Sunday, December 24, 2017

The Voice

ရန်ကုန်ဆေးရုံကြီးတွင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းများ ဇန်နဝါရီလဆန်းတွင် ပြန်ထားမည် ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ခုတင်နှစ်ထောင်ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလဆန်းကစ၍ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းများ ပြန်လည်ထားရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်ဆေးရုံကြီး၏ လုံခြုံရေးကဏ္ဍအတွက် တာဝန်ယူပေးမည့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီကို တင်ဒါခေါ်ယူခဲ့ရာတွင် လျှောက်ထားသည့် ကုမ္ပဏီသုံးခုအနက်မှ R.J Pro Services (Myanmar) အမည်ရှိ ကုမ္ပဏီကို တစ်လလျှင် ကျပ်သိန်းတစ်ရာခန့်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်သက်တမ်းကို ကနဦးအနေနှင့် ခြောက်လစာချုပ်ချုပ်ဆိုရန် စီစဉ်ထားပြီး လုံခြုံရေးဝန်ထမ်းများအနေနှင့် ဆေးရုံကြီး၏ အတွင်းစည်းနှင့် အပြင်စည်းတို့တွင် ၂၄ နာရီ တာဝန်ယူစောင့်ကြည့်ရမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “နေ့စားလပေးနဲ့ ခန့်ထားတဲ့ ဝန်ထမ်းသုံးဆယ်လောက်တော့ ရှိတယ်။ လုံခြုံရေးပိုင်းနဲ့ သန့်ရှင်းရေးကဏ္ဍနှစ်ခုစလုံးမှာ ခွဲသုံးရတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါကြောင့် ဝန်ကြီးဌာနဆီကနေ ခွင့်ပြုချက်တောင်းပြီး ပြင်ပလုံခြုံရေးကုမ္ပဏီကိုငှားဖို့ စီစဉ်ရတာ” ဟု ၎င်းက ပြောဆိုသည်။ ရန်ကုန်ဆေးရုံကြီးတွင် လိုအပ်နေသော လုံခြုံရေးဝန်ထမ်းခြောက်ဆယ်ခန့် ထားရှိရန် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုကို တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် နှစ်ဆန်းကစ၍ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ ထားရှိအသုံးပြုရန် ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများက စီစဉ်ထားခြင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကို ခုတင်နှစ်ထောင်ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ပြီးနောက်ပိုင်း လူနာဝင်ရောက်မှုနှုန်းအနေနှင့် နေ့စဉ် မြင့်တက်ခဲ့ရာ ပြင်ပလူနာဌာနတွင် လူနာ ၅၀၀ ခန့်နှင့် အရေးပေါ်ကုသရေးဌာနတွင် ၃၀၀ နှင့် ၅၀၀ ကြားအထိ ရှိလာပြီး လူနာများထံမှ ပစ္စည်းခိုးယူခြင်း၊ ဆေးရုံပြင်ပတွင် စည်းကမ်းမဲ့ ဈေးရောင်းချခြင်းအပါအဝင် ဆေးကုသဆောင်များအတွင်း စည်းကမ်းမဲ့ ဝင်ထွက်သွားလာခြင်းများ ပိုမိုဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံရေးဝန်ထမ်း တိုးမြှင့်ထားရှိရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “ဆေးရုံကြီးက သန့်ရှင်းသပ်ရပ်အောင် စီစဉ်ပေးသလောက် လူနာနဲ့လူနာရှင်တွေကိုယ်တိုင် စည်းကမ်းမဲ့လုပ်တာ မျိုးစုံပဲ။ အများသုံးအိမ်သာဆို ရှင်းလို့ကို မနိုင်ဘူး။ အညစ်အကြေးတွေ ဒီတိုင်းထားခဲ့တယ်။ အားလုံးပူးပေါင်းပါဝင်ဖို့ ကြိုးစားပေးစေချင်တယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ ရန်ကုန်ဆေးရုံကြီးအနေနှင့် ၂၀၁၆ ခုနှစ်ခန့်က ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် Brave Service Security အမည်ရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုကို တစ်လလျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့် တစ်နှစ်ခန့် ငှားရမ်းအသုံးပြုခဲ့ဖူးသော်လည်း ဝန်ကြီးဌာနက ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးမပြုရဟူသော ညွှန်ကြားချက်ကြောင့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ် ရပ်နားခဲ့ပြီးနောက် ယခုတစ်ဖန် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ ထားရှိနိုင်ရေး စီစဉ်ထားခြင်းဖြစ်သည်။
Source : https://goo.gl/YHjGij
via IFTTT

No comments:

Post a Comment