ကုလညီလာခံ၏ မြန်မာအရေး ဆုံးဖြတ်ချက် နိုင်ငံအတွက် ထိခိုက်မှုမရှိဟု အစိုးရတုံ့ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မဲခွဲဆုံးဖြတ်ခဲ့သော မြန်မာအရေး ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအပေါ် မည်သည့် ထိခိုက်မှုမျှ မရှိနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ “ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက် ဘာမှ ထိခိုက်မှုမရှိဘူး။ ဒီဆုံးဖြတ်ချက်တွေက လိုက်နာဆောင်ရွက်ဖို့ မလိုဘူး။ လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လေးစားတဲ့အနေနဲ့ ဒီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာလား၊ အခက်အခဲ ဖြစ်စေမှာလား။ ကြည့်ပြီးတော့ လုပ်ဆောင်မှာဖြစ်တယ်။ ဆိုလိုတာက ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ခံရတဲ့နိုင်ငံတွေက မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး”ဟု ဦးဇော်ဌေးက ဆက်လက် ရှင်းပြပြောဆိုသည်။ ဘင်္ဂလားဒေ့ရှသို့ ထွက်ပြေးသွားသော ဘင်္ဂါလီများ အားလုံး (မူရင်းသတင်းတွင် မွတ်စလင် ရိုဟင်ဂျာများဟု သုံးထားသည်) ကို ပြန်လက်ခံပြီး နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးအပ်ရန် တောင်းဆိုမှု ပါဝင်သော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ကြောင်း SBS နှင့် CNA သတင်းဌာနများတွင် ဖော်ပြထားသည်။ ဘင်္ဂါလီများအပေါ် စစ်ဆင်ရေး လုပ်ဆောင်မှု အဆုံးသတ်ရန်၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်၊ အကူအညီပေးရေး လုပ်သားများ ဝင်ခွင့်ပေးရန်ဆိုသော တောင်းဆိုမှုများလည်း ဆုံးဖြတ်ချက်တွင် ပါဝင်သည်။ ယင်းမြန်မာအရေး ဆုံးဖြတ်ချက် မူကြမ်းကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (အိုအိုင်စီ) က တင်သွင်းခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံအနေနဲ့က ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေက လုပ်မယ်။ သို့သော် ဒီဆုံးဖြတ်ချက်တွေက ကျွန်တော်တို့နိုင်ငံနဲ့ လက်တွေ့ မကိုက်ညီဘူး။ လုပ်သင့်လုပ်ထိုက်တာ ကျွန်တော်တို့လုပ်မယ်။ အထူးသဖြင့် ရခိုင်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို အစိုးရက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေပြီ”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ မြန်မာအရေး ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၂၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ၁၀ နိုင်ငံ ကန့်ကွက်ခဲ့ကြကာ ၂၄ နိုင်ငံက မဲပေးခြင်း မရှိခဲ့ပေ။ ကန့်ကွက်သည့်နိုင်ငံများမှာ မြန်မာနိုင်ငံ ကိုယ်တိုင်နှင့် တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လာရုစ်၊ ဆီးရီးယား၊ ဇင်ဘာဘွေတို့ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပေးရန် တောင်းဆိုမှုလည်း ဆုံးဖြတ်ချက်တွင် ပါဝင်သည်။ ကုလသမဂ္ဂ ရသုံးငွေစာရင်း ကော်မတီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ရာထူးသစ် ခန့်အပ်ရန် ရန်ပုံငွေအတွက် မီးစိမ်းပြခဲ့ပြီးနောက် ယင်းအချက်ကို ထည့်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက် ခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဘင်္ဂါလီ ၆ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ ဘက်သို့ ထွက်ပြေးသွားသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ မီဒီယာများက ဖော်ပြနေကြပြီး ယင်းတို့အားလုံးကို ပြန်လည်လက်ခံပြီး နိုင်ငံသားဖြစ်ခွင့်ကဲ့သို့ အခွင့်အရေးများပေးရန် အိုအိုင်စီဦးဆောင်ပြီး တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/ivEAS5
via IFTTT
No comments:
Post a Comment