ကိုသန်းတိုးအောင် လွတ်မြောက်ရေး စခန်းမှူးနှင့် နယ်ထိန်းကို ပိုက်ဆံပေးခဲ့ရဟုဆို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ကိုသန်းတိုးအောင်က ၎င်းလွတ်မြောက်ရေး အတွက် ဖခင်ဖြစ်သူက ကျောက်တံတား ရဲစခန်း စခန်းမှူးနှင့် နယ်ထိန်းတို့ကို ကျပ်တသိန်းစီ ပေးခဲ့ရကြောင်း သတင်းမီဒီယာများကို ပြောဆိုသည်။ ကျောက်တံတားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရိုက်နှက်ခြင်းခံရသည်ဆိုသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်း (YSPS) ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကိုသန်းတိုးအောင် က ရှင်းပြခဲ့ခြင်းဖြစ်သည်။ ကိုသန်းတိုးအောင် က “ခင်ဗျားသားကို ဆေးမှုနဲ့ ထောင်ချလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တဲ့ စကားပေါ့ဗျာ။ ဖအေဖြစ်တဲ့အခါ ဒီလိုအခြေအနေမျိုးမှာ သူ့သားလေး အနာဂတ်ရှိတယ်။ အပြင် ထွက်စေချင်တယ်။ ဒါမျိုးနဲ့ အချိန်မကုန်ခံစေချင်ဘူး။ မြန်မြန်ထွက်ရရင် ပြီးရောဆိုပြီးတော့ ပေးခဲ့မယ်ဆိုပြီးပေးခဲ့တယ်။ နယ်ထိန်းအရာရှိ ဦးအောင်ဇော်ဝင်းနဲ့ စခန်းမှူး ဦးမျိုးသန့်ကို တယောက်ကို ၁ သိန်းစီ ပေးခဲ့တယ်လို့ ကျနော့်ကိုပြောတယ်”ဟု ရှင်းပြသည်။ ကိုသန်းတိုးအောင်သည် နိုင်ငံရေးသိပ္ပံကျောင်းသား တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား၏ လူငယ်ခေါင်းဆောင်ရေးရာ အစီစဉ်နှင့် အခြားလူငယ်ရေးရာ ခေါင်းဆောင်မှု အစီအစဉ်များတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်။ ယခုလက်ရှိတွင်လည်း ဒေသတွင်း လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် ည ၁၁ နာရီခန့်က လမ်း ၄၀ ထိပ်တွင် ထိုင်နေသည့် ကိုသန်းတိုးအောင်ကို ရဲတပ်ဖွဲ့ဝင်များက မသင်္ကာမှုကြောင့် ဖမ်းဆီးရိုက်နှက်ခဲ့သည်ဆိုသော ရှင်းလင်းတင်ပြချက်ကိုဇန်နဝါရီ ၂၆ ရက်တွင် ကိုသန်းတိုးအောင်၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ပြခဲ့ရာမှတဆင့် ပျံ့နှံ့သွားခဲ့ပြီးဇန်နဝါရီ ၂၇ ရက်တွင် ရဲတပ်ဖွဲ့က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သေးသည်။ ရဲတပ်ဖွဲ့၏ တင်ပြချက်တွင် လှည့်ကင်းဆောင်ရွက်စဉ် လူငယ်တဦးကို မသင်္ကာတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းစဉ် ယင်းလူငယ်မှာ စစ်ဆေးမေးမြန်းခြင်း မခံဘဲရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အနီးရှိ Asia Plaza ဟိုတယ် အတွင်း ဝင်ရောက်သွားခဲ့ရာ ဟိုတယ်လုံခြုံရေး ဝန်ထမ်းနှင့် မန်နေဂျာတို့က ဖမ်းဆီးပြီး လှည့်ကင်း အဖွဲ့ထံအပ် နှံပေးခဲ့သဖြင့် စခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခြင်းမရှိခဲ့ဟုဆိုသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသော ရဲတပ်ဖွဲ့ဝင်များက မိဘများထံ ဆက်သွယ်ပေးခဲ့ရာ ဖခင်ဖြစ်သူရဲစခန်းသို့ ရောက်ရှိလာချိန်တွင် ဖခင်ဖြစ်သူမှ ၎င်း၏သားဖြစ်သူ သန်းတိုးအောင်မှာ တခါတရံ စိတ်လွတ်တတ်သူ ဖြစ်ကြောင်း ဖော်ပြချက်သည်လည်း မမှန်ကြောင်း ကိုသန်းတိုးအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ရန်ကုန် Police က တင်ထားတယ်။ ကျနော့် အဖေကကျနော်ဟာ တခါတလေမှာ စိတ်လွတ်တတ်သူတဦး ဖြစ်ကြောင်း ပြောတယ်ဆိုပြီး တင်ထားတယ်။ နံပါတ်တစ်အချက် ကျနော့်အဖေ လုံးဝမပြောခဲ့ပါဘူး။ ကျနော့်အဖေ ပြောခဲ့တာက ကျ နော်ဟာ မဟုတ်မခံ စိတ်မြန်တတ်တယ်။ အဲဒါမျိုးပြောတယ်။ ဒီဟာမျိုးက ကျနော့်အတွက် မရယ်ရတဲ့ ဟာသတခုဖြစ်နေတယ်” ဟု ကိုသန်းတိုးအောင်က ဆိုသည်။ ဆက်လက်၍ ၎င်းက မသင်္ကာမှုဖြင့် စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားမှု မရှိခြင်း၊ မောင်းနှင်လာသည့် မော်တော်ကားတွင် ရဲတံဆိပ်မပါခြင်း၊ သံသယရှိရုံဖြင့် ပြည်သူ တယောက်ကို ထိုးကြိတ်ရိုက်နှက်ခြင်း စသဖြင့် ရဲကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း မရှိဘဲ ဥပဒေဘောင် အပြင်ဘက်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းပြောသည်။ ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် ကိုသန်းတိုးအောင်၏ ဖြစ်စဉ်ဖော်ပြချက်များ ကွဲလွဲမှုများရှိနေသည့်အပေါ် သက်ဆိုင်ရာရဲစခန်းသို့ စုံစမ်းမေးမြန်းရန် ဧရာဝတီသတင်းဌာနအပါအဝင် မီဒီယာ ၁၀ ခုခန့်က သွားရောက်မေးမြန်းခဲ့သော် လည်း ကျောက်တံတား ရဲစခန်းက တာဝန်ယူဖြေကြားပေးခြင်းမရှိခဲ့ပါ။ အခင်းဖြစ်ပွားသောညက ကိုသန်းတိုးအောင် ပြေးဝင်သွားသော Asia Plaza ဟိုတယ် အဝင်ဝက လုံခြုံရေး CCTV မှတ်တမ်းများကို သွားရောက် တောင်းယူရာတွင် ဟိုတယ်မန်နေဂျာက ပေးလို့မရကြောင်း၊ ရဲများလည်း လာရောက် တောင်းသည်ကိုပင် မပေးခဲ့ကြောင်း ပြောသည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့မှ မောင်ဆောင်းခ က ပြောသည်။ မောင်ဆောင်းခ က “ဒီမှတ်တမ်းက အရေးကြီးတယ်။ အဲတော့ ကျနော်တို့ကို သိမ်းထားပေးပါ။ ရဲတွေကိုယ်တိုင်ကျူးလွန်းတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ကျနော်တို့မှာ အထောက်အထား မရှိလို့ရှိရင် ကျနော်တို့ပဲ ပြန်နစ်နာနိုင်တယ်ပေါ့။ အဲဒါကြောင့် ဟုတ်ကဲ့ပါ။ ဒါလုပ်ထားပေးပါ့မယ်လို့ ပြောခဲ့တယ်။ ဒါကိုယုံကြည်ပြီးတော့ပဲ ကျနော်တို့လုပ်ခဲ့တယ်” ဟုဆိုသည်။ သို့သော်လည်း ထိုမှတ်တမ်းကို ကျောက်တံတားမြို့နယ် ရဲစခန်းက ရရှိသွားပြီး လိုသလောက်သာ ဖြတ်တောက်တင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် Asia Plaza ဟိုတယ်ထံ ပြန်သွား၍ CCTV မှတ်တမ်းသွားရောက်တောင်းဆိုရာတွင် ထိုမှတ်တမ်းသည် ၇ ရက်နှင့် ကုန်သွားတာဖြစ်သဖြင့် မရှိတော့ကြောင်း ပြောဆိုလိုက်ဟု သိရသည်။ ဖြစ်စဉ်ဖြစ်ပြီးနောက်ရက် ဇန်နဝါရီ ၁၉ ရက်တွင် ကာယကံရှင် ကိုသန်းတိုးအောင်နှင့် အတူ မောင်ဆောင်းခ တို့သည် ကျောက်တံတားရဲစခန်းသို့ သွားရောက်၍ ရဲမှူးနှင့်တွေ့ဆုံကာ ဖြစ်စဉ်တွင်ပါ ဝင်ခဲ့သူများကို အရေးယူမှု ပြုလုပ်ပေးရန် တိုင်တန်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သည့် မောင်ဆောင်းခ ကပြောသည်။ ယင်းသို့ တိုင်တန်းချိန်တွင် ရဲမှူးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အားလုံး ကိုယ်စား တောင်းပန်ကြောင်း၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ကို တင်ပြဆောင်ရွက်ပေးသွားမည်ဟု ကတိပေးပြောဆိုခဲ့မှုကို ၎င်းတို့အနေဖြင့် တပတ်ကျော်ကြာ စောင့်ဆိုင်းပေးခဲ့ကြောင်း၊ တစုံတရာ အကြောင်းထူးမှု မရှိသည့်အတွက် လူမှုကွန်ရက်ပေါ်တင်ခြင်း၊ သတင်းစာရှင်းလင်းပွဲလုပ်ခြင်းဖြင့် အများပြည်သူကို အသိပေး တင်ပြရခြင်းဖြစ်ကြောင်း မောင်ဆောင်းခ က ရှင်းပြသည်။ မောင်ဆောင်းခ က “ရဲတွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေ မြောက်မြားစွာရှိတယ်။ ဒီဟာတွေ အပေါ်မှာ သူ့ရဲ့ဥပဒေအလိုက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တခုရရင် ကျနော်တို့ ကျေနပ်တယ်။ ဘယ်သူ့ကိုမှ နစ်နာပါစေ။ ဒုက္ခဖြစ်ပါစေဆိုတာမျိုး။ ထောင်ကျပါစေဆိုတာမျိုး ရည်ရွယ် ထားခြင်းမရှိဘူး။ အဓိက က တရားမျှတမှု တခုရမယ်။ တခြားရဲတွေလည်း ဒီကိစ္စကို သိသွားပြီး ငါတို့ လူတယောက်ကို ပြီးစလွယ်လုပ်လို့ မရဘူးဆိုတဲ့ အခြေအနေ တခု သူတိုစိတ်ထဲ ဝင်သွားတယ်ဆိုရင် တခုခု အပြောင်းအလဲဖြစ်နိုင်တယ်လို့ မျှော်လင့်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေးနေပြီး ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုများ ပေါ်ပေါက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းစုံခုံစစ်ဆေးမှုမှ အဖြေတခု ထွက်ရှိလာရန် မျှော်လင့်ထားပြီး ရလဒ်အပေါ်မူတည်ကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာလွှတ်တော် ကော် မတီများကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်း မောင်ဆောင်းခ က ပြောသည်။ “အမှန်တရားကို လိုချင်တယ်။ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးပါဆင်နယ် အငြိုးအတေးထားပြီး လုပ်နေတာလည်း မဟုတ်ဘူး။ ကျနော်တို့ တရားမျှတမှုကို တရားဥပဒေဘောင် အထဲကနေပဲ လိုချင်တယ်” ဟု ကိုသန်းတိုးအောင် က ပြောဆိုသည်။ The post ကိုသန်းတိုးအောင် လွတ်မြောက်ရေး စခန်းမှူးနှင့် နယ်ထိန်းကို ပိုက်ဆံပေးခဲ့ရဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2GtJOkS
via IFTTT
No comments:
Post a Comment