M4 မော်ဒယ်လ်ထက် ပိုမိုကောင်းမွန်တဲ့ သေနတ်အသစ် အမေရိကန်စစ်တပ် စမ်းသပ်လျက်ရှိ အရင်ဆုံး M4 ဆိုတဲ့ မော်ဒယ်နဲ့ မရင်းနှီးသေးသူတွေအတွက် သူ့အကြောင်း နည်းနည်းလောက် အရင် ပြောပြချင်ပါတယ်။ ရှေ့ထွက် M16A2 ရိုက်ဖယ်ထက် ပိုမိုတိုတောင်းပြီး ပေါ့ပါးအောင် ဖန်တီးထားတဲ့ သေနတ်ပဲဖြစ်ပါတယ်။ လေအားသုံး အအေးခံစနစ်နဲ့ 5.56×45 mm အရွယ်ရှိ ကျည်ဆံထည့်သွင်း ပစ်ခတ် ရပါတယ်။ အမေရိကန်ရဲ့ဖန်တီးမှုတခုဖြစ်ပြီး ၁၉၉၄ ခုနှစ်ကနေ စတင်ထုတ်လုပ် အသုံးပြုလာခဲ့တာဖြစ်ပြီး အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ဆီးရီးယား၊ ယီမင်လို ဒေသတွေမှာ အမေရိကန်တပ်တွေ အသုံးပြုခဲ့ပါတယ်။ ထုတ်လုပ်မှုစရိတ် တလက်ကို ဒေါ်လာ ၇ဝဝ လောက်ကျပါတယ်။ အလေးချိန် ၆.၅ ပေါင်ပဲ လေးပါတယ်၊ အလျား ၃၃ လက်မ ရှိပါတယ်။ ကျည်ပြေးနှုန်းက တစက္ကန့်ကို ၂၉၇၀ ပေထိအောင် ရောက်ပါတယ်။ မီတာ ၅၀၀ ထိအောင် အဝေးဆုံး ပစ်မှတ်တွေကို ကောင်းကောင်း ပစ်ခတ်နိုင်ပါတယ်။ ကျည်တကတ်မှာ အတောင့် ၃ဝ ဆံ့ ပါတယ်။ အမေရိကန်ကြည်းတပ် အပါအဝင် ကမ်းတက်အထူးအဖွဲ့လို တပ်ဖွဲ့တွေမှာ လက်ရှိအသုံးပြုနေတာပါ။ M203 နဲ့ M320 လို လောင်ချာတွေကိုလည်း M4 နဲ့အတူ ပူးတွဲတပ်ဆင်လို့ ရပါသေးတယ်။ ဟုတ်ပါပြီ။ ဒါက M4 အကြောင်း သိကောင်းစရာတချို့ပါ။ ပြောရရင်တော့ M4 ဆိုတာ လက်ရှိ အမေရိကန်စစ်တပ်မှာ အများဆုံး အသုံးပြုနေတဲ့ သေနတ်ပါ။ အခုတော့ ဒီ မော်ဒယ်လ်ထက် ပိုကောင်းမယ့်မော်ဒယ်လ်ကို အဆင့်မြှင့်တင်ထုတ်လုပ်မှုအနေနဲ့ ထုတ်နိုင်၊ သုံးနိုင်အောင် အမေရိကန်စစ်တပ်က စမ်းသပ်ဖန်တီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်ဖက်ရေးရာ အကြီးအကဲ ဗိုလ်ချုပ် Mark Milley က ကာကွယ်ရေးဝန်ကြီးဌာနကနေ အခု မော်ဒယ်လ်သစ် ဖန်တီးမှုကို ဦးဆောင် ကိုင်တွယ်ဖန်တီးနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ သိသာတဲ့ အဆင့်မြှင့်တင်နိုင်မှု လုပ်ဆောင်ဖို့ ကြိုးစားနေတာပါ။ မော်ဒယ်လ်သစ်ကို မကြာခင်မှာ စမ်းသပ်ပစ်ခတ်နိုင်ဖို့လောက်ထိအောင် ဖန်တီးမှု ပြီးစီးနေပြီလို့လည်း သိရပါတယ်။ အထူးသဖြင့်တော့ စစ်သားတွေအတွက်ရော တကယ်တမ်း စစ်ပွဲမှာပါ အဆင်ပြေမယ့် သေနတ်က အရွယ် သေးသေး၊ သယ်ဆောင်ရ လွယ်ကူပြီး ထိရောက်တဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နိုင်မယ့် သေနတ်မျိုးပါ။ အခု လက်ရှိ သုံးနေတဲ့ M4 ကတော့ ဆယ်စုနှစ် ၂ စုကျော်ထိအောင် သက်တမ်းရှိနေပြီလည်း ဖြစ်သလို နည်းပညာ တိုးတက် ကောင်းမွန်လာမှုအနေအထားက M4 ကို အဆင့်မြှင့်တင်နိုင်ဖို့ လွယ်ကူတဲ့ အနေအထားကိုလည်း ရောက်လာနေပါတယ်။ Milley ကတော့ မကြာသေးခင်က ကာကွယ်ရေးဝန်ကြီးဌာနကနေ စစ်သားတွေကို ပစ္စတို(Pistol) အသစ်နဲ့ အခြား စစ်ဖက်သုံး အထောက်အကူပြု ပစ္စည်းသစ် တချို့လဲလှယ် အသုံးပြုခွင့်ပေးခဲ့ပေမယ့် အဓိက ကိုင်ဆောင်တဲ့ M4 လို လက်နက်ကိုလည်း အဆင့်မြှင့်တင် အသုံးပြုမှုရှိနေစေချင်တဲ့ သဘောပါ။ ဒါပေမယ့် အဓိက ကိုင်ဆောင်လက်နက်အဖြစ် အသုံးပြုနေတဲ့ M4 ကို အဆင့့်မြှင့်ဖို့က လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကဆိုရင် အမေရိကန် စစ်တပ်အနေနဲ့ ၇.၆၂ မီလီသုံး လက်နက် အသစ်ကို ဝယ်ယူပြီး အစားထိုးသုံးစွဲ့ဖို့ ပြင်ဆင်ခဲ့သေးတာတွေ့ရပြီး ကာကွယ်ရေးပိုင်းက ဘဏ္ဍာငွေ ချပေးမှု မလုံလောက်တာကြောင့် အစားထိုး အသုံးပြုနိုင်မှု မရှိခဲ့တာလည်း တွေ့ရပါတယ်။ ဒါကြောင့် M4 နေရာကို လက်နက်အသစ် အစားထိုး ဝယ်ယူအသုံးပြုနိုင်မှု နှောင့်နှေးသွားခြင်းနဲ့အတူ အခုလို M4 ကိုပဲ အဆင့်မြှင့်တင်အသုံးပြုဖို့ ပြင်ဆင်နေတာလည်းဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗာဂျီးနီးယား ပြည်နယ် ခရစ်စတယ်စီးတီးမှာ ကျင်းပခဲ့တဲ့ အမေရိကန်တပ်ပေါင်းစုအခမ်းအနားမှာ Milley က ပြောပါတယ်။ ဂျော်ဂျီယာနယ်အတွင်း လက်နက်သစ်နဲ့ ပတ်သက်တဲ့ စမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုသလို အောင်မြင်အောင် ဖန်တီးမှုပြီးစီးရင်တော့ ထုတ်လုပ်မယ့် မိတ်ဖက်ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီး မော်ဒယ်သစ်ကို လိုအပ်သလို ထုတ်လုပ်မယ်။ မကြာခင်မှာ ကြည်းတပ်ရော ကမ်းတက်တပ်ဖွဲ့မှာပါ မော်ဒယ်သစ်ကို အသုံးပြု နိုင်တော့မှာပါ၊ အချိန်ဘယ်လောက်လိုသေးတယ်လို့တော့ မပြောလိုပါဘူး။ မကြာခင်မှာ အသုံးပြုနိုင်မှာပါ၊ လက်ရှိ M4 ထက် တိကျမှု ပိုကောင်းမယ်၊ ထိရောက်မှု ပိုမိုပြင်းထန်မယ်၊ အကွာအဝေး ပိုပစ်ခတ်နိုင်လာမယ်လို့ Milley က ပြောပါတယ်။ လက်နက်သစ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တစုံတရာကိုတော့ Milley က ပြောဆိုမှုမရှိပါဘူး။ ဒါပေမယ့် အသုံးပြုမယ့် ကျည်ဆံအသစ်က ၅.၅၆ မီလီ ဒါမှမဟုတ် ၇.၆၂ မီလီ ဖြစ်နိုင်ပါတယ်၊ Fully Auto စနစ်နဲ့ ဖြစ်ပါတယ်။ M4 မှာတော့ Semi-Auto နဲ့ပါ သုံးနိုင်ခဲ့တာပါ။ မော်ဒယ်သစ်ရဲ့စနစ်က တကယ်ကို စိတ်ကြိုက်အနေအထားပါ။ ဖန်တီးမှုအကောင်းဆုံး လက်နက်သစ် ဖြစ်လာနိုင်ပါတယ်။ ထုတ်လုပ်မှုလည်း ပိုပြီး မြန်ဆန် လွယ်ကူလာဖို့ ရှိပါတယ်။ နောက်ထပ် နှစ်ပေါင်း များစွာကြာသည့်တိုင်အောင် အခု အသစ်လာမယ့် မော်ဒယ်ကိုပဲ ဆက်လက် အသုံးပြုနိုင်လောက်အောင် ကောင်းမွန်ပါလိမ့်မယ်လို့ပဲ Milley က မှတ်ချက်ပေးတာ တွေ့ရပါတယ်။ သူက လက်ရှိ အမေရိကန်တပ်မှာ သုံးနေတဲ့ M4 နဲ့ M16 လို မော်ဒယ်တွေက တခြား အင်အားကြီးနိုင်ငံတွေမှာ သုံးနေတဲ့ လက်နက်တွေနဲ့ စွမ်းဆောင်ရည်လည်း သိပ်မကွာဘူး၊ ဒီသေနတ်တွေအကြောင်းကို တခြား တပ်တွေက သိရှိနားလည်ထားပြီဖြစ်တဲ့အတွက်လည်း လက်နက်သစ် လိုအပ်နေတာလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ M4 ဟာ ဓါတ်ငွေ့ဖိအားသုံးစနစ် ပါရှိပါတယ်။ ဒီစနစ်က အမှားဖြစ်စေဖို့ လွယ်တယ်။ ဒါကြောင့် ဒီစနစ်ထက် ပိုကောင်းမယ့် စနစ်သုံး သေနတ်အသစ် မဖြစ်မနေ လိုအပ်နေတယ်လို့လည်း အမေရိကန်စစ်တပ်က အငြိမ်းစား ဗိုလ်ချုပ်ကြီး Robert Scales က ပြောပါသေးတယ်။ ဒါဟာ M4 ရဲ့ အဓိက အားနည်းချက်ပါပဲ။ သင့်လက်ထဲမှာ ပျက်နေရင်လည်း ပြင်လို့ မရပါဘူးလို့ Scales က Task & Purpose နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ Scales က ယခင်နှစ်တွေကတည်းက M4 အစား စွမ်းဆောင်ရည် ပိုကောင်းတဲ့ Heckler & Koch ထုတ် HK416 လို မော်ဒယ်တွေကို ကြည်းတပ်မှာပါ အသုံးပြုဖို့ တင်ပြနေခဲ့သူလည်း ဖြစ်ပါတယ်။ HK416 ကတော့ လက်ရှိ ကမ်းတက်တပ်ဖွဲ့မှာ M4 နဲ့ ဆင်တူ M27လို မော်ဒယ်တွေနဲ့အတူ အသုံးပြုနေတဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။ လက်နက်သစ်နဲ့ ပတ်သက်ပြီး Scales က မော်ဒယ်သစ်မှာ သေနတ်ထိပ် အသံနဲ့ မီးထိန်းစနစ် ပါလာမယ်လို့ ဆက်ပြောပါတယ်။ ဒီလို ထိန်းချုပ်စနစ်က ပစ်ခတ်မှုကြောင့် သေနတ်ရဲ့ ထိပ်ဖျားမှာ မီးပွင့်ထွက်ခြင်းနဲ့ အသံထွက်ခြင်းကို အကောင်းဆုံး ထိန်းချုပ်ပေးမှာပါ။ ဒါကလည်း အနီးကပ် တိုက်ခိုက်မှု စစ်ပွဲအတွင်း မီးပွင့်ထွက်ခြင်းနဲ့ အသံထွက်ခြင်းတွေက ရန်သူအနေနဲ့ ပစ်ခတ်သူကို ခြေရာခံ သိရှိစေနိုင်လို့ အခုလို မီးပွင့်မှုရော အသံထွက်မှုကိုပါ ထိန်းချုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လု့ိ ဆိုပါတယ်။ www.businessinsider.com တွင်ဖော်ပြထားတဲ့ The army is testing a new rifle that could have better range and accuracy than the M4 ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post M4 မော်ဒယ်လ်ထက် ပိုမိုကောင်းမွန်တဲ့ သေနတ်အသစ် အမေရိကန်စစ်တပ် စမ်းသပ်လျက်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2rNxPeG
via IFTTT
No comments:
Post a Comment