ဩစတြေးလျတွင် ဒေါ်လာသန်း ၇၆၀ တန်ဖိုးရှိသော အကြီးဆုံး မက်သာဖက်တမင်း ဖမ်းဆီးမှုကြီး ပြုလုပ်နိုင်ခဲ့ ဩစတြေးလျနိုင်ငံတွင် ဩစတြေးလျ ဒေါ်လာတစ်ဘီလျံကျော် (အမေရိကန်ဒေါ်လာ သန်း ၇၆၀) တန်ဖိုးရှိသည့် မက်သာဖက်တမင်းဆေးများကို ဖမ်းဆီးမိခဲ့သည်ဟု ရဲများက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်သည် မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်သော ဩစတြေးလျ၌ အကြီးမားဆုံး ဖမ်းဆီးနိုင်မှုကြီးလည်းဖြစ်လာခဲ့သည်။ ice ဟု ယေဘူယျအားဖြင့် ခေါ်ဆိုကြပြီး ခရစ်စတယ်မက်သာဖက်တမင်းများ ၁ ဒသမ ၂ တန်ကို Valkoista အမည်ရသင်္ဘောပေါ်မှာ ချချပြီးချင်းအချိန်၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များကမူ ယင်းသင်္ဘောသည် တရုတ်နိုင်ငံမှလာခြင်းဖြစ်သည်ဟု ယူဆနေကြသည်။ Valkoista သင်္ဘောသည် ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်း Geraldton ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးချင်းအလိုက် ခရစ်စတယ်မက်သာဖက်တမင်းသုံးစွဲမှုတွင် ဩစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်နေသည်။ ထို့ပြင် ဩစတြေးလျနိုင်ငံထဲမှ ပေါက်ဈေးများမှာလည်း မြင့်မားသဖြင့် မူးယစ်ဆေးဝါး မှောင်ခိုသမားများအတွက်ဆွဲဆောင်မှုမှာ ကြီးထွားနေသည်။ ဩစတြေးလျထဲသို့ ရောက်ရှိသည့် ice အများစုသည် တရုတ်နှင့် မြန်မာ၊ လာအို၊ ထိုင်းတို့ဆုံရာ ရွှေတြိဂံဒေသမှဖြစ်ကြသည်။ ယခုဖြစ်စဉ်အတွင်း အမျိုးသားရှစ်ဦးဖမ်းမိခဲ့ပြီး အားလုံးမှာ ဩစတြေးလျနိုင်ငံသားများသာ ဖြစ်ကြသည်။ ၎င်းတို့သည် နယ်စပ်၌ တားမြစ်ထားသောဆေးဝါးများကို စီးပွားဖြစ်ပမာဏဖြင့် တင်ပို့မှု၊ စီးပွားဖြစ်ပမာဏရှိသည့် နယ်စပ်၌ တားမြစ်ထားသောဆေးဝါးများကို လက်ဝယ်ပိုင်ဆိုင်မှုတို့ဖြင့် စွဲချက်တင်ခံထားရပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည်။ ခြောက်လကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ယခုဖမ်းဆီးမှုကြီးဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ice တစ်ဂရမ်ကို အမေရိကန်ဒေါ်လာ ၈၀ ပေးရချိန်တွင် ဩစတြေးလျနိုင်ငံမှ အသုံးပြုသူခန့်မှန်းခြေ ၂၇၀၀၀၀ ခန့်သည် အလားတူပမာဏကို အမေရိကန်ဒေါ်လာ ၅၀၀ ပေးနေရသည်ဟု ၂၀၁၅ ခုနှစ်က ဩစတြေးလျ ရာဇဝတ်မှုကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယခုဖမ်းဆီးမှုမတိုင်မီ အကြီးဆုံး မက်သာဖက်တမင်းဆေးဝါးဖမ်းဆီးမှုမှာ ယခုနှစ်အစောပိုင်းက မဲဘုန်း၌ ၉၀၃ ကီလိုကို ဖမ်းဆီးရမိမှုဖြစ်သည်။ ice ပြုလုပ်ရာတွင် လိုအပ်သည့် ဓာတုပစ္စည်းများ၏ အဓိကရင်းမြစ်များမှာ တရုတ်နှင့် အိန္ဒိယတို့ဖြစ်ကြောင်း ဩစတြေးလျအာဏာပိုင်တို့က ရှာဖွေတွေ့ရှိခဲ့ကြသည်။ သို့သော် ice ဆေးအား အပြီးသတ်ထုတ်လုပ်သည့်နေရာများမှာ တရုတ်နှင့် မြန်မာနိုင်ငံတို့ဖြစ်ကြသည်။
Source : http://ift.tt/2DtCLHw
via IFTTT
No comments:
Post a Comment