Thursday, December 7, 2017

The Voice

သပိတ်ကျင်းတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဒေသန္တရ စည်းကမ်းထုတ် သပိတ်ကျင်း၊ ဒီဇင်ဘာ ၆ သပိတ်ကျင်းမြို့ပေါ်ရပ်ကွက် နှစ်ခု အပါအဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က ကြီးကြပ်ရေးမှူးအဖွဲ့များကို စွမ်းရည်မြှင့်ရေး သင်တန်းပေးကာ ဒေသန္တရစည်းကမ်း ထုတ်ပြန်ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနှင့် ပတ်သက်၍ ဥပဒေတွင် ဖော်ပြထားခြင်း မရှိသော အခြေအနေများ ဖြစ်လာနိုင်သည့်အတွက် ဒေသန္တရ စည်းကမ်း ထုတ်ပြန်ကာ သင်တန်းပေးရခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ “မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒေသန္တရ အမိန့်ထုတ်လိုက်တာ။ အခုလိုထုတ်ပြန်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ရေးဆွဲထားပါတယ်”ဟု ဦးအောင်မိုးဦးက ရှင်းပြသည်။ ဒေသန္တရ စည်းကမ်းချက်များတွင် အချက်ရှစ်ချက် ပါရှိသော်လည်း ဆယ်အိမ်စု ဖွဲ့စည်းရာတွင် အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဥပဒေပါအတိုင်း တစ်ဆက်တည်း စုစည်း၍ အိမ်ထောင်စုပုံစံ (၆၆/၆) ရှိသူသာ မဲပေးပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ပြုရန် ဟူသောအချက်ကို ဖျက်သိမ်းခဲ့သည်ဟု ကြီးကြပ်ရေးမှူးများ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းသို့ တက်ရောက်သူများထံမှ သိရသည်။ “အဲဒီအချက် တစ်ခုတည်းနဲ့ ရွာလည်နေတဲ့သဘောဆိုတော့ အားလုံးအတွက် အဆင်မပြေဘူး။ အချက်ရှစ်ချက်ထဲက ခုနစ်ချက်ပဲ အတည်ပြုခဲ့ပါတယ်”ဟု အဆိုပါသင်တန်း တက်ရောက်ခဲ့သည့် ကြာညှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။ အဆိုပါသင်တန်းသို့ ရွေးချယ်ခံ ထားရသော ကြီးကြပ်ရေးမှူး ၁၃၅ ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လက်ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လေ့လာသူများ စုစုပေါင်း ၂၂၇ ဦး တက်ရောက်ခဲ့ကြသည်။ သပိတ်ကျင်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်နေ့အထိ ရရှိထားသော စာရင်းများအရ အိမ်ထောင်စု ၂၄,၇၆၅ စုရှိပြီး ကြီးကြပ်ရေးမှူးအဖွဲ့များ ဆုံးဖြတ်ခွင့်ရှိသည့် ဒေသန္တရ စည်းကမ်းချက်များအတိုင်း ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်မည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/XmoekN
via IFTTT

No comments:

Post a Comment