ဦးမင်းကိုနိုင်နှင့် ပင်လုံကြိုဆိုပွဲ သရုပ်ပြကွက်အပေါ် တပ်မတော် အပြင်းအထန် ကန့်ကွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကြိုဆိုပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၏ ဟောပြောချက်နှင့် ထိုပွဲတွင် ပြသခဲ့သော သရုပ်ပြကွက် တို့အပေါ် တပ်မတော် က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့ သတင်းထုတ်ပြန်သည်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်းခွဲတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ ကပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံ ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များအနက် ဦးမင်းကိုနိုင်၏ ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ ဟောပြောချက်နှင့် ငြိမ်းချမ်းရေး သရုပ်ဖော် ပြသမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်များကို ထိခိုက်နစ်နာ စေသဖြင့် ကန့်ကွက်ရှုတ်ချခြင်း ဖြစ်ကြောင်း သိရသည်။ “ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ထိခိုက်နှောင့်နှေးစေနိုင်ခြင်း၊ သမိုင်းအစဉ်အလာရှိခဲ့သည့် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်များကိုလည်း များစွာထိခိုက်နစ်နာစေခြင်းတို့ကြောင့် အဆိုပါငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်အစီအစဉ်အား စီစဉ်တင်ဆက်သည့် တာဝန်ရှိသူပုဂ္ဂိုလ်များအားလုံး အပြင် ကလေးစစ်သားသုံးစွဲမှုနှင့်ပတ်သက်၍ မှားယွင်းစွာမသိနားမလည်ဘဲ ပြောကြားခဲ့သည့် ဦးမင်းကိုနိုင် တို့အား တပ်မတော်အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်” ဟု တပ်မတော် သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။ ၂၁ ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ (ခ) ကျော်မင်းယုနှင့် စောဖိုးခွားတို့က ဦးစီး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး သရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတ ဖျော်ဖြေပွဲနှင့် ချစ်ကြည်ရေးဘောလုံးပွဲ တို့ပါဝင်ခဲ့သည်။ ၂၁ ပင်လုံကြိုဆိုပွဲတွင် တွေ့ရသော ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက် /သက်ထွန်းနိုင်/ ဧရာဝတီ ထိုပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့အပါအဝင် နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့် ငြိမ်းချမ်းရေးလိုလားသူများ တက်ရောက်ခဲ့ကြသည်။ ၂၁ ပင်လုံ ကြိုဆိုပွဲတွင် ဦးမင်းကိုနိုင် က “လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှာ ကလေးစစ်သားများ အဖြစ်တွေ့မြင် နေရခြင်း ကြောင့် အဲဒီကလေး စစ်သားများက တက္ကသိုလ်တွင် ဆုံကြမည့် အရွယ်များဖြစ်နေကြောင်း” ဟု ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောချက်၌ “လက်နက်ကိုင် အဖွဲ့အစည်း အသီးအသီး” ဟု သုံးနှုန်းပြောကြားခြင်းသည် တပ်မတော်ကပါ ပါဝင်သည့် သဘော သက်ရောက် နေကြောင်း မြန်မာ့တပ်မတော်သည် ၂၀၁၂ ခုနှစ်မှ စတင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းဆောင်ခြင်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များဖြင့် ပူးပေါင်းလျက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာ (Tier) အစီအစဉ် အရ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်သူစာရင်းမှ ပယ်ဖျက်ပေးခြင်းဖြင့် ကောင်းမွန်သောရလာဒ်များနှင့်အတူ ကုလသမဂ္ဂ၏ ကလေး စစ်သားအသုံးပြုသူနိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် အပြီးသတ်ဆောင်ရွက် နိုင်တော့မည့်အချိန် ဦးမင်းကိုနိုင်၏ ဟောပြောချက်သည် လစ်လျူရှုရာ ရောက်ကြောင်းတွေ့ရှိရပါသည်။ ထို့အတူ အဆိုပါ ဖျော်ဖြေပွဲ၏ နောက်ထပ် အစီအစဉ်တခုဖြစ်သည့် ငြိမ်းချမ်းရေးသရုပ်ဖော် ပြကွက်အား ဖော်ပြရာ၌ စစ်စိမ်းရောင် ယူနီဖောင်း (လက်မောင်းတံဆိပ်၊ အဆင့်တံဆိပ်မပါ) ၁၅ ဦးသည် တပ်မတော် အဖြစ် လည်းကောင်း၊ ပျောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသော ၁၅ ဦးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အဖြစ်လည်းကောင်း လက်နက်များ ကိုယ်စီကိုင်ဆောင်၍ သရုပ်ဖော်ချက်ကိုလည်း တပ်မတော်ကကန့်ကွက်ထားသည်။ ၎င်းသရုပ်ဖော်ကကွက်တွင် တပ်မတော်အဖြစ် သရုပ်ဆောင်ထားသည့် စစ်စိမ်းရောင် ယူနီဖောင်းဝတ်စားဆင်ယင်မှုသည် တပ်မတော်၏ ခွင့်ပြုချက်ရယူမှု မရှိသည့်အပြင် တပ်မတော်မှ သတ်မှတ်ထားသော စစ်ဝတ်တန်ဆာစည်းမျဉ်းနှင့် ကိုက်ညီမှု မရှိခြင်း၊ ပွဲအခမ်းအနား တင်ဆက်နိုင်သည့် အရည်အသွေးနှင့် ကိုက်ညီမှု မရှိသည့် ဝတ်စုံများကို ဝတ်ဆင်ထားခြင်း၊ ကိုင်ဆောင်သည့် လက်နက်များသည်လည်းတပ်မတော်မှ လက်ရှိတပ်ဆင်ကိုင်ဆောင်ထားသည့် လက်နက်ငယ်များ မဟုတ် ကြောင်း ထောက်ပြထားသည်။ ထိုအချက်များကြောင့် ယင်းသရုပ်ပြကွက်သည် “တပ်မတော်၏ ပုံရိပ် အား နိုင်ငံတကာမျက်နှာစာနှင့် ပြည်သူတရပ်လုံး၏ မြင်ကွင်း၌ ဆိုးရွားစွာထိခိုက်စေကြောင်း တွေ့ရှိရပါသည်” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီ တို့အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိပေ။ The post ဦးမင်းကိုနိုင်နှင့် ပင်လုံကြိုဆိုပွဲ သရုပ်ပြကွက်အပေါ် တပ်မတော် အပြင်းအထန် ကန့်ကွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2DKN8GL
via IFTTT
No comments:
Post a Comment