Saturday, December 23, 2017

Eleven Media Group

ဆန်ဖရန်စစ္စကိုတွင် ခရစ္စမတ်တိုက်ခိုက်မှု လုပ်ဆောင်ရန် ကြံစည်သည့် မရိန်းဟောင်းအား ဖမ်းဆီးခဲ့ဟု အက်ဖ်ဘီအိုင် ပြောကြား IS အဖွဲ့အား အားကျပြီး ဆန်ဖရန်စစ္စကိုတွင် ခရစ္စမတ်တိုက်ခိုက်မှုပြုလုပ်ရန် ကြိုတင်ကြံစည်နေသည်ဟု သံသယရှိသော အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအား အမေရိကန် ဖက်ဒရယ်အေးဂျင့်များက ဒီဇင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။ ဆွဲကားမောင်းသူ အသက် ၂၆ နှစ်ရှိ Everitt Aaron Jameson သည် ဆန်ဖရန်စစ္စကိုရှိ ခရီးသွားများဖြင့်စည်ကားသော လေညင်းခံ တံတားရှည်အမှတ်-၃၉ ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း အက်ဖ်ဘီအိုင် အထူးအေးဂျင့် ခရစ္စတိုဖာမက်ကင်နေးက တင်သွင်းသော ကျမ်းကျိန်လွှာတစ်ခုတွင် ဖော်ပြခဲ့သည်။ ခရစ္စမတ်သည် တိုက်ခိုက်မှုပြုလုပ်ရန် အကောင်းဆုံးဖြစ်ခြင်းကြောင့် ဒီဇင်ဘာ ၁၈ နှင့် ၂၅ ကြား ယင်းတံတားရှည်သို့ လာရောက်မည့်လူအုပ်ကြီးအား ပစ်မှတ်ထား၍ ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုတိုက်ခိုက်လိုကြောင်း ယင်းသံသယရှိသူက အယောင်ဆောင် အက်ဖ်ဘီအိုင်အေးဂျင့်များကို ပြောကြားခဲ့သည်။ Jameson က သူသည် သေရန် အသင့်ရှိပြီး ထွက်ပြေးရန်လည်း အစီအစဉ်မဆွဲထားကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြခဲ့သည်။ ကယ်လီဖိုးနီးယား၊ မိုဒက်စ်တိုရှိ ၎င်း၏ နေအိမ်အား အက်ဖ်ဘီအိုင်အေးဂျင့်များက ဒီဇင်ဘာ ၂၀ ရက်တွင် စီးနင်းခဲ့ရာ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့်အတူ သံသယရှိသူ၏ သေတမ်းစာကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။ Jameson သည် ၂၀၀၉ ခုနှစ်တွင် မရိန်းတပ်ဖွဲ့၏ အခြေခံသင်တန်းကို တက်ရောက်ခဲ့ပြီး လက်ဖြောင့်ရိုင်ဖယ် သင်တန်းကို အောင်မြင်ခဲ့သည်။ သို့သော် ပန်းနာဖြစ်ပွားဖူးသည့် ရာဇဝင်ကို ထုတ်ဖော်ရန် ပျက်ကွက်မှုကြောင့် ထုတ်ပယ်ခံခဲ့ရဟု အက်ဖ်ဘီအိုင်က ထုတ်ပြန်ခဲ့သည်။ တစ်နှစ်လျှင် ခရီးသွား ၁၀ သန်းဝန်းကျင် လာရောက်လေ့ရှိသည့် ယင်းတံတားရှည် အမှတ်-၃၉ သို့ Jameson က ရောက်ခဲ့ဖူးပြီး အလွန်အမင်းလူစည်ကားခြင်းကြောင့်လည်း တိုက်ခိုက်မှုပြုလုပ်ရန် ယခုကဲ့သို့ရွေးချယ်ခဲ့ ခြင်းဖြစ်သည်ဟု မက်ကင်နေးက ပြောကြားခဲ့သည်။ Jameson က လူအများအပြား သေဆုံး ဒဏ်ရာရစေရန်အတွက် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုရန်အစီအစဉ်ကိုလည်း IS အဖွဲ့ ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် အယောင်ဆောင်ထားသည့် အက်ဖ်ဘီအိုင်အေးဂျင့်ထံ ၎င်းက ဖွင့်ချခဲ့သည်ဟု တရားရုံးမှတ်တမ်းတွင် ဖော်ပြခဲ့သည်။ နယူးယောက် သို့မဟုတ် ဆန်ဘာနာဒီနိုကဲ့သို့သော တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း Jameson က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုအတွက် ကားများနှင့် လက်နက်များ အသုံးပြုလိုကြောင်းလည်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၃၁ ရက်က နယူးယောက်တွင် စက်ဘီးစီးလမ်းကြောင်း၌ သွားလာနေသူများအား ဂျီဟတ်တစ်ဦးက ပစ်ကပ်ကားဖြင့် ဝင်တိုက်မှုကို Jameson သည် ထောက်ခံခဲ့ကြောင်း၊ Facebook တွင်လည်း IS လိုလားသည့်ပို့စ်များကို ၎င်းက Like ပေး လေ့ရှိကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ခဲ့သည်။
Source : http://ift.tt/2zlPBo0
via IFTTT

No comments:

Post a Comment