ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား အရင်တုန်းက တက္ကဆီနဲ့ပဲ အိမ်ပြန်လေ့ ရှိပေမယ့် ဒီရက်ပိုင်းမှာ ဘတ်စကားနဲ့ပဲ အိမ်ပြန်မယ် လို့ မတင်ဇာညိမ်း ဆုံးဖြတ်ထားပါတယ်။ မကြာသေးမီကပဲ တက္ကဆီငှားစီးတဲ့ မိန်းကလေးတယောက် မတရားပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတဲ့ အဖြစ်ဟာ သူမ အပါအဝင် မိန်းကလေးတွေကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ မတင်ဇာညိမ်းက ပုဂ္ဂလိက ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်ရတာကြောင့် ရုံးနဲ့ အိမ်သွားရင် မြန်မြန်ပြန် ရောက်အောင် တက္ကဆီ ငှားလေ့ရှိပါတယ်။ ရုံးက ရန်ကုန်မြို့ထဲမှာ သူမနေတာက သင်္ကန်းကျွန်းစံပြဈေးအနီးမှာ ဖြစ်ပါတယ်။ “ညီမ မိဘတွေက အခုဆို တတွတ်တွတ်မှာတယ်၊ သမီး ဘတ်စ်ကားပဲ စီးနော်၊ တက္ကဆီမငှားနဲ့တဲ့။ အရင်ကတော့ ဘတ်စ်ကားက မနက်ရုံးသွားရင်လည်းကျပ်၊ ရုံးပြန်ရင်လည်း ကျပ် ဖြစ်နေလို့ပေါ့။ ဒါပေမယ့် အခုတော့ ဘတ်စ်ကားပဲ တိုးစီးတော့မယ်၊ ပန်းဆိုးတန်းမှတ်တိုင်ကနေ စံပြဈေးမှတ်တိုင်ကို YBS (၇) စီးပြီးပဲ ပြန်တော့မယ်၊ ဘတ်စ်ကားပေါ်မှာ ပိုလုံခြုံတယ် လို့ ယူဆလို့ပါ” လို့ ပြောပြပါတယ်။ လုပ်ငန်းသဘောအရ ဖြစ်စေ၊ တခြားသော အကြောင်းတွေကြောင့် ဖြစ်စေမိုးချုပ်မှ အိမ်ပြန်ရတဲ့ မိန်းကလေးတွေ လုံခြုံရေး ရွေးချယ်စရာက များများစားစား မရှိလှပါဘူး။ ကိုယ်ပိုင်ကားစီးပြီး အိမ်ပြန်နိုင်သူက အနည်းစုပဲ ဖြစ်တာမို့ အငှားကား ဖြစ်စေ၊ ဘတ်စ်ကား ဖြစ်စေ စီးပြီး အိမ်ပြန်ကြရတာပါ။ ရန်ကုန်မြို့နေ လူထုကြား ထိတ်လန့်တုန်လှုပ်သွားစေတဲ့ သတင်းက ဇန်နဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာကြောင့် တက္ကဆီငှားပြီး အိမ်ပြန်ဖို့ မဝံ့မရဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ မရွှေရည်ဝင်း (ခ) ရွှေရည်ဟာ တက္ကဆီငှားစီးရင်း တက္ကဆီယာဉ်မောင်းဖြစ်သူရဲ့ အဓမ္မ ပြုကျင့်မှု ခံခဲ့ရရုံသာမက ရက်ရက်စက်စက် သတ်ဖြတ်တာကိုပါ ခံခဲ့ရပါတယ်။ မရွှေရည်ဝင်းဟာ လှည်းတန်းစင်တာ ကနေ ဈေးဝယ်ပြီး အပြန် ညဘက် ဖြစ်နေလို့ သူမ နေထိုင်တဲ့ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်ပြန်ဖို့ ကားငှားစီးရင်း သတ်ဖြတ်ခံ ခဲ့ရတာပါ။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ရး၃၀ အချိန်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ ဖူဆယ်မိုးလုံလေလုံ အားကစားရုံအနီး၊ ငမိုးရိပ်ချောင်းဘေး ချောင်းရေကျော်တံတား အစပ် ကုလားမန်ကျည်းပင် အောက်မှာ သူမရဲ့အလောင်းကို ရပ်ကွက်နေပြည်သူတဦးက တွေ့ရှိခဲ့တာပါ။ မရွှေရည်ဝင်းရဲ့ လည်ပင်းမှာ ဝက်အူလှည့်နဲ့ ထိုးထားတဲ့ ဒဏ်ရာကို တွေ့ရရုံသာမက အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတာ ထင်ရှားနေပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ပလက်တီနမ် ဆွဲကြိုး၊ နားကပ် အပါအဝင် လက်ကိုင်ဖုန်းကိုပါ သတ်ဖြတ်သူက ယူဆောင်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူ မျုးိဇော်ဦး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ ပါတယ်။ ပြစ်မှုကျူးလွန်သူကနေ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်တွေမှာလည်း ရှေ့ နောက် မညီတာတွေကို တွေ့ရသလို အဲယားကွန်းဖွင့် ပေးရလို့ ကျပ် တထောင် ပိုမိုတောင်းခံရာကနေ စကားများခဲ့ရတယ် ဆိုတာ ယုတ္တိမတန်တဲ့ အချက်တခု ဖြစ်နေပါတယ်။ ဘယ်သူမဆို တက္ကဆီ မငှားခင်ကတည်းက ဈေးစကား ပြောပြီး ဈေးအဆင်ပြေမှသာ ငှားကြစမြဲပါ။ ဒါအပြင် မရွှေရည်ဝင်းနဲ့ စကားများပြီး ဝက်အူလှည့်နဲ့ ထိုးလိုက်လို့ သတိမေ့သွားကြောင်း၊ သတိမေ့သွားပြီးမှ အဓမ္မပြုကျင့်ခဲ့တယ် ဆိုတဲ့ အချက်ဟာလည်း ယုတ္တိ မတန်ပါဘူး၊ ဘာလို့လဲ ဆိုတော့ တရားခံမျိုးဇော်ဦးမှာ လက်သည်းနဲ့ ကုတ်ခြစ်ဒဏ်ရာ၊ သွားနဲ့ ကိုက်ခဲ့တဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တာကြောင့် အစွမ်းရှိသလောက် ပြန်လည်ခုခံခဲ့တာကို မှန်းဆနိုင်ပါတယ်။ သတိမေ့နေသူ တယောက်ကို အဓမ္မပြုကျင့်တယ် ဆိုတာလည်း မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးတွေကြားမှာ ဒေါသထွက်စရာ ဖြစ်ရပ်ဖြစ်ခဲ့ရသလို ရန်ကုန်လို မြို့ကြီးမှာတောင် မလုံခြုံမှုတွေ ပိုများလာတာကို သက်သေပြနေပါတယ်။ ရန်ကုန်မှာသာ မကပါဘူး၊ မြန်မာနိုင်ငံ တဝှမ်းမှာ မိန်းကလေးတွေ အပေါ် ကျူးလွန်တဲ့ အဓ္မပြုကျင့်မှုတွေ များပြားလာနေ တာဟာ ကျူးလွန်သူတွေ အပေါ် ထိရောက်တဲ့ ဖြစ်ဒဏ်တွေ မချမှတ်နိုင်သေးဘူး လို့ ဝေဖန်သံတွေပါ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာနေပါတယ်။ လက်ရှိအနေအထားမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ အထိပဲ ချမှတ် နိုင်ပါသေးတယ်။ ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေကို ထိထိရောက်ရောက် အပြစ်မပေးနိုင်သေးတာကြောင့် အမျိုးသမီးတွေ အပေါ် အဓမ္မပြုကျင့်မှုတွေ ဆက်ရှိနေမှာကို မလိုလားကြပါဘူး။ ဒီလိုအဓမ္မပြုကျင့်၊ လုယက်၊ လူသတ်မှု ကျူးလွန်သူကို သေဒဏ်အထိ ချမှတ်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ် လို့လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ မျိုးဇော်ဦးကို လက်ရှိမှာ လူသတ်မှု ပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၂၊ မုဒိန်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်ကာ ပြစ်မှုပုဒ်မ (၃၇၇) တို့နဲ့ အမှုဖွင့်ထားတယ် လို့ သိရပါတယ်။ အလားတူ အဖြစ်မျိုး တခုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ တုန်းက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ “လားဟူ” တိုင်းရင်းသူ “မအေပီလှ” ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အပြင် မီးရှို့အလောင်းဖျောက်ဖျက်တာပါ ခံခဲ့ရပါတယ်။ သူမနဲ့ ခင်မင်တဲ့ အမျိုးသမီးတဦးရဲ့ ခင်ပွန်းက ငါးကင်စားချင်လို့ လာပို့ပေးပါ ဆိုပြီး ဖုန်းဆက်တဲ့ အတွက် မအေပီလှ သွားပို့ပေးရာမှာ သတ်ဖြတ် ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျိုင်းတုံလွယ်မွေဘက် သွားတဲ့ လမ်းဘေးတနေရာမှာ မီးရှို့ခံထားရတဲ့ သူမရဲ့ အလောင်းကို တွေ့ခဲ့ရပြီး သူမလက်မှာ တွေ့တဲ့ လက်စွပ်ကနေ တဆင့် ကျူးလွန်သူကို ခြေရာခံဖမ်းမိခဲ့တာ ပါ။ ဘာရန်ငြိုး ရန်စမှ မရှိဘဲနဲ့ ငါးကင်ပို့ ဆိုလို့ လာပို့တဲ့ မိန်းကလေးကို “စိုးလွင်” နဲ့ “အိုက်တီ (ခ) စိုင်းရှန်” တို့က သတ်ဖြတ် အလောင်း ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရန်ကုန်မှာရော၊ နယ်မှာပါ အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေ အပေါ် ထိရောက်တဲ့ ပြစ်ဒဏ် ဘယ်လိုပေးမလဲလို့ “အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး” ဒေါ်စူစန်နာလှလှစိုးကို မေးမြန်းကြည့်တော့ သူမရဲ့အမြင်ကို အခုလို ပြောပြပါတယ်။ “ကျူးလွန်သူကို သေဒဏ်အထိ ပေးဖို့ ပြောနေတာ ကျမလည်း ကြားပါတယ်၊ မရွှေရည်ဝင်းရဲ့ ကိစ္စမှာလည်း လူသတ်၊ ပစ္စည်းယူ၊ မုဒိန်းကျင့်တာ ဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမျတ်နိုင်ပါတယ်၊ ဒီလိုအမှုတွေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့လည်း ဆက်ပြီး ကြိုးစားသွားရမှာပါ” လို့ ဆိုပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်း “အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု အတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေတောင် ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အားနည်းတာ၊ ပျက်ကွက်တာ၊ တာဝန်မကျေတာတွေ ဖြစ်နေတဲ့ အချိန်မှာ ပြည်သူ အချင်းချင်းပဲ ကူညီဖေးမ စောင့်ရှောက်ကြရမှာပေါ့၊ အထူးသဖြင့် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်” လို့ ပြောပြပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း တခုခု အန္တရာယ် ကျရောက်ခဲ့ရင် ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ အစီအမံလေးတွေ ရှိထားသင့် ပါတယ်။ တယ်လီဖုန်း အားသွင်းကြိုး၊ နားကြပ်ကြိုး၊ ဘီး၊ ထမင်းချိုင့်၊ ထီးတွေကို အသုံးပြုပြီး အန္တရာယ် ပြုလာသူကို အနိမ့်ဆုံး အဆင့် ဘယ်လို တုံ့ပြန်နိုင်မလဲ ဆိုတာ သိအောင် ပြင်ဆင်ထားဖို့ လိုလာပါပြီ။ အမျိုးသမီးတွေ အနေနဲ့ တယောက်တည်း သွားလာရင် ငရုတ်ကောင်း၊ စပရေးဘူး၊ Alarm ဘောလုံး၊ အိတ်ဆောင် ဓာတ်မီးကျဉ်စက်တွေ ကို ဆောင်ထားသင့်တယ် လို့ အကြံပြုတာတွေလည်း ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာလည်း လူသတ်မှုနဲ့ မုဒိန်းမှုတွေ များလာခဲ့တာ အမှန်ပါ။ အရေးကြီးတာက ပြစ်မှုကျူးလွန်သူတွေ အပေါ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတာပါ။ တကယ်လို့ ဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်တွေ မချမှတ်နိုင်ခဲ့ရင် တဖက်ကလည်း အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှု အတွက် အာမ မခံနိုင်ရင် ဒီလို လက်ရဲဇက်ရဲ ကျူးလွန်မှုတွေ ဆက်လက် ဖြစ်နေဦးမှာမို့ ပြည်သူတွေ ဘက်က ဆန့်ကျင်တဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရမှာပါ။ ဒါအပြင် အမျိုးသမီးတွေ အနေနဲ့လည်း လုံခြုံရေး သတိ အမြဲရှိထားသင့်ပါတယ်။ “အသက်ထက်ပိုပြီး ဘာကမှ အရေးမကြီးလို့ ဘတ်စ်ကားပဲ စီးမယ်၊ နောက်ပြီး မဖြစ်မနေပဲ တက္ကဆီ ငှားစီးရရင်တောင် ငရုတ်ကောင်း စပရေးဘူးဆောင်ထားမယ် လို့ စဉ်းစားထားတယ်” လို့ မတင်ဇာညိမ်းက ပြောပါတယ်။ (သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။) The post ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2FvCR1C
via IFTTT
No comments:
Post a Comment