပ်ငန်းမှ စာချုပ်ပါနှုန်းထားများကို ဖြေလျော့ပေးခဲ့ရဖူးသည်ဟု သတ္တုတွင်းလုပ်ငန်းမှ သိရသည်။ အဆိုပါ ကုမ္ပဏီသည် ယခု ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြီးခဲ့သည့် ဂျူလိုင်လအထိ နိုင်ငံတော်သို့ ရွှေပိဿာ ၁၆၀ ကျော် ပေးသွင်းရန် အကြွေးကျန်ရှိနေသည်ဟု သတ္တုတွင်းလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ နိုင်ငံတွင်း ရွှေတူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူလုပ်ဆောင်မည့် စာချုပ်စာတမ်းများကို ချုပ်ဆိုရပြီး ရွှေထွက်ရှိမှုအပေါ် မူတည်၍ စာချုပ်ပါ ပေးသွင်းရန်နှုန်းထားများအတိုင်း ရွှေတူးလုပ်ငန်းလုပ်ကိုင်သူက ပေးဆောင်ရသည်။ အကယ်၍ သတ်မှတ်သည့်အတိုင်း၊ သတ်မှတ်ချိန်အတွင်း ပေးဆောင်နိုင်ခြင်း မရှိပါက ရွှေတူးဖော်ခွင့်ကို ဆိုင်းငံ့ခြင်းအပြင် ရွှေတူးဖော်ခွင့်ကို လုံးဝ ပိတ်ပင်ခြင်း၊ တရားစွဲဆိုခြင်းများဖြင့် အရေးယူခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။ The post အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် မိုးထိမိုးမိ ရွှေတူးသူများ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2ANNbUq
via IFTTT
No comments:
Post a Comment