Thursday, December 21, 2017


ရေနံပိုက်လိုင်း လုံခြုံရေး တပ်စခန်းများကို KIA နှင့် TNLA ဝင်တိုက်ဟု တပ်မတော်ထုတ်ပြန် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အတွက် ချထားသော လုံခြုံရေး စခန်းများအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ နမ့်ခမ်းမြို့နယ်အတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစောင့် လုံခြုံရေး တပ်စခန်း ၂ ခုကို KIA နှင့် TNLA ပူးပေါင်းတပ် များက ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတွင် တနာရီကျော် ခြားပြီး ဝင်တိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့များ ဘက်မှ ထိခိုက် ဒဏ်ရာ ရခြင်း မရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်သည်။ အဆိုပါ သတင်း ထုတ်ပြန်ချက်ထဲတွင် “ယခုကဲ့သို့ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသော စခန်းများအား နှောက်ယှက်တိုက်ခိုက်ခဲ့ခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်” ဟု ထောက်ပြထားသည်။ KIA နှင့် TNLA ပူးပေါင်းတပ်များက ကောင်းကတ်ကျေးရွာ အုပ်စု၊ ဟိုနားကျေးရွာအနီး က လုံခြုံရေး တပ်စခန်းကို ယနေ့မနက် ၆ နာရီခွဲခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပန်ယုတ်ကျေး ရွာ အုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းအား ၇ နာရီ မိနစ် ၄၀ ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ KIA နှင့် TNLA ပူးပေါင်းတပ်များထံမှ လက်နက် ခဲယမ်း အချို့ သိမ်းဆည်းရမိပြီး ဖြစ်ပွားရာ အနီးဝန်းကျင်တဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ တပ်မတော်နှင့် ၎င်းတို့အကြား ယနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသည်မှာ မှန်သော်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား သွယ်တန်းထားသော ရေနံပိုက်လိုင်း တွင်ချထားသော လုံခြုံရေးတပ်စခန်းများကို သွားတိုက်သည် ဆိုခြင်းမှာ မဟုတ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။ ဗိုလ်မှူး မိုင်းအိုက်ကျော်က “တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ လုံခြုံရေး စခန်းတွေကို သွားတိုက်တာတော့ မဟုတ်ဘူး။ အရင် ကလည်း အဲ့ဘက်မှာ တိုက်ပွဲက မကြာခဏ ဖြစ်တယ်။ ဒီကတော့ မြန်မာ့တပ်မတော်ဘက်က ထိုးစစ် တက်လာတော့ အဲ့ဒီမှာ တိုက်ပွဲ ထိတွေ့မှု ဖြစ်တာ။ ကျနော်တို့ အဲ့ဒီ သတင်းကို ထုတ်ပြန်ထားပါတယ်။ မနက်ကတည်းက KIA တော့ မပါဘူး။ ကျနော်တို့ တဖွဲ့တည်းနဲ့ပါ” ဟု ပြောသည်။ နမ့်ခမ်းမြို့နယ်အတွင်း၌ ယနေ့ နံနက်ပိုင်းက TNLA တပ်ရင်း ၄၇၈ နှင့် တပ်မတော် တပ်မ ၈၈ တို့ အကြား ကောင်းကတ် ကျေးရွာနှင့် ပန်ဟန်ကျေးရွာကြား၌ လည်း ကောင်း၊ နံနက် ၇ နာရီမှ အထက် ပန်ယုတ်ကျေးရွာနှင့် အောက်ပန်ယုတ် ကျေးရွာကြားတွင်လည်းကောင်း ၂ နေရာ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း TNLA က ယနေ့မနက် အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ TNLA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုင်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။ The post ရေနံပိုက်လိုင်း လုံခြုံရေး တပ်စခန်းများကို KIA နှင့် TNLA ဝင်တိုက်ဟု တပ်မတော်ထုတ်ပြန် appeared first on ဧရာဝတီ.
Source : http://ift.tt/2kzc78n
via IFTTT

No comments:

Post a Comment