ရန်ကုန်နှင့်ပဲခူး ကားလမ်းသစ်ဖောက်ရန် စီစဉ် တောင်ငူ၊ ဒီဇင်ဘာ၂၅ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်မည့် လမ်းသစ်ဖောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှစ်ဖွဲ့ ကနဦးသဘောတူထားပြီး ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ လမ်းမကြီး ထပ်ဖောက်ရန်အတွက် ကုန်ကျမည့် ငွေကြေးပမာဏနှင့် အကောင်အထည်ဖော်မည့် ကာလကို နှစ်ဖက်အစိုးရအဖွဲ့ ညှိနှိုင်းဆဲဖြစ်ကြောင်း၊ စီမံကိန်းကို လမ်းအူကြောင်း မြေပုံရေးဆွဲပြီးပါက တိုင်းဒေသကြီးလွှတ်တော်ထံ တင်ပြကာ အတည်ပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရသူဖြစ်သော သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမတွင် လမ်းသစ်ဖောက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် နှစ်ဖက်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့သည်။ အဆိုပါ လမ်းသစ်စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းနှင့် ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများကို အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ထားကြောင်း၊ လမ်းဖောက်လုပ်ရာတွင် ပဲခူးမြစ်ကူးတံတား တစ်ခုကိုလည်း ထပ်မံ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှစ်ဖက်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း သီလဝါဆိပ်ကမ်းကတစ်ဆင့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်ကနေ ပဲခူး ကဝလမ်း ချိတ်ဆက်မိပါက ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါ လမ်းသစ်စီမံကိန်းကို ဆောက်လုပ်ရေးဦးစီးဌာန (မြို့ပြ) က တင်သွင်းထားသည့် လျာထားစီမံကိန်းသုံးခု တင်ပြထားပြီး တံတားသစ်တစ်စင်းကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတား အထူးအဖွဲ့ (၁၀) မှ တည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းတည်ဆောက်မှုကို ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့က ပူးပေါင်းအကောင်အထည် ဖော်ဆောင်မည်ဖြစ်ကြောင်း ပဲခူးအစိုးရအဖွဲ့ထံမှ သိရသည်။ “စီမံကိန်း အကောင်အထည် ဖော်ဆောင်မယ့်အဖွဲ့ကို ဖွဲ့ဖို့ ပြင်ဆင်နေပါတယ်၊ ကနဦး တွေ့ဆုံမှုတွေလည်း လုပ်နေဆဲပါ”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ပြောကြားသည်။ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းကို ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းအပြင် ပဲခူး - သနပ်ပင် - ခရမ်း - သုံးခွလမ်းဖြင့် ဆက်သွယ်ထားကြောင်း၊ ယခု လမ်းသစ်စီမံကိန်း အကောင်အထည် ဖော်ပါက လေးခုမြောက် လမ်းမ ဖြစ်လာမည့်အပြင် တိုင်းဒေသကြီးနှစ်ခုအကြား ကုန်စည်စီးဆင်းမှု ပိုမြန်လာနိုင်ကြောင်း ပဲခူးဒေသခံများထံမှ သိရသည်။
Source : https://goo.gl/uyN3Qn
via IFTTT
No comments:
Post a Comment