ဒီဇိုင်းဆန်းဆန်းနဲ့ မော်ဒယ်လန်းလန်းတဲ့ Ducati ရဲ့ XDiavel S Iceberg White မော်ဒယ်က ပြည်တွင်း မော်တော်ဆိုင်ကယ် ချစ်သူများ ကြားမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ် Ducati ရဲ့ မော်ဒယ်သစ်ပါ။ သိပ္ပံရုပ်ရှင်ကားတွေထဲမှာ တွေ့ဖူးခဲ့သလို ဒီဇိုင်းက ခေတ်ရှေ့ပြေးပုံစံနဲ့ ဖန်တီးထားပြီး တခြား မော်ဒယ်တွေထက် သိသာပေါ်လွင်ချင်သူတွေ ရွေးချယ်ဖို့ အကောင်းဆုံးမော်ဒယ် ဖြစ်ပါလိမ့်မယ်။ ဒီ 2018 Ducati XDiavel S Iceberg White က ၂၀၁၈ ခုနှစ် မော်ဒယ် အနေနဲ့ အခုဒီဇင်ဘာမှာ စတင် ရောင်းချနေပြီ ဖြစ်ပြီး နိုင်ငံတကာ ဈေးနှုန်းကတော့ ဒေါ်လာ ၂၈၁၀၀ (မြန်မာငွေကျပ်- ၃၆ သိန်း ၅ သောင်း ၃ ထောင်) ဖြစ်ပါတယ်။ မော်ဒယ်ကို ဆိုင်ကယ်နဲ့ အပျော်ခရီး ထွက်ချင်သူတွေ အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတယ် လို့ ဆိုပြီး ခရီးဝေး မောင်းနှင်နိုင်မှု စွမ်းရည်ကောင်းမွန်အောင် ဦးစားပေး ထုတ်လုပ်ထားတယ်တာ ဖြစ်ပါတယ်။ ဝန် တင်ဆောင်နိုင်တယ်၊ လမ်းကြမ်းပိုင်းလည်း ရတယ်၊ တောင်တက်လမ်းတွေက အစ အားလုံးကို စိတ်ကြိုက် မောင်းနှင်နိုင်တယ်။ ထူးခြားချက်က Iceberg ဆိုတဲ့ အတိုင်း မော်ဒယ်ကို အရောင် တမျိုးတည်းပဲ ထုတ်လုပ် ရောင်းချတာ ဖြစ်ပါတယ်။ အင်ဂျင်က နှစ်လုံးထိုး အင်ဂျင်စနစ် ဖြစ်ပြီး ၁၂၅၀ စီစီသုံး အရွယ်ပါ။ ပြည်တွင်းမှာ လူကြိုက်များ အိမ်စီးကား တွေရဲ့ အင်ဂျင်နဲ့ အရွယ်တူပဲ ဖြစ်ပါတယ်။ တချို့သော ၆၆၀ နဲ့ ၁၀၀၀ စီစီ ဝန်းကျင်သုံး ကားတွေနဲ့ စာရင် XDiavel S Iceberg White ရဲ့ အင်ဂျင်က အရွယ်တောင် ပိုကြီးနေပါသေးတယ်။ ဒါပေမယ့် ကားအင်ဂျင်လောက် ရှိလို့ အရမ်းတော့ လေးတယ် မထင်ပါနဲ့၊ စီးနင်းသူ အလေးချိန် မပါပဲ ဆိုင်ကယ်က အလေးချိန် ၄၈၅ ပေါင်ပဲ လေးပါတယ်။ L-twin အင်ဂျင်စနစ်နဲ့ ဖြစ်ပြီး အင်ဂျင်က ရုန်းအား ၉၃ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၅၂ ကောင်အားထိ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီနှုန်းက အင်ဂျင် အရွယ်တူ တပ်ဆင်ထားတဲ့ Sport Sedan ကားတိုင်းမှာတောင် မရှိတဲ့ စွမ်းအင်ထွက်ရှိနှုန်း ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အား တမိနစ် အပတ်ရေ ၅၀၀၀ ဖြစ်ပြီး အမြင့်ဆုံး လည်ပတ်နှုန်းကတော့ ၉၅၀၀ ထိ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်လို့ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နှုန်း နည်းနေတာကိုတော့ အပြစ်မပြောချင်ပါဘူး၊ ဒါပေမယ့် ဖြစ်သင့်တာကတော့ အင်ဂျင်က တမိနစ် အပတ်ရေ ၁၀၀၀၀ လောက်တော့ အနည်းဆုံး ရှိသင့်ပါတယ်။ Exhaust က Single ပုံစံ ဖြစ်ပြီးအင်ဂျင်က အထွက်မှာ Double ဖြစ်ပေမယ့် နောက်ဆုံးအထွက်ပိုင်းမှာ Single အဖြစ် ပြန်စုထားပါတယ်။ ၆ ချက်သုံး ဂီယာနဲ့ သွားပြီး Manual ဖြစ်ပါတယ်။ Clutch ပိုင်းမှာ ပုံမှန် လက်နဲ့ ထိန်းချုပ် အသုံးပြုရမှုကို ပေါ့ပါးသွက်လက်အောင် ရည်ရွယ်ပြီးတော့ ဟိုက်ဒရောလစ် ဖိအားပေးစနစ် အကူ ထည့်ထား ပါသေးတယ်။ ဒီစနစ်က သင့် အနေနဲ့ ကလပ် အသုံးပြုရမှု အတွက် အားထည့် မောင်းနှင်စရာ လုံး၀ မလိုစေတော့ပါဘူး။ Suspension ပိုင်းမှာရှေ့ဘက်က DLC Fork နဲ့ ဖြစ်ပြီး သူက လမ်းအနေအထား အပေါ် မူတည်ပြီး ချိန်ညှိပေးမယ့် စနစ် ပါရှိပါတယ်။ နောက်ဘက်ကတော့ Single Shock Absorber ကိုပဲ ပင်မအနေနဲ့ ထိုင်ထားပြီး Swingarm တွေ အကူထိုင်ထားသလို သူလည်း လမ်းအနေအထားအလိုက် စိတ်ကြိုက် ချိန်ညှိနိုင်မှာပါ။ တာယာတွေကတော့ အီတလီတာယာတွေပဲ ထည့်ထားပြီး Pirellio တွေ ဖြစ်ကာ အရွယ်အစားက ရှေ့ဘက် 120/70 ZR17 နဲ့ နောက်ဘက်က 240/45 ZR17 တွေပဲ ဖြစ်ပါတယ်။ နောက်ဘီးကို ZR18 အဖြစ် ထားမယ် ဆိုရင် ရုပ်ထွက် ပိုလှလာနိုင်ပေမယ့် ခရီးဝေး မောင်းနှင်မှု အပိုင်းမှာက ကိုုယ်ထည် တည်ငြိမ်မှု အတွက် အခုလို ဘီးအရွယ်တူ တပ်ဆင်ထားခြင်းက ပိုကောင်းလို့ အရွယ်တူပဲ ထည့်ထားတာတွေ့ ရပါတယ်။ မော်ဒယ်က အလျား ၉၀ ဒသမ ၉ လက်မ ရှည်ပါတယ်။ အမြင့် ၄၄ ဒသမ ၆ လက်မ ရှိပြီး မျက်နှာစာ အကျယ် ၃၉ ဒသမ ၈ လက်မ ရှိပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၂၉ ဒသမ ၇၂ လက်မ ရှိပါတယ်။ တပ်ဆင် ဆီတိုင်ကီ က ၁၈ လီတာ (၄ ဒသမ ၇၅ ဂါလံ) ထိ ဆံ့ပါတယ်။ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ စက်သုံးဆီတွေ ထည့်လိုက်မယ် ဆိုရင်တော့ ဆိုင်ကယ်က ၅၄၅ ပေါင်ထိအောင် လေးသွားပါလိမ့်မယ်။ ဘရိတ်တွေ ကတော့ ရှေ့ရောနောက်ပါ Disc တွေပဲ ဖြစ်ပါတယ်။ မော်ဒယ်က အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင် မှုမှာ တနာရီ ကီလိုမီတာ ၁၀၀ အတွက် အချိန် ၆ စက္ကန့် ဝန်းကျင်လောက်ပဲ ယူပြီး တန်းတူ မော်ဒယ်တွေနဲ့ စွမ်းဆောင်ရည် သိပ်မကွာပါဘူး။ ဆီစားနှုန်းက တဂါလံကို မိုင် ၅၀ ကျော် ရမှာပါ။ မြန်မာငွေဈေးနဲ့ ပြန်တွက်ရင် ဈေး နည်းနည်းများ သလို ဖြစ်နေပေမယ့် ဇိမ်ခံလည်းဖြစ်၊ ဒီဇိုင်းလည်းဆန်းဆန်း လိုချင်သူတွေ အတွက် ကတော့ အကောင်းဆုံး ဖြစ်မယ့် မော်ဒယ်ပါပဲ။ ။ Ref: http://ift.tt/2BDnKFU & http://ift.tt/1pXoOYZ The post ဒီဇိုင်းဆန်းဆန်းနဲ့ မော်ဒယ်လန်းလန်းတဲ့ Ducati ရဲ့ XDiavel S Iceberg White appeared first on ဧရာဝတီ.
Source : http://ift.tt/2BDOeXN
via IFTTT
No comments:
Post a Comment