Friday, January 26, 2018


ဒေါက်တာ အေးမောင်ကို ဖမ်းဆီး အရေးယူထားမှု မရှင်းလင်းဟု ANP ပြော လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သော ဒေါက်တာ အေးမောင်အား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဖမ်းဆီးသွား သော်လည်း မည်သည့် ပုဒ်မများဖြင့် အမှုဖွင့်၍ အမှု တည်ဆောက်ထားခြင်း ရှိ မရှိ မရှင်းလင်းဘဲ ဖြစ်နေကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) က ပြောသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သော ၂၃၃ နှစ်ပြည့် ရက္ခိုင့် အချုပ်အခြာ အာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေ ဟောပြောပွဲတွင် ပြောကြားချက်များနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်ကို ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးသွားပြီး စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ANP မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒေါက်တာ အေးမောင်ကို အမှု တည်ဆောက် ထားလား၊ မတည်ဆောက်ရ သေးဘူးလား မသိရကြောင်း၊ မည်သည့် ပုဒ်မများဖြင့် စွဲဆိုထားသလဲ ဆိုခြင်းသည်လည်း အစိုးရ ထုတ်ပြန် ချက်များကိုသာ တွေ့ရသေး၍ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောဆိုသည်။ “စစ်တွေမှာပဲ။ အခု လောလောဆယ်ကတော့ စစ်တွေထောင်မှာပဲ ချုပ်ထားတယ်လို့ သိရပါတယ်။ အခု အစိုးရ ရဲ့ သတင်း ထုတ်ပြန်ချက်ပေါ့၊ အဲဒီထဲမှာ ပါတာကတော့ နိုင်ငံတော် ကျေးဇူးသစ္စာကို ဖောက်ဖျက် ပုန်ကန်မှုပေါ့။ ၁၂၁ (ခ)(ဂ)နဲ့ စွဲထား တာ တခုရယ်။ နောက် နိုင်ငံတော် အကြည်အညှိ ပျက်စေမှုတခု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲထားတာ တခုရယ်၊ နောက်တခုက မတရား အသင်းနဲ့ ဆက်သွယ်မှု ၁၇(၁)၊(၂)နဲ့ စွဲထားတယ်လို့ ကျနော်တို့ သတင်းတွေအရ သိရပါတယ်။ ကျနော်တို့ လူချင်း မတွေ့ရသေးဘူး။ နောက်တခုက ဒေါက်တာ အေးမောင်တို့ကို အမှုတည်ဆောက် ပေးပြီးပြီလား၊ သို့မဟုတ် တည်ဆောက်ဆဲလား ဆိုတာလည်း ကျနော်တို့ လူချင်း မတွေ့ရတော့ ကျနော်တို့ အသေးစိတ် မသိရဘူး ခင်ဗျ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ ထို့ကြောင့် မည်သည့် ပုဒ်မများဖြင့် အမှုဖွင့်ထားသလဲဆိုခြင်းနှင့် အမှုတည်ဆောက်ထားခြင်း ရှိ မရှိ စစ်တွေခရိုင် ရဲစခန်းနှင့် ရသေ့တောင် ရဲစခန်းသို့ မေးမြန်းရာတွင်လည်း ရှင်းရှင်းလင်းလင်း မသိရပေ။ စစ်တွေခရိုင် ရဲစခန်းက“ကျနော်တို့ စခန်းက အမှုဖွင့်ထားတာ မရှိဘူး။ ရသေ့တောင်မြို့နယ် ရဲစခန်းမှာ ဖွင့်တာ။ စစ်တွေမှာ မဖွင့်ဘူး။ ရသေ့တောင် မြို့နယ် ရဲစခန်းကို မေးကြည့်လိုက်ပါ။ ဘယ်မှာ ရုံးထုတ်မယ် ဆိုတာလည်း ကျနော်တို့ မသိဘူး။ ရသေ့တောင် ရဲစခန်းက ဖွင့်တာပါ”ဟု ပြောသည်။ သို့သော်လည်း ရသေ့တောင် ရဲစခန်းက ၎င်းတို့ထံတွင် အမှုဖွင့်ထားခြင်း မရှိသကဲ့သို့ ၎င်းတို့စခန်းမှ ဖမ်းဆီးခြင်း မဟုတ် ကြောင်းနှင့် စစ်တွေခရိုင်ရဲစခန်းသို့ မေးမြန်းပါက သိနိုင်ကြောင်း ပြန်လည် ပြောဆိုသည်။ ရသေ့တောင် မြို့နယ် ရဲစခန်းက “ကျနော်တို့မှာ အမှုမဖွင့်ထားဘူး။ စစ်တွေ ရဲစခန်းမှာ ဖွင့်ထားတာ။ ဘယ်နေ့ ရုံး ထုတ် မလဲ မသိဘူး။ ကျနော်တို့ ရသေ့တောင်မှာတော့ မထုတ်ပါဘူး”ဟု ပြောသည်။ ဒေါက်တာ အေးမောင်ကို ဇန်နဝါရီ ၃၁ ရက်တွင် စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်သွားရန် ရှိကြောင်း ကြားသိရသည်ဟု ANP အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပြသည်။ “အခု ၃၁ ရက်နေ့ ရမန်ပြန်ယူမလား မပြောတတ်ဘူး။ ၃၁ ရက်နေ့တော့ သူ့ကို ချိန်ထားတာပေါ့ တရားရုံးမှာ”ဟု ၎င်းက ပြော သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ ညက ပြန်ကြားရေး ဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်(ခ) အောင်ကျော်ဝင်း တို့၏ ဟောပြောချက်များနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရ အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈)မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု ရာဇာသတ်ကြီး ပုဒ်မ ၁၂၁(ခ) (ဂ)၊ နိုင်ငံတော် အကြည်ညှိပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) (ဂ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) (၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်း အက် ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ခဲ့ကြောင်း” ရေးသား ဖော်ပြခဲ့သည်။ သို့သော် ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင်မူ နိုင်ငံတော် သစ္စာဖောက်မှုနှင့် နိုင်ငံတော်အ ကြည်ညို ပျက်စေမှုတို့ မပါဝင်တော့ဘဲ မတရားအသင်း အမှုကိုသာ ဖော်ပြသည်ကို တွေ့ရသည်။ ထိုတရားစွဲဆိုထားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်၏ မိသားစုဝင်ကို ဆက်သွယ်ရာတွင်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရပေ။ ပုဒ်မ ၁၂၁(ခ) (ဂ)တို့သည် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်လျှင် အားပေး အားမြောက်ပြုလျှင် စွဲဆိုနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၁၂၂ မှာ ကျူးလွန်လျှင် မည်သူကိုမဆို သေဒဏ် သို့မဟုတ် တသက်တကျွန်း အပြစ်ဒဏ် ပေးနိုင်သည့် ပုဒ်မ တခု ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ဇန်နဝါရီ ၁၇ ရက်က ပြောကြားထားသည်။ “ပုဒ်မ ၁၂၂ နဲ့ ဆွဲတယ်လို့ ကြားတယ်။ ဒီ ပုဒ်မနဲ့ ဆွဲတာကတော့ တအား ပြင်းထန်လွန်းတယ်။ ဒါနဲ့တော့ မဆွဲသင့်ဘူး။ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာ အခုလို ပြင်းထန်တဲ့ ပုဒ်မနဲ့ တရားဆွဲတာက မကောင်းဘူး မဖြစ်သင့်ဘူး။ ကျနော်တို့ ပါတီ အနေနဲ့တော့ ရှေ့နေငှားပေးတာမျိုး ဘာမှတော့ မလုပ်ရသေးဘူး။ ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာလည်း အစီအစဉ်တော့ မလုပ်ရသေးဘူး”ဟု ANP အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။ ANP ပါတီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ရသေ့တောင်ကိစ္စ၊ မြောက်ဦးကိစ္စများနှင့်ပတ်သက်၍ ဖမ်းဆီး ချုပ်နှောင် ခံရသူများနှင့် အရေးယူခံရမည့် သူများအတွက် ဥပဒေနှင့်အညီ ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပြု ကူညီ နိုင်ရန် ၆ ဦးပါ ဥပဒေ အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်း၍ ကူညီသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ ANP အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ကျနော်တို့ပါတီ အနေနဲ့ တတ်နိုင်တဲ့ ဘက်က ဥပဒေနဲ့ အညီ ဘယ်လို ကူညီဆောင်ရွက် ပေးနိုင်မလဲ။ ဥပမာ သဘောတခုက ဥပဒေ အကြံဉာဏ်များ ပေးနိုင်မလား ဒါမှ မဟုတ်ရင် လည်း ဘယ်လို ဝန်းရံပေးရမလဲ ဆိုတဲ့ အချက်အပေါ်မှာ မူတည်တာပေါ့။ နစ်နာချက်ရှိတဲ့လူတွေ အရေးယူခံရမယ့် သူတွေ ကို ဘယ်လို နည်းနဲ့ ဥပဒေနဲ့ အကူအညီ ပေးနိုင်မလဲဆိုပြီးတော့ ဥပဒေ အထောက်အကူပြု အဖွဲ့ကို ANP အနေနဲ့ ဖွဲ့လိုက် တာ ဖြစ်ပါတယ်”ဟု ပြောသည်။ ဒေါက်တာ အေးမောင်သည် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှ တဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဖြစ်ပြီး ANP ပါတီ ၏ ဥက္ကဋ္ဌ တာဝန် ယူထားသူလည်း ဖြစ်သည်။ လက်ရှိတွင် ဒေါက်တာ အေးမောင်သည် ANP ပါတီ တာဝန်မှ နုတ်ထွက်စာ တင်ထားရာ ပါတီက ဆိုင်းငံ့ထားသည်။ The post ဒေါက်တာ အေးမောင်ကို ဖမ်းဆီး အရေးယူထားမှု မရှင်းလင်းဟု ANP ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2FipNfW
via IFTTT

No comments:

Post a Comment