မြောက်ကိုရီးယားရန် ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ် ဂျပန်တိုးချဲ့မည် တိုကျို၊ ဒီဇင်ဘာ ၁၉ မြောက်ကိုရီးယားဒုံးကျည်များ၏ ခြိမ်းခြောက်မှု တိုးပွားလာသဖြင့် အမေရိကန်ပြည်ထောင်စုထုတ် မြေပြင်အခြေစိုက် အေးဂျစ် ရေဒါစခန်းများ၊ ကြားဖြတ်ဟန့်တားရေး ဒုံးများဖြင့် ဒုံးခွင်းဒုံးစနစ်ကို ဂျပန်နိုင်ငံက တိုးချဲ့သွားမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အေးဂျစ်စနစ်နှစ်ခု တည်ဆောက်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က အတည်ပြုလိုက်သည်။ ဒုံးပျံများမပါဝင်ဘဲ ယင်းစနစ်နှစ်ခု၏ တန်ဖိုးသည် ဒေါ်လာ ၂ ဘီလီယံထက်မနည်း ကုန်ကျမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်မတိုင်ခင်အထိ တာဝန်ထမ်းဆောင်နိုင်ဦးမည် မဟုတ်ပေ။ “မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် ခြိမ်းခြောက်မှု အဆင့်သစ်တစ်ခုအထိ ရောက်လာတဲ့အတွက် ဒုံးပျံကာကွယ်ရေး လုပ်ဆောင်ရတာပါ” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး အိုနိုဒါရာက ပြောကြားသွားသည်။ ဝါရှင်တန်မြို့တော်အပါအဝင် အမေရိကန်နယ်မြေ အများစုအထိ ရောက်အောင်ပစ်ခတ်နိုင်သည်ဆိုသော စွမ်းအားကြီးမားသည့် ဒုံးကျည်တစ်ခုကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီး ယင်းကျည်သည် ဂျပန်နိုင်ငံ၏ လက်ရှိ ဒုံးခွင်းဒုံးစနစ်အပေါ် ဖြတ်ကျော်ပျံသန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံသည် အမြင့်မိုင် ၂၃၈၅ ထိရောက်ရှိခဲ့သဖြင့် ဂျပန် ဒုံးခွင်းဒုံးများ ရောက်ရှိနိုင်သည့် အမြင့်ထက် ပိုမိုလျက်ရှိသည်။ အသစ်တည်ဆောက်မည့် အေးဂျစ်စခန်းများတွင် အမေရိကန်ပြည်ထောင်စုတွင် တီထွင်လျက်ရှိသည့် စပိုင်-၆ ရေဒါစနစ် ပါဝင်မည်မဟုတ်သဖြင့် အသစ်ထုတ်လုပ်ထားသည့် တစ်စင်းလျှင် ဒေါ်လာသန်း ၃၀ တန် SM-3 Block II A ဒုံးခွင်းဒုံးကို အသုံးပြုနိုင်ဦးမည် မဟုတ်ပေ။ ထို့ပြင် ရေဒါစနစ်၊ အလုံးစုံကုန်ကျစရိတ်၊ တပ်ဖြန့်မှု စသည့် ကုန်ကျစရိတ်တို့ကို ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ သီးခြားဖြစ်စဉ်အနေနှင့် F-15 နှင့် F-35 တိုက်လေယာဉ်တို့မှနေ၍ မြောက်ကိုရီးယား ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် တာလတ်ပစ် ခရုစ်ဒုံးကျည်များကို ယခုလအတွင်း ဂျပန်နိုင်ငံ ဝယ်ယူသွားမည် ဖြစ်သည်။
Source : https://goo.gl/T7zPWc
via IFTTT
No comments:
Post a Comment