Saturday, December 2, 2017


စစ်ရှောင်ဒုက္ခသည်တွေရဲ့ မြေယာ သိမ်းဆည်းခံနေရသလား မြစ်ကြီးနား- ဗန်းမော် ကားလမ်းတလျှောက်က ပျက်စီးနေတဲ့ အိမ်တွေ အနား ရောက်တဲ့ အခါ ကားခဏရပ်ပေးပါလို့ ကားသမားကို ပြောလိုက်တဲ့အခါ စကားများများ ပြောနေတဲ့ သူ့မျက်နှာက ချက်ချင်းဆိုသလို သိပ်အလိုမကျတဲ့ မျက်နှာထား ဖြစ်သွားပါတယ်။ ကားရှေ့မှန်ထဲကနေ နောက်ခန်းကို လှမ်းကြည့်ပြီးနောက်မှာတော့ ကားဆရာက “လမ်းတလျှောက်က ဒီအိမ်အပျက်တွေ ကြားထဲမှာ စစ်သားတွေ ကင်းပုန်းဝပ်နေတတ်တယ်။ ဒီနေရာက ဖုန်းလိုင်းလည်း မိတာ မဟုတ်ဘူး။ ကျနော် မရပ်ပဲ အရှိန်လျှော့ပေးမယ်”လို့ ပြောပါတယ်။ ဒီကားလမ်းမတလျှောက်မှာ သွားလာနေကြတဲ့ ကားတွေက အရှိန်ပြင်းပြင်းနဲ့ မောင်းကြပြီး လမ်းတဝက်ရောက်လို့ ထမင်းစားနားရမယ့် နေရာ၊ တပ်မတော်သားတွေ စောင့်ကြပ်နေတဲ့ စစ်ဆေး ခံရမယ့် ဂိတ်နေရာ မဟုတ်ရင် လုံးဝ မရပ်ကြပါဘူး။ ကားလမ်းမတလျှောက် ဘေးတဖက်တချက်စီမှာတော့ အမှတ်တမဲ့ကြည့်ရင် စိမ်းစိုစိုသစ်ပင်ပုတွေ၊ ခြုံနွယ်တွေ၊ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီးတွေနဲ့ တောအုပ်ငယ်လို ဖြစ်နေတဲ့ အစိမ်းရောင် မြင်ကွင်းက အမြင် အေးချမ်းစေပေမယ့် ခြုံနွယ်တွေ ကြားကို သေသေချာချာ ကြည့်လိုက်ရင်တော့ တပိုင်း တစ မြင်ရတဲ့ အိမ်ခေါင်မိုးတွေ ပျက်စီးနေတဲ့ အိမ်တိုင်တွေကတော့ စိတ်မသက်သာစရာ မြင်ကွင်း တွေပါ။ တချို့လမ်းပိုင်းတွေမှာတော့ သေနတ်လွယ်ပြီး စစ်ယူနီဖောင်းဝတ်ထားတဲ့ တပ်မတော်၊ တပ်ဖွဲ့ဝင်တွေ လမ်းလျှောက်နေတာ တွေ့ရသလို အချို့အိမ်ပျက်တွေထဲမှာလည်း စစ်သားအချို့ ရှိနေတာကို တွေ့ခဲ့ရ ပါတယ်။ ခြုံနွယ်တွေနဲ့ သစ်ပင်ကြီးတွေ ကြားထဲမှာ ပျက်စီးနေတဲ့ ထရံကာ သစ်သားနှစ်ထပ်အိမ်လေးတွေ ခိုင်ခိုင် ခံ့ခံ့ရှိ နေသေးတဲ့ တိုက်အိမ်ကြီးတွေ၊ တထပ်တိုက်ပုတွေ ရှိနေတဲ့ လမ်းဘေးတလျှောက်ဟာ ၂၀၁၂ ခုနှစ် မတိုင်မီက စည်စည်ကားကား ရှိခဲ့တဲ့ ကချင်ကျေးရွာတွေဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ရွာ ၁၀ ရွာကျော်လောက် ရှိပြီး မြင်တွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်အချို့မှာတော့ နမ့်ဆန်ယန်၊ မလန်းယန်၊ ဒဘတ်ယန်၊ ဂါရာယန်နဲ့ ဒိန်ဂါယန် ကျေးရွာဆိုပြီး ရေးထားပါတယ်။ ဝိုင်းမော်မြို့နယ်က နှစ်ခြင်းဘုရားကျောင်းတခုမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ဒေါ်ရွယ်ဂျာက “ကျမက နမ်ဆန်ယန်ကလေ။ ကျမအိမ်နေရာက အခုဆို သစ်ပင်အကြီးကြီးတွေတောင် ပေါက်နေပြီ။ ကျမတို့လည်း အိမ်ပြန်ချင်တာပေါ့။ ဘယ်သူကများ စစ်ရှောင်စခန်းမှာနေချင်မလဲ။ ဒါပေမယ့် စစ်ကြောင်းတွေရှိနေတော့ လုံးဝပြန်လို့ မဖြစ်ပါဘူး”လို့ ပြောပါတယ်။ ဒေါ်ရွယ်ဂျာက အိမ်ကို ပြန်ချင်နေတာ သူတယောက်တည်း မဟုတ်ဘူးလို့လည်း ပြောပါတယ်။ သူ့လိုပဲ ဘဝတူတွေဖြစ်တဲ့ ကချင်ပြည်နယ်ထဲက နေရာအသီးသီးမှာ စစ်ဘေးရှောင်ဒုက္ခသည် ဖြစ်နေကြတဲ့ လူဦးရေ တသိန်းကျော် ကလည်း သူတို့ အိမ်တွေကို ပြန်ချင်နေကြမှာပဲလို့ သူက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တုန်းက မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်က ကျေးရွာတွေ စစ်ဘေးဒဏ်သင့်ခဲ့တာကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး ခဲ့ရတာပါ။ စစ်ရေးအခြေအနေ မငြိမ်သက်မှုတွေအပြင် တပ်မတော် စစ်ကြောင်း တွေက မြစ်ကြီးနား- ဗန်းမော် လမ်း တလျှောက်မှာ စခန်းတွေချကာ စစ်ကြောင်းတွေ လှည့်ပြီး လုံခြုံရေး ယူထားတာတွေကြောင့် ထွက်ပြေး သွားတဲ့ ဒေသခံတွေဟာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်သေးဘဲ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့က စစ်ဘေးရှောင် စခန်းတွေ ဆွေမျိုးနီးစပ်အိမ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည် အနေနဲ့ ခိုလှုံနေကြရဆဲပါ။ ဧရာဝတီက စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ တွေ့ဆုံမေးမြန်းဖြစ်တဲ့ စစ်ဘေးရှောင်ဒုက္ခသည် တွေ၊ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စစ်ရှောင်တွေကို ကူညီနေတဲ့ ဘာသာရေးဆရာတွေက မြစ်ကြီးနား – ဗန်းမော် ကားလမ်းတလျှောက်က စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ မြေနေရာတွေကို မြေလွတ်မြေရိုင်း ဆိုပြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ငှက်ပျော၊ ရာဘာ နဲ့ သီးနှံပင်တွေ စိုက်တာ လုပ်ကိုင်နေတယ်လို့ ပြောပြ ကြပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က “ပိုင်ရှင်မသိပဲနဲ့ မြေလွတ်မြေရိုင်းဆိုပြီးတော့ အကွက်ချပြီး လုပ်တာတွေ ရှိတယ်။ လုပ်ငန်းတွေ ဝင်တာတွေ ငှက်ပျောခြံတွေ လုပ်တာတွေ ရှိတယ်။ ဒီလိုဖြစ်နေတာ မှန်ပါတယ်။ ကျနော်တို့ဆီမှာတော့ စာရင်းတွေ မရှိသေးပါဘူး။ ဂါရာယန်၊ နမ့်ဆန်ယန် ၊ ဗန်းမော်သွားတဲ့ ဘက်တွေမှာ ဖြစ်နေတာပါ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၂၅ ရက်ကလည်း KIO ဗဟိုကော်မတီက သဘောထား ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ပြီး စာထဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ခေတ္တစွန့်ခွာခဲ့ရတဲ့ အိုးအိမ်ခြံမြေ၊ လယ်ယာမြေများနဲ့ ဒေသခံ အများပိုင် သစ်တောတွေ မြေတွေကို ကုမ္ပဏီများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက သိမ်းယူခြင်းနဲ့ ဖျက်ဆီးခြင်းတွေ မပြုလုပ်ကြဖို့ အသိပေးတယ်ဆိုပြီး ရေးသားထားပါတယ်။ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူက စစ်ဘေးရှောင်ဒုက္ခသည်တွေက သူတို့ မြေတွေကို ကုမ္ပဏီတွေနဲ့ စီးပွားရေးသမားတွေက သိမ်းယူနေတယ်ဆိုပြီး တိုင်တန်း အကူအညီတောင်း လာတာကြောင့် ဗဟိုကော်မတီက စာထုတ်ပြန်ရတာလို့ ဧရာဝတီကို ပြောပါတယ်။ သူရရှိထားတဲ့ သတင်းတွေအရ မြစ်ကြီးနား -ဗန်းမော်- လွယ်ဂျယ် လမ်းတလျှောက်မှာ ရှိတဲ့ စစ်ဘေးရှောင် တွေ ခေတ္တစွန့်ခွာခဲ့တဲ့ အိမ်ခြံမြေ၊ လယ်ယာမြေတွေကို ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းရှင်တွေက မြေလွတ် မြေရိုင်းဆိုပြီး အစိုးရထံမှာ လုပ်ပိုင်ခွင့်တွေ တောင်းနေတယ်လို့ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “ပြည်သူလူထုရဲ့မြေတွေ ဆုံးရှုံးမှာကို ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ လုပ်သင့်တာကို အားလုံး လုပ်မှာ ဖြစ်တယ်။ ဆိုလိုတာက သက်ဆိုင်ရာ အစိုးရကို တင်ပြပြီး ညှိနိုင်တဲ့ နေရာမှာ ညှိပေးဖို့လည်း အစီအစဉ် ရှိပါတယ်။ အဲဒါနဲ့ မရဘူးဆိုရင်တော့ တခြားနည်းလမ်းတွေ လုပ်သင့်တာတွေကို အကုန်လုပ်ဖို့ ကျနော်တို့ ဆီမှာ တာဝန်ရှိပါတယ်” လို့လည်း ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အစိုးရဆီမှာ မြေလွတ် မြေရိုင်း လုပ်ကိုင်ခွင့် အဖြစ် တောင်းခံ ထားတဲ့ မှတ်တမ်းမှတ်ရာများနဲ့ ပတ်သက်ပြီးတော့ ဒုဗိုလ်မှူးကြီး နော်ဘူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က အပြင်ကို ပေါက်ကြားလာတဲ့ ၂၀၁၃-၁၄ ခုနှစ်၊ မြေစာရင်းဦးစီးဌာန၊ ဝိုင်းမော်မြို့နယ်ရဲ့ စာရင်းဇယားမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ဒေသခံတွေရဲ့ မြေနေရာတွေဟာ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ၊ ဗဟို ခွင့်ပြုချက်ဖြင့် ဌာနဆိုင်ရာများရဲ့ နာမည်တွေနဲ့ ပိုင်ဆိုင်နေတာကို တွေ့ရပါတယ်။ ပိုင်ရှင်အမည်ပေါက်နေသူတွေဟာ ၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေအရ ဒေသခံတွေရဲ့ မြေတွေကို မြေလွတ်မြေရိုင်းဆိုပြီး အာမခံကြေး ပေးဆောင်ကာ အစိုးရထံမှာ မြေလုပ်ကိုင်ခွင့်ကို တောင်းခဲ့ကြတာပါ။ စာရင်းဇယားအရ အစိုးရက ဝိုင်းမော်မြို့နယ်တွင်းမှာ မြေဧကပေါင်း ၁၆၉,၄၀၀ ကျော်ကို လုပ်ပိုင်ခွင့် ပေးထားပြီး ဒေသခံတွေက သူတို့ မြေတွေကို ပြန်ပေးဖို့ ဆန္ဒထုတ်ဖော်တာတွေလည်း ၂၀၁၅ ခုနှစ် အတွင်းမှာ ဖြစ်ပွားထားပါတယ်။ အမည်ပေါက်ဖြစ်နေတဲ့ သူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေနဲ့ အစိုးရအရာရှိကြီးတွေ အပြင် KIOက အရာရှိတဦးရဲ့ နာမည်နဲ့ KIO ရုံးနေရာအတွက် မြေဧက ၃၀၀ ကျော် အမည်ပေါက်နေတာလည်း တွေ့ရပါ တယ်။ ယခုကာလမှာ စစ်ဘေးရှောင်တွေရဲ့ မြေတွေကို သိမ်းယူတာတွေ မလုပ်ဖို့ သဘောထား ထုတ်ပြန်ထားတဲ့ KIO ကို ဝိုင်းမော်မြို့နယ်မှာ ဖြစ်ထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ ဒုဗိုလ်မှူးကြီး နော်ဘူ က “ကျနော်တို့ဘက်မှာလည်း စိစစ် နေတုန်း ဖြစ်ပါတယ်။ တကယ်လို့များ ရှိနေရင် အထက်က လူကြီးတွေ လည်း စစ်ရှောင်ပြည်သူလူထုရဲ့ နယ်မြေတွေကို ယူတယ်ဆိုလို့ ရှိရင် ကျနော်တို့ အရေးယူရမှာ ဖြစ်ပါ တယ်။ ကျနော်တို့ အချင်းချင်းလည်း အရေးယူမှာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေ ပြည်သူလူထုတွေရဲ့ အိမ်ခြံမြေ မဟုတ်ပဲ အများပိုင်မြေဖြစ်ဖြစ် ပိုင်ရှင်က မထိန်းသိမ်းနိုင် သေးတာကို မြေလွတ်မြေရိုင်းဆိုပြီး ခေါင်းစဉ်နဲ့ သိမ်းပိုက်တာမျိုးဆိုရင်လည်း KIO အဖွဲ့ဝင် ဖြစ်စေကာမူ အဖွဲ့အစည်းက အရေးယူသွားမှာပါလို့ ဒုဗိုလ်မှူးကြီးနော်ဘူက ထပ်လောင်း ပြောဆိုပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေမှာ မြေလွတ် ၊ မြေလပ်ဆိုတာ ယခင်က သီးစားလုပ်ကိုင်ခဲ့ ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားလို့ လုပ်ကိုင်နေသူ မရှိဘဲ စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ် ကိုင် နိုင်တဲ့ မြေ၊ နိုင်ငံတော်က သီးသန့်လျာထား သတ်မှတ်ထားတဲ့ မြေတွေကို ခေါ်ဆိုတာလို့ ပြဌာန်းထား ပါတယ်။ မြေရိုင်းဆိုတာကလည်း သစ်ပင်၊ ဝါးပင်ခြုံနွယ် ပေါက်ပေါက်၊ မပေါက်ပေါက် ပထဝီမြေ အနေအထား အရ မြေမျက်နှာပြင် ညီညီ၊ မညီညီ တကြိမ်မျှ စိုက်ပျိုးရေး မလုပ်ထားတဲ့ မြေအသစ်တွေကို မြေရိုင်းနဲ့ တောရိုင်းမြေတွေလို့ သတ်မှတ်ကြောင်း ပြဌာန်းထားပါတယ်။ နိုဝင်ဘာ ၂၇ ရက်ကလည်း ရန်ကုန်မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ သီးသန့်တွေ့ခွင့် ရခဲ့တဲ့ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း စာတစောင် ကို ပုပ်ရဟန်းမင်းကြီးလက်ထဲ ပေးခဲ့ပြီး စာထဲမှာ ငြိမ်းချမ်းရေးအခြေအနေ၊ ကချင်ဒေသက တိုက်ပွဲတွေ အကြောင်း၊ ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ချင်နေ ပေမယ့် မပြန်နိုင်သေးတဲ့အပြင် မြေတွေကိုလည်း သိမ်းခံရတာတွေ ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။ ဒေါက်တာတူးဂျာက “စစ်ပွဲတွေ ရှိနေသေးလို့ သူတို့ ဒေသကို ဘယ်လောက် ပြန်ချင်တယ်ဆိုလည်း ပြန်ခွင့် မရနိုင်သေးဘူး။ အခြေအနေ မပေးသေးဘူး။ အဲဒီလို အခြေအနေမှာတောင် IDPs ရဲ့ နေရာအချို့က သိမ်းပိုက်ခံရတယ်”လို့ ပြောပါတယ်။ ဒေါက်တာတူးဂျာက သူတို့ပါတီအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ မြေတွေကို ကုမ္ပဏီတွေက လုပ်ပိုင်ခွင့် တောင်းယူတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေဆဲ ဖြစ်လို့ နောက်ပိုင်းမှာတော့ အတိအကျ ထုတ်ဖော်ပြောဆိုသွားမှာပါလို့ ဆိုပါတယ်။ အိမ်တွေဆီ ပြန်မလာနိုင်ကြသေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ကြားမှာလည်း သူတို့ မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေက သိမ်းယူနေတယ်၊ အစိုးရကလည်း ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် တွေ ပေးနေတယ်ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့နေပါတယ်။ မြစ်ကြီးနား – ဗန်းမော် – လွယ်ဂျယ် လမ်းတလျှောက်က ကျေးရွာတွေမှာ စစ်ရေးအခြေအနေ မငြိမ် မသက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုင်ရှင်ဖြစ်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ နေရပ်ကို မပြန်နိုင်ပေမယ့် ရာဘာခြံ၊ ငှက်ပျောခြံ လုပ်ကိုင်နေသူတွေကတော့ ခြံဝန်းတွေ ခတ်ပြီး စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာ လမ်းပိုင်းတချို့မှာ မြင်တွေ့ရပါတယ်။ ဒီနေရာတွေက တိုက်ပွဲတွေ မဖြစ်ခင်တုန်းကတော့ မြစ်ကြီးနား -ဗန်းမော်- လွယ်ဂျယ် လမ်းတလျှောက်လုံးဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ပိုင်ဆိုင်ခဲ့တဲ့ မြေတွေပါ။ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း မြေတွေကို ကုမ္ပဏီတွေက တကယ်ပဲ လုပ်ပိုင်ခွင့်ရဖို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီက တောင်းခံထားတာတွေ ဆက်ရှိနေသေးသလား၊ ခွင့်ပြုထားတာတွေ ရှိသလား ဆိုတာ ကိုတော့ ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါဘူး။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြောခွင့် မရခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းပေမယ့်လည်း ယနေ့ထိ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။ KIA က ဒုဗိုလ်မှူးကြီးနော်ဘူနဲ့ ဒေါက်တာတူးဂျာတို့ကတော့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ စွန့်ခွာခဲ့တဲ့ မြေတွေကို သိမ်းယူမှုတွေ ရှိနေတာက တကယ်ဖြစ်နေတာပါလို့ ပြောနေကြပြီး သူတို့ရထားတဲ့ အချက်အလက်တွေ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုသွားမှာပါလို့လည်း အခိုင်အမာ ပြောဆို နေကြပါတယ်။ မြစ်ကြီးနား -ဗန်းမော် လမ်းတလျှောက်က ပိုင်ရှင်တွေနဲ့ ကင်းကွာနေရတဲ့ အိမ်ခြံမြေတွေကတော့ ခြုံနွယ် တွေ ကြားမှာ ပျောက်ကွယ် လုနီးပါး ဖြစ်နေပါပြီ။ KIA ကလည်း ကချင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် စစ်ဘေး ရှောင် ဒုက္ခသည်တွေက စွန့်ခွာခဲ့ရတဲ့ အိမ်တွေကို မပြန်နိုင်ပဲ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲပါ။ မြစ်ကြီးနား -ဗန်းမော် လမ်းမကြီးရဲ့ ဘေးတွေမှာတော့ သေနတ်တွေကို လွယ်ပြီး ယူနီဖောင်း အပြည့်အစုံနဲ့ တပ်မတော်၊ စစ်ကြောင်းတွေ လမ်းလျှောက်နေကြတာ စခန်းချနေကြတာတွေ တခါတရံမှာ အိမ်အပျက်တွေ ကြားထဲမှာ စစ်သားတွေ ရှိနေတာမျိုး တွေကိုတော့ လမ်းခရီးကို သွားတိုင်း ကားပေါ်က လှမ်းတွေ့ရ တတ်ပါတယ်။ ။ The post စစ်ရှောင်ဒုက္ခသည်တွေရဲ့ မြေယာ သိမ်းဆည်းခံနေရသလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BCNQW1
via IFTTT

No comments:

Post a Comment