၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် UWSA တောင်းဆိုမည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA/UWSP) အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ဗဟိုတိုးချဲ့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။ မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် UWSA က ၎င်းတို့၏ ဗဟိုတိုးချဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ၁၀ ချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လည်း ပါဝင်လာခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်က မြန်မာ့ နိုင်ငံရေးတွင် ၎င်းတို့အာဏာ ဆက်ထိန်းထားနိုင်ရန် စိတ်ကြိုက် ရေးစွဲထားခြင်းဖြစ်ပြီး ထိုဖွဲ့စည်းပုံဖြင့် စစ်မှန်သည့် ဒီမိုကရေစီ မရရှိနိုင်ဟုဆိုက NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြင်ဆင်ပေးရန် အစဉ်တစိုက် တောင်းဆိုနေကြသည်။ UWSA ၏ ထုတ်ပြန်ချက်တွင် “ဝ” ပြည်နယ်သည် မြန်မာနိုင်ငံ၏ နယ်မြေတစိပ်တဒေသဖြစ်ပြီးမည်သည့် အကြောင်းနှင့်မျှ ခွဲထွက်မည် မဟုတ်၊ ပြင်ပရန် ကျူးကျော်လာပါက မိမိကိုယ်ကိုကာကွယ်သည့် အနေဖြင့် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်၊ ငြိမ်းချမ်းရေးအလံတော်နှင့် လက်နက် တဖက်စီကိုင်ဆောင်သွားမည်ဟုဆိုထားသည်။ ငြိမ်းချမ်းရေးအလံတော်နှင့် လက်နက်တဖက်စီကိုင်ဆောင်သွားမည်ဆိုသောအချက်မှာ ငြိမ်းချမ်းရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီးတဖက်တွင်လည်း ကိုယ်ပိုင်တပ်ကို ထိန်းသိမ်းထားမည် ဆိုသောအဓိပ္ပာယ်ကိုဆိုလိုခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေး သုတေသီ တဦးဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။ ဦးမောင်မောင်စိုး က “သူတို့အနေနဲ့ ငြိမ်းချမ်းရေး ဆက်လုပ်မယ်။ လက်နက်ကိုင်တပ်ကိုလည်း သူတို့မှာရှိနေတော့ သူတို့ဘာသာ ထိန်းသိမ်းမယ်ဆိုတဲ့ သဘောဖြစ်မှာပါ။ သူတို့မှာတပ်ရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတယ်။ ဒီအခြေခံပေါ်ကို ကြည့်ပြီးတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးကို ညှိမယ်လို့ ဖော်ညွန်းတယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား ဆွေးနွေးနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ဆိုသော အခန်းကဏ္ဍ ပါဝင်နေသည်။ UWSA ဗဟိုတိုးချဲ့ အစည်းအဝေးက တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းစဉ်ကို ကျင့်သုံးကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံမှုနည်းဖြင့် ဖြေရှင်းခြင်းကိုထောက်ခံကြောင်း၊ စစ်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ဆန့်ကျင် သွားမည်ဟုဆိုသည်။ ၎င်းတို့ အနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များကို လိုက်နာ၊ ကျင့်သုံး၊ ကိုင်စွဲပြီး ပြည်ထောင်စု မပြိုကွဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် “ဝ”ပြည်နယ်သည် တတ်နိုင်သည့် ဘက်မှ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပိုမိုပူးပေါင်းပြီးယုံကြည်မှု ခိုင်မာစွာတည်ဆောက် သွားမည်ဟုလည်း ဆိုသည်။ ထို့အပြင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုသွားမည်ဖြစ်သလို တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ပြင်ပအသိပညာရှင် အတတ်ပညာရှင်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းနှင့် စည်းကမ်းနှင့် စနစ် ကောင်းရှိသည့် ဘာသာရေး လွတ်လပ်ခွင့်မှုများ ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ထားသည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုရာတွင် တရားဝင် နိုင်ငံရေးနည်းလမ်းကြောင်းဖြင့် လုပ်ဆောင်သွားမည်ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က ဧရာဝတီသို့ ပြောသည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးုထိုးထားသည့် UWSA သည် ၁၉၈၉ ခုနှစ်ကစတင်၍ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး နှစ်ဘက် စစ်ရေးတင်းမာမှု ရံဖန်ရံခါ ဖြစ်ပေါ်လေ့ ရှိသော်လည်း လက်ရှိအချိန်ထိပစ်ခတ် တိုက်ခိုက်မှုများ မရှိသေးဟုဆိုသည်။ The post ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် UWSA တောင်းဆိုမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2rEnRfH
via IFTTT
No comments:
Post a Comment