Saturday, January 27, 2018


အစိုးရနှင့် မွန်ပြည်သစ် ဖေဖော်ဝါရီတွင် အပစ်ရပ်လက်မှတ်ထိုးမည် အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းရှိသည်။ ထို့အတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုဘက်မှ အဆိုပြုထားသော အချက် ၈ ချက်ကိုလည်း NCA နှင့်အတူ တပါတည်း ရေးထိုးသွားရန် ဆုံးဖြတ်ထားကြောင်း NMSP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှ က ပြောသည်။ နိုင်ဝင်းလှ က “NCA ထိုးဖို့ အရင်ကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ အခုတော့ ထိုးမယ်။ ၈ ချက်ကိုလည်းထိုးမယ်။ သပ်သပ်စီ သွားမလား တရက်တည်းထိုးဖြစ်မလားတော့ မသိသေးဘူး။ ဘယ်နေ့ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ဖေဖော်ဝါရီ ဒုတိယ အပတ်ထဲမှာ ထိုးဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။ NMSP မှ ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည့်နေ့မှာပင် NMSP နှင့် LDU တို့က ၎င်းတို့အနေဖြင့် မကြာခင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကတိပြုချက် စာတစောင်ကို ပူးတွဲထုတ်ပြန် ကြေညာခဲ့ကြသည်။ NMSP အနေဖြင့် NCA လက်မှတ်ထိုးရန်နှင့် အဆိုပြုချက် ၈ ချက်ကို လက်မှတ်ထိုးနိုင်မည့်ရက် သတ်မှတ်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ယခု ရက်ပိုင်းအတွင်း အစည်းအဝေးခေါ်၍ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း NMSP ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်အောင်မငေး ကလည်း ပြောသည်။ NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ (NMSP)သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလထဲက အဖွဲ့အစည်းအတွင်းဆုံး ဖြတ်များ ချမှတ်ထားပြီး UNFC တပ်ပေါင်းစုများ ပါဝင်လာရေး စောင့်ဆိုင်းနေခြင်းကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်းသိရသည်။ UNFC ဘက်မှ အဆိုပြုထားသည့် အချက် ၈ ချက်နှင့်ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ဘက်က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား ၈ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုအတိုင်း သဘောတူရေးထိုးသွားမည်ဟုဆိုသည်။ အစိုးရနှင့် DPN တို့အကြား အဆိုပါ ၈ ချက်နှင့် ပတ်သက်၍ ၁၇ လ အကြာ ဆွေးနွေးခဲ့ပြီးနောက် အချက်အားလုံး နီးပါး မူအားဖြင့် သဘောတူနိုင်ခဲ့ကြသော်လည်း “ဖက်ဒရယ် ဒီမိုကရေစီ” ဆိုသည့် ဝေါဟာရ နှင့်ပတ်သက်၍ တစ်ဆို့ခဲ့ပြီး UNFC အဖွဲ့ဝင်များ ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့က ထိုအချက်ကို အကြောင်းပြ၍ ချန်ရစ်နေခဲ့သည်။ နိုင်အောင်မငေး က “မထိုးရသေးတဲ့အဖွဲ့က သူတို့ ဆက်ပြီးတော့ ယူသွားရင်လည်းကျနော်တို့ ဘာမှ မပြောချင်ပါဘူး။ သူတို့ ဆက်ပြီးတော့ သယ်သွားချင်လဲသယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ၂ ဖွဲ့ (NMSP နဲ့ LDU) ကတော့ ဒီအဋ္ဌမအကြိမ် ဆုံးဖြတ်ချက် အပေါ်မှာပဲ ဆုပ်ကိုင်ပြီးတော့ ဆက်သွားပါမယ်လို့လဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့ အခါမှာရော အဲလိုပြောပြထားတယ်။ အဲဒါကိုပဲ လက်မှတ်ထိုးသွားမယ်။ အရင် ၈ ချက် လက်မှတ် ထိုးမယ် ပြီးရင် NCA လက်မှတ်ထိုးမယ်” ဟု ဧရာဝတီသို့ ပြောသည်။ UNFC မှ အဆိုပြုသည် ၈ ချက်နှင့်ပတ်သက်ပြီးအစိုးရဘက်မှ ဆက်လက် ဆွေးနွေးစရာမရှိတော့ကြောင်း၊ အားလုံးဆွေးနွေး အတည်ပြုချက် ရယူနိုင်ခဲ့ပြီးဟု မှတ်ယူထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ဦးလှမောင်ရွှေက ပြောသည်။ “PC နဲ့ DPN တို့ အဆိုပြုချက် ၈ ချက်အပေါ် ၂၀၁၆ ခုနှစ်၊ မေလက စပြီးတော့ ဆွေးနွေးခဲ့တာ အခုဆိုရင် ၁၇ လကြာခဲ့ပြီ။ အကြိမ်ပေါင်း မြောက်များစွာ ဆွေးနွေးခဲ့ပြီးပြီ။ ဒါကြောင့် PC အနေနဲ့ နှစ်ဖက် ကျေလည်အောင် ဆွေးနွေးခဲ့ပြီးပြီလို့ မှတ်ယူထားပါတယ်” ဟု ၎င်းက ပြောသည်။ NMSP နှင့် LDU လက်မှတ် ထိုးလာမည်ဖြစ်သည့်အတွက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) ရုံးများကို တိုးချဲ့နေသကဲ့သို့ အဖွဲ့ဝင်သစ်များအတွက် ရာထူးတာဝန်များကို ပြန်လည် ခွဲဝေပေးနိုင်ရန် စီစဉ်နေကြောင်းသိရသည်။ The post အစိုးရနှင့် မွန်ပြည်သစ် ဖေဖော်ဝါရီတွင် အပစ်ရပ်လက်မှတ်ထိုးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2BwHRkb
via IFTTT

No comments:

Post a Comment