ဖမ်းဆီးခံသတင်းသမားနှစ်ဦးကိစ္စ မီဒီယာဥပဒေဖြင့် ဖြေရှင်းခွင့်ရလိုကြောင်း MPC ပြောဆို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော သတင်းထောက်နှစ်ဦး ကိစ္စကိုသတင်း မီဒီယာဥပဒေအရ ဖြေရှင်းခွင့်ရလျှင် ဖြေရှင်းပေးလိုကြောင်း မြန်မာနိုုင်ငံသတင်းမီဒီယာကောင်စီ (MPC) တာဝန်ရှိသူများမှ ပြောဆိုလိုက်သည်။ ဖမ်းဆီးခံသတင်းသမား(၂)ဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သဘောထားရပ်တည်ချက် ထုတ်ပြန် ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ Orchid Hotel တွင် ကျင်းပပြုလုပ်စဉ်တွင် MPC တာဝန်ရှိသူများက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ အကယ်၍ ယင်းသတင်းထောက် နှစ်ဦးအား တရားရုံးတင် စစ်ဆေးမည်ဆိုပါကလိုအပ်လျှင် ကျွမ်းကျင်သူအသိသက်သေ (Expert Witness) အနေဖြင့် MPC မှ ဆောင်ရွက်လိုကြောင်း၊ ယင်းသတင်းထောက်နှစ်ဦးအတွက် တရားမျှတသောဆုံး ဖြတ်ချက်များဖြစ်ရန် Legal Assistance ဥပဒေရေးရာ အထောက်အကူ လိုအပ်ပါက လုပ်ဆောင်ခွင့် ပေးစေလိုကြောင်း MPC က ၎င်းတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။ MPC အတွင်းရေးမှူး ဦးသီဟစောက “အရင် Case တုန်းက ဒီလိုလုပ်ပေးခဲ့ဖူးတာရှိတယ်။ Unity ဂျာနယ်ကိစ္စတုန်းက ဆရာကြီး ဖိုးသောကြာ Expert Witness အနေနဲ့ သွားပြီး ထွက်ချက် သွားပေးတာရှိတယ်။ ပေးလို့ရတဲ့ အစဉ်အလာရှိခဲ့တယ်။ ပေးလို့လည်း ရတယ်ဆိုတော့ ဒါကို တောင်းဆိုထားတယ်။ တကယ်လို့ တရားစွဲမယ်ဆို ကျနော်တို့ကို Expert Witness ပေးပါလို့” ဟု သတင်းထောက်များကို ပြောသည်။ MPC အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ် သတင်း အချက်အလက်များနှင့် သတင်းရင်းမြစ် ကာကွယ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရပ်တည်လုပ်ဆောင် သွားမည်ဟုလည်း ကြေညာခဲ့သည်။ နိုင်ငံရေးဆောင်းပါးရှင် တဦးဖြစ်သူ ကိုသီဟသွေးက “သူတို့ရဲ့ထုတ်ပြန်ချက်အရ အစိုးရတလှမ်းလှမ်းမှ အဲဒီခြေလှမ်းပေါ်မှာ ကြည့်ပြီးလိုက်လုပ်မယ် ကူညီမယ် ဖြေရှင်းမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒီလိုမဟုတ်သေးဘဲ PC အနေနဲ့ အစွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖို့ ကြိုးစားသင့်တယ်။ တွေ့ပြီးသူတို့ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး အခြေအနေကို ကြည့်ပြီး သူတို့ပြောတဲ့ သူတို့ဘက်က ဖြေရှင်းတဲ့ ကြုံတွေ့ရတဲ့ ဖြစ်စဉ်ကိုလည်း ကြားချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ Reuter သတင်းဌာန၏ ဌာနေ သတင်းထောက် နှစ်ဦးဖြစ်သူ ကိုဝလုံး (ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဟု ဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးအရေးယူမှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန်နှင့် ဖမ်းဆီးခံသတင်းသမားများကို လွှတ်ပေးရန် သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ဖွဲ့ကတောင်းဆိုထားသကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယခုဖမ်းဆီမှုသည် “သမားရိုးကျ မဟုတ်သော ဖမ်းဆီးခြင်း” ဟု ဆိုထားပြီး ဖမ်းဆီးမှုကို ပွင့်လင်းမြင်သာစွာ ရှင်းပြပေးရန်နှင့် သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားသည်။ အဆိုပါ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရသည်မှာ သီတင်းတပတ် ကြာမြင့်ပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ထားရှိသည်ကို တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေဖြင့် စုံစမ်းမေးမြန်း ထုတ်ပြန်ပေးရန် ယနေ့ စာပို့ပြီး အကူအညီတောင်းထားကြောင်း သိရသည်။ The post ဖမ်းဆီးခံသတင်းသမားနှစ်ဦးကိစ္စ မီဒီယာဥပဒေဖြင့် ဖြေရှင်းခွင့်ရလိုကြောင်း MPC ပြောဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2z4bc4g
via IFTTT
No comments:
Post a Comment