မူးယစ်ဆေးစွဲ လူနာနှစ်ဆယ်ကို ပထမဆုံး လက်ခံကာ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးမည် ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ဆေးဝါးကုသခွင့် ထောက်ခံချက် ရရှိထားသော မူးယစ်ဆေးစွဲ လူနာနှစ်ဆယ်ဦးကို ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပထမဆုံး လက်ခံ၍ အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။ “ရန်ကုန်မှာ ပထမဆုံး ပြန်လက်ခံတာပါ။ လက်ရှိရေးဆွဲထားတဲ့ ဥပဒေကြမ်းအရလည်း မူးယစ်ဆေးစွဲသူကို ပစ်ပယ်ထားလို့ မရတော့ဘူး။ လူ့ပတ်ဝန်းကျင်မှာ ပြန်လည် ရှင်သန်ခွင့်ရအောင် စိတ်ပိုင်းဆိုင်ရာကို အဓိက ပြုပြင်ပြောင်းလဲပေးဖို့ ဖွင့်တာပါ”ဟု ၎င်းကရှင်းပြသည်။ ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး လူနာ ၂၀ ဦးလျှင် ၃၅ ရက်နှုန်းဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဆေးစွဲလူနာများကို ထောင်ဒဏ်အဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာမှ လူမှုပြစ်ဒဏ်ဖြင့် အစားထိုး အရေးယူမည့် ဥပဒေကြမ်း တစ်ရပ်ကို အမျိုးသားလွှတ်တော်က ယခုနှစ် ဩဂုတ်လက အတည်ပြုပေးလိုက်ခြင်းကြောင့် ဆေးစွဲလူနာများကို ဆေးဖြတ်ကုသမှုနှင့် ပြန်လည် ထူထောင်မှုလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောဆိုသည်။ “ရန်ကုန်မှာ ကုသဖို့လိုအပ်တဲ့ ဆေးဖြတ်လူနာတွေ များလာပြီ။ ကန့်သတ်ချက်အနေနဲ့က အစိုးရ အသိအမှတ်ပြု ဆေးဖြတ်ကုသပြီးဆိုတဲ့ ထောက်ခံချက်ရှိဖို့တော့လိုတယ်”ဟု ၎င်းက ရှင်းပြသည်။ လက်ရှိတွင် မူးယစ်ဆေးစွဲလူနာများကို ဒီဇင်ဘာလ ၁ ရက်မှစ၍ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၊ မူးယစ်ဆေးဖြတ်ဌာနတွင် ဆေးကုသပေးနေပြီး ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ချော်တွင်းကုန်းလမ်းဆုံ၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းရှိ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) တွင် လက်ခံထားရှိမည်ဖြစ်သည်။ ပြန်လည် ထူထောင်ကာလအတွင်း ဆေးစွဲလူနာများကို စိတ်ပိုင်းဆိုင်ရာ အကြံပြု ဆွေးနွေးခြင်းအပြင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် ဆပ်ပြာဆီထုတ်ခြင်း၊ တံဆိပ်ရိုက်ခြင်းနှင့် ပန်းချီပညာရပ်တို့ကို သင်ကြားပေးရန် ရန်ကုန်တိုင်းလူမှု ဝန်ထမ်းဦးစီးဌာနက စီစဉ်ထားသည်။
Source : https://goo.gl/TjuW8a
via IFTTT
No comments:
Post a Comment