ဝေဖန်တယ်ဆိုတာထက် ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်တာလို့ မြင်တဲ့ ဖြူဖြူကျော်သိန်း တေးသံရှင်ခင်မောင်တိုးရဲ့ ဆည်းလည်းလှိုက်သံ တေးသီချင်းကို အဆိုတော် ဖြူဖြူကျော်သိန်း ပြန်လည်သီဆိုမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုများဟာ ပုဂ္ဂလိက ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်တာဖြစ်တယ်လို့ မြင်မိကြောင်း ဖြူဖြူကျော်သိန်းက ပြောဆိုလိုက်ပါတယ်။ “ဆည်းလည်းလှိုက်သံသီချင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေလို့ ပြောတဲ့နေရာမှာ ဝေဖန်တယ် ဆိုတာထက် မိမိရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ခံစားချက်လေးတွေကို ထုတ်ဖော်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဝေဖန်တယ်ဆိုတာက အချက်အလက်တွေပေါ်မူတည်ရတယ်”လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။ ဖြူဖြူကျော်သိန်းရဲ့ သီဆိုမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှ အင်တာဗျူးတခုက အစပြုလို့ ဝေဖန်မှု များပြားလာခဲ့ပြီး အဆိုပါ ဝေဖန်မှုများဟာ ဝေဖန်သူများရဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော် ခြင်းသာဖြစ်တယ်လို့ ဖြူဖြူကျော်သိန်းက ပြန်လည်ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆည်းလည်းလှိုက်သံသီချင်းကို လှိုင်းတေးသံသွင်းရဲ့နှစ် ၅၀ ပြည့် ရွှေရတုသီချင်းများ အယ်လ်ဘမ်တွင် ဖြူဖြူကျော်သိန်းက ပြန်လည်သီဆိုထားတာဖြစ်တယ်။ အဆိုပါ တေးအယ်လ်ဘမ်ထဲတွင် တချိန်က တေးသံရှင်ခင်မောင်တိုး သီဆိုခဲ့တဲ့ နာမည်ကြီးတေး သီချင်းများကို အောင်ထက်၊ စောလားထော်ဝါး၊ M ဇော်ရိန်၊ မိုးသောက်၊ နေမင်းအိမ်၊ ဖြူဖြူကျော်သိန်း ၊ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ ဘီလီလမင်းအေး ၊ ဂျူဝယ်လ် တို့က ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ အဲဒီလို ပြန်လည်သီဆိုခဲ့တဲ့ သီချင်းများထဲမှ ဖြူဖြူကျော်သိန်း သီဆိုထားတဲ့ ဆည်းလည်းလှိုက်သံ သီချင်းဟာ တခြားသီချင်းများထက် ဝေဖန်မှုများပြားခဲ့တာပါ။ “ဖြူဖြူစပြီး အဆိုတော်ဖြစ်လာတဲ့ခေတ်က အခုချိန်ထက် ပြန်ဆိုတေးတွေ ပိုများပါတယ်။ အဲဒီခေတ်မှာ အဆိုတော်ဖြစ်တာတောင်မှ ဖြူဖြူဟာ ပြန်ဆိုတေးဆိုတာ အနည်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် သီချင်း တပုဒ်ကို လက်ခံတဲ့အခါမှာ ပြန်ဆိုတေးတွေ လက်ခံတဲ့အခါမှာ တေးရေးဆရာကို လေးစားတဲ့စိတ် နောက်ပြီး ဒီသီချင်းကို သီဆိုခဲ့ကြတဲ့ ဝါရင့် သဘာရင့် ဂီတပညာရှင်တွေကို ရိုသေတဲ့စိတ်နဲ့ အမြဲတမ်းဆိုတယ်။ ကိုယ်ကိုယ်တိုင်နားလည်ပြီးတော့ ကိုယ့်ပုံစံနဲ့ကိုယ်ပြန်လုပ်လို့ရမယ့် သီချင်းမျိုးကို ရွေးချယ်ပြီး သီဆိုပါတယ်။ ကိုယ့်ပုံစံနဲ့ပြန်ဆိုဖို့ခက်တဲ့ သီချင်းတွေဆို ပိုက်ဆံဘယ်လောက်ပုံပြီးပေးပေး ဖြူဖြူလုံးဝမဆိုခဲ့ဘူး။ သူကဘာမို့လို့ ပြန်မဆိုတာလဲ ဆိုတာမျိုး မကျေနပ်တဲ့သူတွေလည်း ရှိကြပါသေးတယ်” လို့ ပြောပါတယ်။ ယခင်ကလည်း ပြန်ဆိုတေးများကို သီဆိုခဲ့ဖူးပြီး အဆိုပါ ပြန်ဆိုတေးများက ပရိသတ်တောင်းဆိုမှုအများဆုံး သီချင်းများထဲတွင် အပါအဝင်ဖြစ်ခဲ့ကာ အဲဒီကာလတွေတုန်းကလည်း ဝေဖန်မှုများရှိခဲ့ပြီး ယခုအချိန်မှာ ဆိုရှယ်မီဒီယာအားကောင်းလာတဲ့အတွက် ပိုမိုပြောဆိုလာနိုင်တာဖြစ်တယ်လို့ သူရဲ့ အမြင်ကို ပြောပါတယ်။ ဆက်လက်ပြီး ဖြူဖြူကျော်သိန်းက ဂီတစာဆို ကိုလေးလွင် အမှတ်တရ ရွှေတေးသီချင်းများအခွေထဲတွင် ယခင်က တေးသံရှင် အယ်လ်ခွန်းရီနှင့် ပလေးဘွိုင်းသန်းနိုင်တို့ သီဆိုထားတဲ့ “ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး” ဆိုတဲ့ တေးသီချင်းကို အောင်ထက်နဲ့အတူ ပြန်လည်သီဆိုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ The post ဝေဖန်တယ်ဆိုတာထက် ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်တာလို့ မြင်တဲ့ ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2DE1wAI
via IFTTT
No comments:
Post a Comment