စိတ်ဖိစီးမှုကို သက်သာစေမယ့် အချက် ၉ ချက် အမေရိကန် စိတ်ပညာအဖွဲ့အစည်းရဲ့ လေ့လာချက် အသစ် အရ အခုနှစ် အတွင်း အမေရိကန်တွေဟာ စိတ်ဖိစီးမှု အများဆုံး ဝေဒနာကို ခံစားနေရပြီး နိုင်ငံရေး ကဏ္ဍတွေမှာ ပိုပြီး စိတ်ဖိစီးမှုတွေနဲ့ ပူပန်နေကြတယ်လို့ ဆိုပါတယ်။ ဒီတော့ အဆိုပါ ဖိစီးမှုတွေကို သက်သာလျော့နည်းအောင် နေထိုင်သွားဖို့ စိတ်ပညာရှင် အဖွဲ့ကနေ အမေရိကန်ပြည်သူတွေကို လမ်းညွှန်ချက်တွေ ပေးနေတာတွေကို ထပ်ဆင့် မျှဝေလိုက်ပါတယ်။ ဘာကြောင့် စိတ်ဖိစီးမှု ဖြစ်နေတာလဲ အမေရိကန် ပြည်သူတွေဟာ အခုနှစ် အတွင်း စိတ်ဖိစီးမှု အများအပြား ခံစားနေရပြီး စစ်တမ်း အရ အမေရိကန် ပြည်သူ ၆၃ ရာခိုင်နှုန်း လောက်က နိုင်ငံရဲ့ အနာဂါတ်အတွက်နဲ့ ပတ်သတ်ပြီး ပူပန်နေတယ်၊ အထူးသဖြင့် နိုင်ငံရဲ့ စီးပွားရေးနဲ့ အတူ သူတို့ရဲ့ ဝင်ငွေ အတွက် ပူပန်သူ ၆၂ ရာခိုင်နှုန်းနဲ့ အလုပ်အတွက် စိတ်ဖိစီးမှု ၆၁ ရာခိုင်နှုန်းတွေနဲ့ အသီးသီး ပူပန်မှု ရှိနေတယ် လို့ သိရပါတယ်။ အခုနှစ် အတွင်းမှာ စိတ်ဖိစီးမှု ပိုမိုခံစားလာကြတာကို တွေ့ရပါတယ်လို့ ပါမောက္ခ Arthur C. Evans က ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ လက်ရှိ အနေအထား၊ အနာဂါတ်မှာ ဘဏ္ဍာရေး အခြေအနေနဲ့ ပြည်သူတိုင်းက လာမယ့် အနာဂါတ်မှာ သူတို့ရဲ့ ဝင်ငွေနဲ့ အလုပ်အခြေအနေတွေကို ကြိုတွေပြီး ပူပန်နေကြတာ ဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါဟာ နှစ်စဉ် အမေရိကန် စိတ်ပညာရှင် အဖွ့ဲက လေ့လာချက် လုပ်လာခဲ့တဲ့ သက်တမ်းတလျှောက် စိတ်ဖိစီးမှု အများဆုံး ခံစားလာကြတဲ့ နှစ်လည်း ဖြစ်တယ် လို့ ဆိုပါတယ်။ သင် တယောက်တည်း မဟုတ်ပါ ဒီလို စိတ်ဖိစီးမှု ခံစားရခြင်းတွေနဲ့ အတူ စိတ်သက်သာရာ ရဖို့ အတွက်ကို အဲဒီလေ့လာရေးအဖွဲ့က “သင့် အနေနဲ့ တဦး တယောက်တည်း ရပ်တည်ရှင်သန်နေရတာ မဟုတ်ဘဲ လူမျိုး၊ မိသားစု၊ အသင်းအဖွဲ့လိုက် ရှိနေတယ်၊ သင် တယောက်တည်း မဟုတ်ပါ” ဆိုတာ အမြဲလိုလို သတိရနေစေပြီး အထီးကျန်မှု ဒဏ်ကို မခံစားဖို့ လမ်းညွှန်ထားတာ တွေ့ရပါတယ်။ လူ အများစုက စိတ်ဖိစီးမှု ဖြစ်လာပြီ ဆိုရင် စိတ်ကျန်းမာရေးတင် မဟုတ်တော့ပဲ ကိုယ်ကျန်းမာရေးပါ အားနည်းလာတယ်၊ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေလည်း ခံစားရလာနိုင်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန် ပါမောက္ခ John Mayer က ရှင်းပြပါတယ်။ လက်ရှိ အမေရိကန် ပြည်သူတွေဟာ နိုင်ငံ့အရေးနဲ့ ပတ်သတ်ပြီး စိတ်ဖိစီးမှုတွေနဲ့ အတူ ကုသမှု ခံယူသူ မြင့်မားလာ တာ အများဆုံး တွေ့လာရတယ် လို့လည်း သူက ဆက်ပြောပါတယ်။ ဇန်နဝါရီလအတွင်းက စပြီး ၁ နှစ်နီးပါး လုပ်ဆောင်လာတဲ့ လေ့လာချက်တွေ အရလည်း အဆိုပါ နိုင်ငံ့အရေးနဲ့ ပတ်သတ်ပြီး စိတ်ဖိစီးမှု အတွက် ကုသမှု ခံယူသူ ၆၅ ရာခိုင်နှုန်းလောက် ရှိတယ် လို့ ဆိုပါတယ်။ ဒါအပြင် အခြား စိတ်ဖိစီးမှု အတွက် ကုသမှု ခံယူတဲ့ အထဲမှာ တိုးတက်လာမှု တခုက လိင်မတရားမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ အတွက် စိတ်ကုထုံးနဲ့ လာရောက် ကုသသူ ရာခိုင်နှုန်း ၂၀ လောက်ထိ တိုးတက်လာတယ် လို့လည်း ဆိုပါတယ်။ တခုခုလုပ်ပါ တကယ်လို့ သင့် အနေနဲ့ စိတ်ဖိစီးမှု ခံရပြီ ဆိုရင် သင့်ကို စိတ်သက်သာရ ရစေမယ့် တခုခုကို လုပ်ဆောင်ဖို့ လမ်းညွှန်တာလည်း တွေ့ရပါတယ်။ စိတ်မချမ်းသာဘူး၊ နေရတာ အဆင်မပြေဘူး ဆိုရင် မိမိ နှစ်သက်တဲ့ အလုပ်တခုခု လုပ်နေလိုက်တာ အကောင်းဆုံး ပါလို့ Beverly Hills မိသားစု စိတ်ရောဂါပညာရှင် ပါမောက္ခ Fran Walfish က ပြောပါတယ်။ စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပြောဆိုတာပဲ ဖြစ်ဖြစ်၊ ကိုယ်လက် အကျင့်တခုခု အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်သက်သာမှုကို ရရှိစေနိုင်ပါတယ် လို့ သူက ပြောပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဖိစီးနေတယ်၊ နေရ မပျော်ဘူး ဆိုရင် အခြားသူ တယောက်နဲ့ စကား ပြောနေလိုက်တာပဲ ဖြစ်စေ၊ ရောက်နေရာ အရပ်မှာတင် ထ,ပြေးလိုက်တာပဲ ဖြစ်ဖြစ်၊ ဒီလို လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုကို ချက်ချင်း လျော့နည်းသွားစေပါတယ် လို့ ဆိုပါတယ်။ မှတ်တမ်းတွေ ဖတ်ပါ ဟိုအရင်က အဖြစ်အပျက်နဲ့ သမိုင်းကြောင်းတွေကို ဖတ်ရှုနေခြင်းက စာဖတ်ခြင်းတွေထဲမှာ စိတ်ဖိစီးမှု အသက်သာစေဆုံး နည်းလမ်းတခု ဖြစ်တယ်လို့ ဒေါက်တာ မေယာက ဆက်ရှင်းပြပါတယ်။ “သမိုင်းတွေက ကျနော်တို့ ဘယ်လို ရပ်တည်လာနိုင်တယ်၊ အောင်မြင်လာနိုင်တယ် ဆိုတာကို လက်တွေ့ နမူနာတွေ အဖြစ် ပြပေးနေပါတယ်၊ စစ်အေးတိုက်ပွဲကာလတွေ၊ ကျူးဘား အရေးအခင်းလို အချိန်တွေမှှာ နိုင်ငံ အနေနဲ့ ဘယ်လို ဖြေရှင်းအောင်မြင် ရပ်တည်နိုင်ခဲ့တယ် ဆိုတာ ပြန်ဖတ်ပါ။ စိတ်သက်သာရာ ရစေပါတယ်” လို့ ဆိုပါတယ်။ အိပ်ချိန်ပိုပေးပါ ညဘက် အိပ်ရေးဝခြင်းက စိတ်ကို ကြည်လင်စေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပါတယ်။ ရှေ့ပိုင်း ကာလတွေ အတွင်းက အမေရိကန် စိတ်ပညာရှင် အဖွဲ့အစည်းကနေ ထုတ်ပြန်ချက်တွေ အရလည်း အိပ်ရေးဝမှုက စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်တာ သေချာစွာ သိထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အိပ်မပျော်တာတွေ အတွက်ကတော့ ပညာရှင်တွေရဲ့ အကူအညီနဲ့ လမ်းညွှန်ချက် အတိုင်း အိပ်ပျော်အောင် လုပ်ဆောင်သင့်ပြီး အိပ်ချိန်ကို တရက် ၇နာရီ ပြည့်အောင် အိပ်ပေးသင့်တယ် လို့ ဆိုပါတယ်။ ကိုယ့်ဘဝအကြောင်း ကိုယ်တွေးပါ သင့် အနေနဲ့ နိုင်ငံနဲ့၊ အလုပ်နဲ့ ပတ်သတ်တဲ့ သတင်းဆိုးတွေ ကြားရပြီ၊ ဥပမာ ကုမ္ပဏီ ပိတ်သိမ်းတော့မယ် ပေါ့။ သင့်ရဲ့ ပျော်ရွှင်မှုနဲ့ အနာဂါတ်ကို မသေချာ စေချင်တော့ဘူး ဆိုပါတော့၊ အဆိုပါ အလုပ်အကြောင်းကို ဆက်မတွေးတော့ပဲ မိမိရဲ့ ဘဝအကြောင်းကို ပြန်တွေးဖို့ ဒေါက်တာ မေယာက အကြံပေးပါတယ်။ မိသားစု အရေးပဲ ဖြစ်ဖြစ်၊ ချစ်သူနဲ့ ဖြစ်ဖြစ် ပျော်ရွှင်မှု အကြောင်းမျိုးကို တွေးပြီး အလုပ်နဲ့ ပတ်သတ်တဲ့ စိတ်ညစ်စရာကို မေ့ထားနိုင်အောင် ကြိုးစားစေဖို့ပဲ ဖြစ်ပါတယ်။ သတင်းရုပ်သံတွေ၊ လူမှုကွန်ယက်တွေကို ချင့်ချိန်ယုံကြည်ပါ သင့် အနေနဲ့ စိတ်ဖိစီးမှုတွေ များနေမယ် ဆိုရင် သတင်းတွေ လူမှုကွန်ယက်တွေ ကြည့်ရှုနေခြင်းကနေ ခဏ နားနေလိုက်ပါ။ ဒီနေ့ခေတ် လူအများစုက သတင်းတွေလည်း အမြဲကြည့်တယ်၊ Facebook နဲ့ Twitter လို လူမှု ကွန်ရက်စနစ်တွေလည်း အမြဲသုံးတယ်၊ ဒီနေရာမှာ သတင်းတွေက အကြောင်း အရာတွေနဲ့ လူမှု ကွန်ရက်မှာ ပျံ့နှံ့တဲ့ အကြောင်းအရာတွေက အတူတူ လောက်ပါပဲ၊ ဒီနေရာမှာ မိမိ သဘောကျ နှစ်သက်တဲ့ သတင်းက ပြသနာ မရှိပေမယ့် မိမိကို စိတ်ဖိစီးမှု ဖြစ်စေမယ့် သတင်းကတော့ မြင်နေသရွေ့ စိတ်ဖိစီးမှု ဖြစ်လာစေနိုင်ပါတယ်လို့ ဒေါက်တာ ဝဲလ်ဖစ်ရှ်က ပြောပါတယ်။ ဒီတော့ စိတ်ညစ်နေတယ် ဆိုရင် လူမှု ကွန်ရက်တွေကို လိုအပ်မှ ဝင်ပါ၊ ဖြစ်နိုင်ရင် ခဏ မသုံးဘဲ နေလိုက်ပါ။ မိမိ မြင်ထား၊ ဖတ်ထားသမျှဟာ ဦးနှောက်မှာ အမြဲရှိနေပြီး စိတ်ကို ဖိအား ဖြစ်စေလို့ စိတ်ညစ်နေချိန်တွေမှာ သတင်းကြည့်တာ တွေ၊ လူမှု ကွန်ရက်သုံးတာတွေ ခဏ နားထားပါလို့ အကြံပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ လူဟာ ကျန်းမာရေး ချို့တဲ့ဖို့ ပိုပြီး လွယ်ကူပါတယ်။ ဒီအတွက် စိတ်ဖိစီးမှု ရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရိုစိုက်ဖို့ လိုအပ်ပြီး မူးယစ်ဆေး၊ အရက်၊ အစားများခြင်း၊ လိင်မှုရေးရာ၊ လောင်းကစားတွေဟာ စိတ်ဖိစီးမှုနဲ့တော့ တိုက်ရိုက် မသက်ဆိုင် ပေမယ့် စိတ်ထွက်ပေါက် အနေနဲ့ပဲ ဖြစ်ဖြစ်၊ အကျင့်အရပဲ ဖြစ်ဖြစ် လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးကိုတော့ မေ့ထားလို့ မရဘဲ အခြား စိတ်ထွက်ပေါက်တွေ လုပ်ဆောင်နေသည့် တိုင်အောင် ကျန်းမာအောင် နေထိုင်သွားဖို့တော့ လိုအပ်ပါတယ် လို့ ဒေါက်တာ ဝဲလ်ဖစ်ရှ်က ဆက်ပြောပါတယ်။ ငါဘယ်လောက် စားပြီးပြီ၊ သောက်ပြီးပြီ၊ လှုပ်ရှားပြီးပြီ၊ ဘယ်လောက် အနားယူရမယ် ဆိုတာတွေ မမေ့ပါနဲ့၊ ကျန်းမာအောင် နေထိုင်ဖို့က အဓိကပါလို့ ဆိုပါတယ်။ အကူအညီရယူပါ သင့်ရဲ့ စိတ်ဖိစီးမှု အနေအထားကို ကိုယ်တိုင် ထိန်းချုပ်နိုင်သလား စဉ်းစားပါ၊ တကယ်လို့ အဆင်မပြေဘူး ဆိုရင်တော့ ကုထုံး ပညာရှင်ရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။ စိတ်ဝေဒနာခံစားနေရသူ တစ်ဦး အနေနဲ့ စိတ်ဖိစီးမှုကလည်း ရုန်းမထွက်နိုင်ရင် အဆိုပါ စိတ်ဝေဒနာထဲမှာပဲ သံသရာ လည်ပြီး အမြဲ စိတ်ညစ်နေတတ်ပါတယ်၊ အကောင်းဆုံး စိတ်ကုထုံးကတော့ Cognitive Behavioral Therapy CBT ဖြစ်ပြီး စိတ်ခံစားမှုကို ဖလှယ်ခြင်း ပုံစံနဲ့ စိတ်သက်သာရာ ရစေတဲ့ ကုထုံးဖြစ်တယ် လို့ ဒေါက်တာ ဝဲလ်ဖစ်ရှ်က ဆက်ပြောပါတယ်။ ဒီနည်းလမ်းက စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာ အစပြုခြင်းကိုလည်း အကောင်းဆုံး သက်သာမှု ရှိစေတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ စိတ်ကုထုံးနဲ့ ပညာရှင်ကိုတော့ ရွေးချယ် ကုသမှု ခံယူဖို့ လိုအပ်တယ် လို့လည်း ဆိုပါတယ်။ Ref: www.rd.com The post စိတ်ဖိစီးမှုကို သက်သာစေမယ့် အချက် ၉ ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2ACESaU
via IFTTT
No comments:
Post a Comment