လိုင်ဇာတွင် လက်နက်ကြီးကျ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် လက်နက်ကြီးကျရောက်မှု ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း ဒေသခံများနှင့် အရပ်ဘက် လူမှုအဖွဲ့များထံမှ သိရသည်။ ခရစ္စမတ်အကြိုညတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းက လိုင်ဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ခြောက်ကြိမ်ခန့် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။ အရပ်သား အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လိုင်ဇာမြို့အနီးတစ်ဝိုက်ရှိ စစ်ရှောင်စခန်းများတွင်လည်း ဒုက္ခသည်များ ပုန်းရှောင်နေကြရကြောင်း စစ်ရှောင်စခန်းများကို အကူအညီ ပေးနေသည့် ကိုမရန်ဂျွန်ဆန်က ပြောကြားသည်။ “အမျိုးသမီးကတော့ ဒဏ်ရာ ပြင်းထန်ပေမယ့် အသက်ရှင်ပါတယ်။ ကျန်တာကတော့ နည်းနည်းပါးပါး ထိခိုက်တာတော့ရှိတယ်”ဟု ၎င်းကဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ ဆက်သွယ် မေးမြန်းရာ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားသည်ဟုသာ သိရှိထားပြီး အသေးစိတ်ကို မသိရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ “လက်နက်ကြီး ပစ်ခတ်တယ်ဆိုတာတော့ သိလိုက်တယ်။ နောက်ပိုင်း ထပ်ဖြစ်တာတော့ မသိရသေးဘူးခင်ဗျ။ ရုံးပိတ်ရက်လည်းဖြစ်နေတော့ နောက်နေ့ ရုံးဖွင့်မှ လုံနယ်ဝန်ကြီးတို့၊ စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့)တို့က ပြန်တင်ပြပြီးမှ အသေးစိတ် သိမယ်”ဟု ဒေါက်တာခက်အောင်က ပြောကြားသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် KIA နှင့် TNLA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးအနီးရှိ ကျေးရွာများသို့ ထိခိုက်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအရပ်သား သေဆုံးမှုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့က ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း KIA နှင့် TNLA ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများကို လာရောက် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်မှုကိုလည်း ယင်းလက်နက်ကိုင်အဖွဲ့များက ငြင်းဆိုထားသည်။ KIA နှင့် TNLA အဖွဲ့တို့သည် တပ်မတော်နှင့် ရှမ်းပြည်နယ် လွှတ်တော်တို့မှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာခြင်း ခံထားရသည့် အဖွဲ့များလည်း ဖြစ်ပြီး “ဝ”တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့ကော်မတီ (FCNPP) တွင်လည်း ပါဝင်နေသည့်အဖွဲ့များဖြစ်သည်။ ထို့ပြင် FCNPP ကော်မတီသည် အစိုးရ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လမ်းကြောင်းကို ငြင်းဆိုထားသည့် အဖွဲ့အစည်းလည်းဖြစ်ပြီး အဆိုပါကော်မတီက အပစ်ရပ်လမ်းကြောင်း အသစ်တစ်ခုကိုလည်း ထုတ်ပြန်ထားသည်။
Source : https://goo.gl/sn2esZ
via IFTTT
No comments:
Post a Comment