Thursday, December 7, 2017

The Voice

ယီမင်သမ္မတဟောင်း ဆာလား အသတ်ခံရ ဆာနာ၊ ဒီဇင်ဘာ ၆ ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ လာဆာလားသည် ၎င်းအပေါ် ထောက်ခံသူများနှင့် မဟာမိတ်ဟောင်း ဟူသီသူပုန်များအကြား ဖြစ်ပွားသော ပဋိပက္ခအတွင်း အသတ်ခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ မြို့တော် ဆာနာတောင်ပိုင်းရှိ တိုက်ခိုက်မှု တစ်ခုအတွင်း ဆာလားသေဆုံးခဲ့ကြောင်း အထွေထွေ ပြည်သူ့ကွန်ဂရက် ပါတီမှ တာဝန်ရှိသူများက အတည်ပြုသည်။ ဟူသီခေါင်းဆောင်က ဆာလား သေဆုံးခြင်းသည် ကြီးကျယ် ခမ်းနားသည့် ဖြစ်စဉ်ဟု ထုတ်ပြန်ခဲ့ပြီး ဝမ်းမြောက်စကား ဆိုခဲ့သည်။ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ထောက်ခံပေးထားသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ဟူသီခေါင်းဆောင် အဗ္ဗဒူလ်မာလစ်အယ်လ်ဟူသီက ပြောကြားခဲ့သည်။ ဆာနာတွင် လေကြောင်းထိုးစစ်များ အထူး ပြင်းထန်နေပြီး ဟက်ဂျာ ကဲ့သို့သော အခြားဒေသများသို့ပါ တိုက်ပွဲများ ပျံ့နှံ့လာသည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ လမ်းများ ပိတ်ဆို့နေပြီး လမ်းများပေါ်တွင် တင့်ကားများ ရှိနေကာ ကုလသမဂ္ဂဝင်းအနီးရှိ သံရုံးများရှိရာနေရာတစ်ဝိုက်တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်နေကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ အာရပ်နွေဦး တော်လှန်ရေး အပြီးတွင် ရာထူးမှ ဆင်းပေးခဲ့ရသော ဆာလားသည် ၎င်း၏သစ္စာခံများနှင့်အတူ ဟူသီသူပုန်များနှင့် ပူးပေါင်းပြီး လက်ရှိသမ္မတ အက်ဒရာ ဘူမန်ဆော်ဟေဒီ အစိုးရကို ပုန်ကန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆာလားကို ထောက်ခံသည့် တပ်များနှင့် ဟူသီသူပုန်များသည် မြို့တော်ဆာနာကို သိမ်းနိုင်သည်အထိ အားကောင်းခဲ့ပြီး ပြည်တွင်းစစ်တွင် နိုင်လုနီးပါး အခြေအနေ ကောင်းခဲ့သော်လည်း ဆော်ဒီဦးဆောင်သည့် ဆွန်နီ မွတ်ဆလင်ညွန့်ပေါင်းတပ်များက ဟောဒီဘက်မှ ကူတိုက်ပေးသောအခါတွင် အခြေအနေတစ်မျိုး ပြောင်းသွားခဲ့သည်။ ဆာလားတပ်များနှင့် ဟူသီတို့သည် မြို့တော်ဆာနာကို ထိန်းချုပ်ထားနိုင်သော်လည်း ဆော်ဒီ၏လေကြောင်းမှ တိုက်ခိုက်မှုဒဏ်ကို အကြီးအကျယ် ခံခဲ့ရသည်။ ထိုအချိန်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆာနာရှိ အကြီးဆုံး ဗလီကြီးကို ကွပ်ကဲမှုနှင့်ပတ်သက်ပြီး ဆာလား၏တပ်များနှင့် ဟူသီတပ်များအကြား တိုက်ပွဲဖြစ်ခဲ့ပြီး လူ ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ ယင်းသို့ ဟူသီနှင့် ဆာလားတပ်များ ပြဿနာတက်အပြီး စနေနေ့တွင် ဆာလားက ဆော်ဒီညွန့်ပေါင်းတပ်များသာ ယီမင်နိုင်ငံအပေါ် တိုက်ခိုက်မှု ရပ်ဆိုင်းပြီး၊ တိုင်းပြည်ကို ပိတ်ဆို့ဝန်းရံထားမှု အဆုံးသတ်ပေးပါက ငြိမ်ချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။ ဟူသီတို့က ဆာလားသည် သူ မည်သည့်အခါတွင်မှ မယုံကြည်ခဲ့သော မဟာမိတ်ဖွဲ့မှုအပေါ် သစ္စာဖောက်ပြီး အာဏာသိမ်းရန် ကြိုးစားခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ တနင်္ဂနွေနေ့တွင် ဟူသီတပ်များက မြို့တော် နေရာ အများစုကို ထိန်းချုပ်လိုက်ပြီး ဆာလားမိသားစုနှင့် မဟာမိတ်များ နေထိုင်ရာ နေအိမ်များ တစ်ဝိုက်တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်များက ဟူသီများကို လေကြောင်းမှ ထိုးစစ်ဆင် ပြီး ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တနင်္လာနေ့တွင် ဆာလား၏အိမ် ဟူသီတို့လက်ကျသွားခဲ့သည်။ ယင်းနောက်တွင် ဆာလားသေပြီ ဆိုသောသတင်းထွက်လာခြင်းဖြစ်သည်။ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေ သောဗီဒီယိုဖိုင်တွင် ဆာလားဟုယူဆရသူ တစ်ဦးခေါင်းတွင် ဒဏ်ရာရပြီး လဲလျောင်းနေပုံပါရှိခဲ့သည်။ ယင်းနောက်တွင် လက်နက်ကိုင်ထားသူများက“အလဒါအရှင် ကောင်းချီးပေးပါစေ”၊ “ဟေးအလီအဖက်စ်” ဟု အော်ဟစ်ကာ အလောင်းကိုစောင်ဖြင့် သယ်သွားခဲ့သည်။ အလီအဖက်စ်မှာ ဆာလား၏ လူမျိုးစုအမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဆာလား သေဆုံးပြီ ဖြစ်ကြောင်းသူ၏ အထွေထွေ ပြည်သူ့ကွန်ဂရက်ပါတီက အတည်ပြုခဲ့သည်။ ဆာလားနှင့် ပါတီတာဝန်ရှိသူများ လိုက်ပါလာသော ယာဉ်တန်းကို ဟူသီတို့က တိုက်ခိုက်ခဲ့ခြင်းကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အတည်ပြုခဲ့သည်။ သတင်းအချို့တွင်မူ ဆာလားစီးလာသည့်ကားကို RPG ရော့ကတ်ဖြင့်ထုပြီး ဆာလားကိုဆွဲထုတ်ကာ ကွက်မျက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။
Source : https://goo.gl/rVG8Ds
via IFTTT

No comments:

Post a Comment