SMIDB ဘဏ် က SME လုပ်ငန်းများ အတွက် ချေးငွေ ထုတ်ချေးမည် အလားအလာကောင်း၍ နိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းများတွင် တိုးတက်နိုင်ခြေ ရှိသော အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် SMIDB ဘဏ် က ချေးငွေ ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ SME လုပ်ငန်းများသို့ ချေးငွေထုတ်ချေးမည့် အစီအစဉ်သည် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) ထံမှ ရရှိသည့် ချေးငွေကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ် (SMIDB) ကတဆင့် လုပ်ငန်းရှင်များသို့ ထုတ်ချေးမည့် အစီအစဉ် ဖြစ်သည် ဟု ဆိုသည်။ SMIDB ၏ စီအီးအို ဒေါက်တာ ဇေယျာညွန့် က“JICA က ချေးငွေ ကျနော်တို့ ဘယ်လောက် ချပေးမယ်တော့ မသိ သေး ဘူး။ ကျနော်တို့ကတော့ များများချပေးရင် SME လုပ်ငန်း တွေကို များများချေးပေးနိုင်လေပဲ ဖြစ်တယ်။ ကျနော် တို့က လုပ်ငန်းရှင်တွေကို စိစစ်ပြီးတော့ ချေးပေးမယ်။ JICA က ၂၀၁၈ ခုနှစ်ထဲမှာ ပေးမှာ ဖြစ်တယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ထဲမှာ ပေးမှာပါ”ဟု ရှင်းပြသည်။ ချေးငွေထုတ်ချေးလိုသော အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) လုပ်ငန်းရှင်များ အနေနှင့် JICA ချေးငွေ လျှောက် ထားရာတွင် လုပ်ငန်းလုပ်သက်အနည်းဆုံး ၃ နှစ်ရှိသော အထောက်အထား စာရွက်စာတမ်း၊ လုပ်ငန်း လုပ်ကိုင် နေသည့် လိုင်စင်၊ လုပ်ကိုင်နေသည့် လုပ်ငန်း (အောင်မြင်နိုင်မှု) လက်ရှိ အခြေအနေများကို တင်ပြပြီး SMIDB ဘဏ်သို့ လျှောက်ထားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။ “SME ရဲ့ ဘယ်လုပ်ငန်းကိုမဆို ထုတ်ချေးပေးမှာ ဖြစ်တယ်။ အဓိကတော့ စက်မှု ကုန်ထုတ် လုပ်ငန်းတွေ ပေးမှာ ဖြစ် တယ်။ အာမခံပစ္စည်း မပါဘဲနဲ့ လုပ်ငန်း လုပ်သက် ၃ နှစ်စာ ရှိတဲ့ လုပ်ငန်းတွေ ဖြစ်ရမယ်။ လုပ်ငန်းကောင်းရင် ထုတ်ချေး ပေးမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ ဒေါက်တာ ဇေယျာညွန့် က ဆက်လက်၍ “အခု ထုတ်ချေးမယ့် ငွေပမာဏကတော့ JICA ကနေပေးရင် ကျနော်တို့ ဘဏ် ကနေ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ SME လုပ်ငန်း တွေကို ထုတ်ချေးမှာ ဖြစ်တယ်။ CGI စနစ်ဖြစ်တာ ကြောင့် အဲဒီမှာ မြန်မာ့အာမခံက သတ်မှတ်ထားတဲ့ ပရီမီယံကြေး (အာမခံ ပေးသွင်းရမယ့် ကြေး) ပေးသွင်း ရမှာ ဖြစ်တယ်။ ဒါပြီးရင် ကျနော်တို့ ချေးငွေ ထုတ်ချေးပေးမှာ ဖြစ်တယ်။ JICA ကသတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို ပေးမှာဖြစ် တယ်”ဟု လည်း ပြောပြ သည်။ အိမ်ခြံမြေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေးနှင့် ပျော်ပွဲရွှင်ပွဲ ဆိုင်ရာ လုပ်ငန်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာ လုပ်ငန်း၊ လက်နက် ခဲယမ်းမီးကျောက် လုပ်ငန်းများ၊ လူမှုဆိုင်ရာ တည်ငြိမ်မှုကို ထိခိုက်စေသော ကဏ္ဍများနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများကို ထုတ်ချေးပေးမည် မဟုတ်ကြောင်း၊ လျှောက်ထားသော ချေးငွေများကို JICA စည်းကမ်းချက်များနှင့် SMIDB ဘဏ်၏ ချေးငွေ စည်းကမ်းများအတိုင်း ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ SME လုပ်ငန်းများသို့ ချေးငွေများ ထုတ်ချေးပေးရာတွင် JICA က ခွင့်ပြုပေးသော ချေးငွေပမာဏ အာလုံး၏ ၆၀ ရာခိုင်နှုန်းကို CGI (အပေါင်ပစ္စည်းမဲ့) စနစ်ဖြင့် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသော ပြည်နယ်နှင့် တိုင်း ဒေသကြီး များသို့ ဦးစားပေး ထုတ်ချေးပေးမည်ဖြစ်ပြီး ရရှိလာသော ချေးငွေကို လုပ်ငန်းရှင်က လုပ်ငန်းသုံး စက်ပစ္စည်း ကိရိယာများ ဝယ်ယူရန် (သို့မဟုတ်) လုပ်ငန်းနှင့် ပတ်သက်သော အဆောက်အအုံများ တိုးချဲ့ တည်ဆောက်ခြင်း များ၌ အသုံးပြုနိိုင်မည် ဖြစ်ကြောင်း SMIDB ဘဏ်က ပြောသည်။ လာမည့်နှစ်အတွင်း SMIDB ဘဏ်မှ ချေးငွေများ ချေးနိုင်ရန်အတွက် လျှောက်လွှာများကို စတင် လျှောက်ထားနိုင်ပြီး လျှောက်လွှာ လက်ခံသည့် နောက်ဆုံးရက်ကိုမူ သတ်မှတ်မထားသေးပေ။ ယခုနှစ်အတွင်း JICA က ချေးပေးထားသည့် ကျပ် ၅၀ ဘီလျံကို ပြည်တွင်း SME လုပ်ငန်းများသို့ Two Step Loan စနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ (CGI) ချေးယူလျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် အပေါင် ပစ္စည်းဖြင့် ချေးယူလျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ထုတ်ချေးပေးလျက်ရှိပြီး ကျပ် ၃၅ ဘီလျံ ထုတ်ချေးပြီးကြောင်း သိရသည်။ ကျန်ရှိသည့် ကျပ် ၁၅ ဘီလျံကို ထုတ်ချေးပေးရန် JICA က ကျန်ရှိနေသေးပြီး မည်သည့် ဘဏ်များသို့ ချေးငွေ ချပေး မည် ဆိုသည်ကို မသိရှိရသေးပေ။ စက်မှုကြီးကြီးပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးရေး ဌာနသို့ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော SME လုပ်ငန်း စုစုပေါင်း ၆ သောင်း ၃ ရာကျော်ရှိပြီး SME စက်မူလုပ်ငန်းများမှာ လစဉ် လုပ်ငန်း ၃၀၀ ခန့် မှတ်ပုံတင်မှု တိုးတက်နေကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးရေး ဌာနမှ သိရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်း (SME) ဆိုသည်မှာ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကုန်သွယ်မှု လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်း များတွင် အကြီးစား လုပ်ငန်းများ မဟုတ်သော စီးပွားရေးလုပ်ငန်းများ အားလုံးကို ဆိုလိုခြင်း ဖြစ်သည်။ အကြီးစား လုပ်ငန်းများမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား၊ ဈေးကွက်စီမံခန့်ခွဲမှု စသည့် နယ်ပယ် အသီးသီးတွင် စွမ်းရည်ရှိခြင်း၊ လုပ်ငန်းကို စနစ်တကျ လည်ပတ်နိုင်လျက် လုပ်ငန်းတိုးတက်မှု ရှိရန် ဆောင်ရွက်နိုင်ခြင်း စသည့် အချက်အလက် များနှင့် ယေဘုယျအားဖြင့် ပြည့်စုံသည့် လုပ်ငန်းများဟု ဆိုသည်။ မွန်ပြည်နယ်တွင် အသေးစား ရာဘာစိုက်ပျိုး ထုတ်လုပ်သည့် ဦးသက်ဦးက “ချေးငွေက ချေးရင် အထောက်အထား တွေကလည်း များတယ်။ ပြီးကျနော်တို့က နယ်ဘက်ကဆိုတော့ ဘယ်လိုချေးငွေ ထုတ်ပေးတယ် ဆိုတာမျိုး အသေး စိတ် မသိရဘူး။ အဲဒါကြောင့် SME လုပ်ငန်းတွေ ချေးငွေ အမှန်တကယ် ရနိုင်ဖို့ အတွက်ဆိုရင် ဘဏ်တွေရဲ့ လုပ်ငန်းရှင် တွေ အပေါ် သတ်မှတ်ချက်တွေကို ပြန်ပြီး ဖြေလျှော့ပေးဖို့ လိုပါတယ်။ အခုက ချေးငွေ ကျနော်တို့ဆီကို ရောက်တာ နည်း တယ်”ဟု ပြောဆိုသည်။ The post SMIDB ဘဏ် က SME လုပ်ငန်းများ အတွက် ချေးငွေ ထုတ်ချေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2BLY0np
via IFTTT
No comments:
Post a Comment