Monday, January 29, 2018


ဦးသန့်မြင့်ဦးကို အိန္ဒိယက ဆုချီးမြှင့် မြန်မာနိုင်ငံမှ ထင်ရှားသည့် သမိုင်းပညာရှင်နှင့် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့(YHT) တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးကို အများပြည်သူဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှုကြောင့် အိန္ဒိိယနိုင်ငံက Padma Shri ဆုကို ပေးအပ်ချီးမြှင့်ရန် ပြီးခဲ့သော ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အိန္ဒိယအစိုးရက ပေးအပ်သည့် အမြင့်ဆုံး အရပ်သားဆိုင်ရာ ဂုဏ်ပြုဆုဖြစ်သည့် Padma Shri ဆုများကို နှစ်စဉ် အိန္ဒိယသမ္မတနိုင်ငံနေ့တွင် ချီးမြှင့်ရန် ကြေညာလေ့ရှိသည်။ ယင်းဆုများကို Padma Vibhushan, Padma Bhushan and Padama Shri ဟူ၍ ဆုအမျိုးအစား ခွဲထားသည်။ ယခုနှစ်အတွက် Padma ဆုပေါင်း ၈၅ ဆုချီးမြှင့်ရာ Padma Vibhushan ၃ ဆု၊ Padma Bhushan ၉ ဆု နှင့် Padma Shri ၇၃ ဆုတို့ဖြစ်ကြသည်။ အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဆုအနေဖြင့် စတုတ္ထအမြင့်ဆုံးဖြစ်သည့် Padma Shri ဆုကို အနုပညာ၊ ပညာရေး၊ ဆေးဘက်ဆိုင်ရာ၊ အများပြည်သူဆိုင်ရာနှင့် စက်မှုလုပ်ငန်း စသည့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ ယခုနှစ်ချီးမြှင့်သည့် Padma Shri ဆုကို အိန္ဒိယနှင့် အာဆီယံနိုင်ငံများ ဆက်ဆံရေး တိုးတက်စေရန် ရှေးရှု၍ အာဆီယံ ၁၀ နိုင်ငံမှ ပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းရွေးချယ်ခြင်းဖြစ်သည်။ ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးလည်း ဖြစ်သည်။ ၎င်းအနေဖြင့် မမျှော်လင့်ဘဲ ယခုဆုရရှိခဲ့ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။ “ကျနော် ငယ်ငယ်လေးကတည်းက အိန္ဒိယဆိုတာ ကျနော့်နှလုံးသားထဲမှာ အထူးသီးသန့်နေရာတစ်ခုအဖြစ် အမြဲရှိနေခဲ့ပါတယ်။ သမိုင်းကျောင်းသားတယောက်အနေနဲ့ ပင်လယ်အော် တဖက်ကမ်းက လူ့ယဉ်ကျေးမှုနဲ့အတူ ဒီနိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ချည်နှောင်ထားမှုတွေကို ကာလရှည်ကြာစွာ ကျနော် အလေးအနက်ပြုထားခဲ့ပါတယ်။ ကင်းဘရစ်တက္ကသိုလ်ရောက်တော့ ဗြိတိသျှ-အိန္ဒိယလေ့လာမှုကို အထူးပြုလေ့လာခဲ့ရတော့ ကျနော့်စာအုပ်တွေမှာ အိန္ဒိယဟာ ကြီးမားတဲ့အစိတ်အပိုင်းတခုဖြစ်ခဲ့ပါတယ်။ ကျနော် လုပ်ဖူးခဲ့သမျှတွေထဲမှာ အကောင်းဆုံးတခုအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့အလယ်ပိုင်းမှာ နှစ်လတာလောက် အိန္ဒိယတခွင် ခရီးသွားဖြစ်ခဲ့တာပါပဲ။ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ ခရီးစဉ်ပါ” ဟု သူက ဧရာဝတီသို့ အီးမေးလ်ဖြင့် ပြောသည်။ ဦးသန့်မြင့်ဦးသည် Where China Meets India: Burma and the New Crossroads of Asia စာအုပ်အပါအဝင် စာအုပ်လေးအုပ်ကို ရေးသားပြုစုခဲ့သူ စာရေးဆရာလည်းဖြစ်သည်။ “အိန္ဒိယနဲ့မြန်မာတို့ရဲ့ ကောင်းမွန်ပြီးသားဖြစ်တဲ့ဆက်ဆံရေးကို ဒီဆုဟာ အနည်းဆုံး အုတ်တချပ်သဲတပွင့်ပမာ ကူညီအားဖြည့်ပေးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ဦးသန့်မြင့်ဦးက ဆိုသည်။ The post ဦးသန့်မြင့်ဦးကို အိန္ဒိယက ဆုချီးမြှင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2DX7e3R
via IFTTT

No comments:

Post a Comment