ရုရှားလက်နက် ဝယ်သော်လည်း ပေါက်ဖော်ရဲ့ သြဇာက ကြီးမားနေဆဲ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများနှင့် ဂျက်တိုက်လေယာဉ်များ၏ အရည်အသွေးအပေါ် စိတ်ကျေနပ်မှုမရှိကြောင်း မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများက ဖုံးကွယ်မထားခဲ့ကြပါ။ သို့သော်လည်း ရခိုင်ပြည်နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာနိုင်ငံက နိုင်ငံတကာ၏ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာ့အလည်တွင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုကြီးမားလာပြီး သြဇာတက်နေသော အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အဓိက အရေးပါသူ တဦး အနေဖြင့် ဆက်လက်ရှိနေသည်ကို သူတို့ သိကြပါသည်။ မြန်မာနိုင်ငံက သံတမန်ရေးရာ အကာအကွယ်ရရှိရေး တရုတ်နှင့် အိန္ဒိယ ကဲ့သို့သော အိမ်နီးချင်း အင်အားကြီး နိုင်ငံများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ရုရှားတို့ကို ဦးတည်၍ ပိုမို ဟန်ချက်ညီမျှသည့် သံတမန်ရေးရာ ချဉ်းကပ်မှုတခုကို ရှာဖွေလိမ့်မည် ဖြစ်သည်။ အချို့က ငြင်းဆန်နေကြဆဲ ဖြစ်သော်လည်း ထိပ်တန်း တာဝန်ရှိသူများနှင့် ဗိုလ်ချုပ်ကြီးများက ရခိုင်ပြည်နယ်မှ ပဋိပက္ခနှင့် နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှု ဖြစ်လာနိုင်သည့် အခြေအနေအပေါ် စိုးရိမ် သံသယများ တိုးလာနေကြသည်။ မြန်မာနိုင်ငံသည် အနောက်တိုင်း ဖိအားနှင့် ကုလသမဂ္ဂ ဝင်ရောက်စွက်ဖက်မှုအပေါ် အမြဲမပြတ် ပူပင်နေတတ်ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးသော နေ့ရက်များသို့ ပြန်ရောက်သွားသလို ဖြစ်နေသည်။ ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာ့တပ်မတော်သို့ SU-30 အမျိုးအစား ဂျက် တိုက်လေယာဉ် ၆ စီး ရောင်းချပေးရန် ရုရှားနိုင်ငံက သဘောတူညီခဲ့ကြောင်း သတင်းမီဒီယာများတွင် ပြီးခဲ့သည့် အပတ်က ဖော်ပြခဲ့ကြသည်။ “ဒီလေယာဉ်ပျံတွေက တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေတွေကို ကာကွယ်ရေးနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု မှန်သမျှကို ဆန့် ကျင်တိုက်ခိုက်ရေးမှာ မြန်မာ့လေတပ်အတွက် အဓိကကျတဲ့ တိုက်လေယာဉ်တွေ ဖြစ်လာပါလိမ့်မယ်” ဟု ရုရှားနိုင်ငံ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒြားဖိုမင် Alexander Fomin က ပြောကြေားခဲ့ကြောင်း ရုရှား သတင်းဌာနတခု ဖြစ်သည့် TASS တွင် ဖော်ပြထားသည်။ SU-30 သည် အင်ဂျင် ၂ လုံးတပ်ဖြစ်ပြီး ရုရှားနိုင်ငံမှ Sukhoi Aviation Corporation က ထုတ်လုပ်သည့် ၂ ယောက်စီး ဘက်စုံသုံး ဂျက်တိုက်လေယာဉ်ဖြစ်သည်။ ဆီးရီးယားနိုင်ငံမှ စစ်ပွဲများသို့ ရုရှားက စစ်ရေးအရ ဝင်ရောက် စွက်ဖက်စဉ်အတွင်း အသုံးပြုခဲ့သည်။ ဒေသတွင်းတွင် အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့ကလည်း ရုရှားနိုင်ငံမှ SU-30 ဂျက်တိုက်လေယာဉ် များ ဝယ်ယူခဲ့ကြသည်။ မြန်မာ့ လေတပ်က MIG-29s တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး အိုမင်းနေပြီ ဖြစ်သော F-6s၊ F-7s နှင့် A-5s လေယာဉ်များက မကြာမီ အစားထိုးရန် လိုအပ်နေသည်။ ခေတ်မမီတော့သော ဂျက်တိုက်လေယာဉ်များကို အစားထိုးရန် အတွက် မြန်မာနိုင်ငံက JF-17s လေယာဉ်များကို ဝယ်ယူခဲ့ပြီး ၎င်းလေယာဉ် တတိယမျိုးဆက် မော်ဒယ်ကို လိုင်စင်ယူ၍ တည်ဆောက်ရန် ပါကစ္စတန် နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု များ ပြုလုပ်နေသည်။ JF-17 ကို Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံမှ Chengdu Aerospace Corporation တို့ ပူးတွဲ ထုတ်လုပ်ခြင်း ဖြစ်သည်။ အဆိုပါ ဂျက်တိုက်လေယာဉ်များသည် လေယာဉ်ချင်း တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် အသုံးပြုနိုင်သလို ဗုံးကျဲခြင်းနှင့် ပစ်မှတ်ကို တိကျသေချာအောင် ထိန်းကျောင်း တိုက်ခိုက်နိုင်ခြင်းများ လည်း ပြုလုပ်နိုင်သဖြင့် ဝေဟင်မှ မြေပြင်သို့ တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မကြာခဏ လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် မြန်မာနိုုင်ငံအတွက် သင့်တော်သော ဂျက်လေယာဉ် များဖြစ်သည်။ မြန်မာ့လေတပ်ကို ဝေဟင်မှ ဝေဟင် တိုက်ခိုက်မှုများနှင့် ဝေဟင်မှ မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် အင်ဂျင် ၂ လုံးတပ် SU-30 ဂျက်တိုက်လေယာဉ်များ တပ်ဆင်ခြင်းက မြန်မာနိုင်သည် ၎င်း၏ ပိုင်နက်ကို ကာကွယ်ရန်နှင့် ပြည်ပ ခြိမ်း ခြောက်မှုများအတွက် ပြင်ဆင်ရန် ကြိုးစားနေကြောင်းကို ဖော်ပြနေသည်။ တိုက်လေယာဉ်များ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာမှု မရှိသေးပါ။ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယုံကြည်ထားသည်။ ပိုကြီးလာတဲ့ စစ်အသုံးစရိတ် မြန်မာ့တပ်မတော်က ခေတ်မီ တပ်မတော်တခု တည်ထောင်ရန် ဆန္ဒရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ၆ လကြာ ကာလအတွက် ဘတ်ဂျက် ကျပ်ငွေ ၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီ ယံ) တောင်းခံခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ သာမာန်ရငွေ ကျပ်ငွေ ၃၁.၇၆၁ ဘီလီယံ ၊ သာမာန် အသုံးစရိတ် ၇၂၃.၁၀၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁.၀၈၇ ဘီလီယံ၊ ရငွေ စုစုပေါင်း ၃၁.၇၆၁ ဘီလီယံနှင့် သုံးငွေ စုစုပေါင်း ၁၃၃၁.၁၉၄ ဘီလီယံ ရှိမည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြီးခဲ့သည့် အပတ်အတွင်းက တင်ပြခဲ့သည်။ ဗိုလ်ချုပ်မြင့်နွယ်က “အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး တာဝန် ထမ်းဆောင်နိုင်ရန် ရေးဆွဲ ထားသော လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံ၊ ပင်မ စီမံကိန်းကို နှစ်အလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု သူက ပြောသည်။ အဆိုပါ ဘတ်ဂျက်ကို အတည်ပြုဖွယ် ရှိပါသည်။ ကာကွယ်ရေး ဘတ်ဂျက်ကို မည်သည့်အခါတွင်မျှ ဖြတ်တောက်ခြင်း မခံခဲ့ရပါ။ တိုးလာခြင်းသာ ရှိပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းခံလာသော ဘတ်ဂျက်သည် ဘတ်ဂျက် စုစုပေါင်း၏ ၁၂.၅၆ ရာခိုင်နှုန်းရှိရာ ပညာရေး ဝန်ကြီးဌာနက ရရှိသည့် ၇.၅၆ ရာခိုင်နှုန်း၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ရရှိသည့် ၃.၉၃ ရာခိုင်နှုန်း တို့၏ စုစုပေါင်း ၁၁.၄၉ရာခိုင်နှုန်းထက် ပိုများ နေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ မြန်မာနိုင်ငံ၏ လေတပ်နှင့် ရေတပ်တို့ကို တိုးချဲ့ခြင်းအားဖြင့် ပြည်ပခြိမ်းခြောက်မှုများနှင့် ဖြစ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တားဆီးရန် ဗိုလ်ချုပ်ကြီးများက မျှော်လင့်နေကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧည့်သည် ရုရှားကာကွယ်ရေး ဝန်ကြီးတို့က စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်မှ စစ်သွေးကြွတိုက်ခိုက်မှုများကို မြန်မာနိုင်ငံ၏ ကိုင်တွယ်ပုံကို ကုလသမဂ္ဂနှင့် အမေရိကန် အပါအဝင် နိုင်ငံတကာမှ အများစုက ပြင်းထန်စွာ ဝေဖန်ခြင်းခံခဲ့ရချိန်တွင် ရုရှားနိုင်ငံ၏ ရပ်တည်မှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးစကားပြောကြားခဲ့သည်။ တိုက်ခိုက်မှုများသည် နိုင်ငံရေး ဆက်သွယ်မှုများ ရှိမည်ဟု ယူဆရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စ၍ ရုရှားနှင့် မြန်မာ အစိုးရကြား စစ်ရေးအရ ဆက်ဆံမှုများ ပိုမို ခိုင်မာ အားကောင်းလာခဲ့ ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ စစ်ဘက်က အုပ်ချုပ်ခဲ့သော ယခင် ဆယ်စုနှစ်များနှင့် အနောက်တိုင်းက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် အချိန်တွင် မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အပေါ်တွင် ကြီးစွာ မှီခိုခဲ့ရသည်။ သို့သော်လည်း တရုတ်လက်နက်များ၏ အရည်အသွေး အပေါ် ဗိုလ်ချုပ်ကြီးများက စောဒကတက်မှုများ ပြုလာသည်နှင့် အမျှ တဖြည်းဖြည်း နောက်သို့ ပြန်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံက ပိုမို၍ အဆင့်မြင့်သည့် လက်နက်များနှင့် လေ့ကျင့်မှုများအတွက် ရှာဖွေခြင်းကို နေရာစုံအောင် စတင်ပြုလုပ်လာချိန်တွင် ရုရှား အစိုးရကလည်း ကူညီရန် အသင့်ဖြစ်နေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များက စတင်၍ ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ရန် ရာနှင့်ချီသော မြန်မာ အရာရှိများကို စေလွှတ်ခဲ့သည်။ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ရုရှား ကာကွယ်ရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒြားဖိုမင်က လက်ရှိ အချိန်၌ ရုရှားနိုင်ငံရှိ အဆင့်မြင့် စစ်ပညာကျောင်းများတွင် တက်ရောက်နေသော မြန်မာ စစ်ဘက် အရာရှိ ၆၀၀ ကျော် ရှိသည်ဟု ပြောကြားခဲ့သည်။ ဇွန်လ ၅ ရက်နေ့က အစိုးရပိုင် မြန်မာ့အလင်း သတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး နီကိုလေ လိစတိုပါဒေါ့ဗ် Nikolay Listopadov က ထင်ရှားသော ရုရှား တက္ကသိုလ်များမှ ဘွဲ့ရခဲ့သော မြန်မာတပ်မတော်မှ ကျောင်းသား ၆၀၀၀ ခန့် ရှိပြီး အချို့မှာ မဟာဘွဲ့များ နှင့် ပါရဂူဘွဲ့များ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ပေါက်ဖော်ကတော့ အကိုကြီးပါပဲ မြန်မာ ဗိုလ်ချုပ်ကြီးများသည် တရုတ်စစ်လက်နက် ပစ္စည်းများ၏ အရည်အသွေးနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အင်အားကြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို တရုတ်နိုင်ငံက ထောက်ခံနေခြင်းတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ပြဿနာများ ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စကဲ့သို့သော အဓိက အကျပ်အတည်းများတွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရသည့်အခါ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံ၏ သံတမန်ရေးအရ ကျောထောက်နောက်ခံပေးမှုကို ရှာဖွေကြ ရသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီရန် ကတိပြုခဲ့သည်။ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် တဦးဖြစ်သည့် ဆွန်ကော့ရှန် Sun Guoxiang က မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားအဖွဲ့အစည်း အများအပြားမှ အဖွဲ့ဝင်များ နေပြည်တော်သို့ သွားရောက်၍ အစိုးရက စီစဉ်သည့် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရေးအတွက် ခရီးစဉ်တခုကို ကူညီ ညှိနှိုင်းပေးခဲ့သည်။ နိုဝင်ဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဘေဂျင်းသို့ သီးခြားစီ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ Wang Yi က မြန်မာနိုင်ငံသို့ အရင်လာရောက်ခြင်း ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ပြီးစီး၍ များမကြာမီမှာပင် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပါးနပ်လိမ္မာသော လှုပ်ရှားမှု တခုဖြစ်ပါသည်။ အနောက်တိုင်း အစိုးရများက ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပေါ် ဖိအားများပေးနေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ စည်းလုံးမှုကို ပြခဲ့သည်။ ကာလရှည်ကြာစွာ မိတ်ဆွေအဖြစ် ဆက်ဆံရေးနှင့် ဗျူဟာမြောက် မိတ်ဖက်ဖြစ်ခြင်းတို့ကို ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး လာရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းသို့ သွားခဲ့သည်။ ထို့ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ခဲ့သည်။ သူတို့ ၂ ယောက် သိပ် အဆင်မပြေကြသည်မှာ အများသိကြသည့် အချက်ဖြစ်သည်။ ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အနောက်တိုင်းမှ မဟာမိတ်များနှင့် အလှမ်းဝေးနေချိန်တွင် တရုတ်နိုင်ငံက ၎င်း၏ ထောက်ခံမှုကို သေချာ စေရန်နှင့် ရခိုင်ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ ဦး လုံးကို ဘေဂျင်းသို့ ဖိတ်ခေါ်ရန် ဗျူဟာမြောက် ဆုံးဖြတ်ချက်တခုကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု သံတမန် သတင်း ရင်းမြစ်များက ယုံကြည်ထားသည်။ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် တရုတ် အစိုးရက အဆင့် ၃ ဆင့်ပါ ဗျူဟာတခုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ အဆိုပြုခဲ့သည်။ အပစ်အခတ်ရပ်စဲရေး နှင့် တည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးကို သေချာစေရန်၊ (ဒုက္ခသည်များ) ပြန်လည် ပို့ဆောင်ရေးအတွက် အလုပ်ဖြစ်မည့် အခြေအနေတခုကို ဖန်တီးရေး ၂ နိုင်ငံကြားတွင် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ရေရှည်ခိုင်မြဲသော အဖြေတခု ရရှိရေးအတွက် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး ဆောင်ရွက်ရန် တို့ ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် Xi Jinping က ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သည်။ ရိုဟင်ဂျာ ပြဿနာအပေါ် နိုင်ငံတကာ၏ ဝေဖန်မှု၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံက အသစ် အဆိုပြုထားသည့် မြန်မာနိုင်ငံမှ စီးပွားရေး စင်္ကြန် တခုအပါအဝင် အကြောင်းအရာ အများအပြားကို သူတို့ ဆွေးနွေးခဲ့ကြသည်။ တရုတ်အစိုးရက ၎င်းတို့၏ ထောက်ခံမှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အခိုင်အမာ ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မှ ပြဿနာများအပေါ် ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့မည်ဟု ယုံကြည်ရပါသည်။ တရုတ်နိုင်ငံ ခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ အစိုးရမှ အကြီးတန်း အဖွဲ့ဝင်များနှင့် ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ကို တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းတွင် မြန်မာနှင့် တရုတ်စစ်ဖက် ခေါင်းဆောင်များက ၂ နိုင်ငံ တပ်ဖွဲ့များကြားတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ ဝင်တဦး ဖြစ်သည့် လီကျူချန်း Li Zuocheng က “ ရှုပ်ထွေးပြီး ပြောင်းလဲနိုင်တဲ့ ဒေသတွင်း လုံခြုံရေး အခြေအနေတခု ရှိပေမယ့် တရုတ်နိုင်ငံက ၂ နိုင်ငံ တပ်မတော်များကြားက ဗျူဟာမြောက် ဆက်သွယ်မှုကို ထိန်းသိမ်းဖို့ ဆန္ဒ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ၂ နိုင်ငံ တပ်မတော်များကြားတွင် ကျယ်ပြန့်သော ဆက်သွယ်မှုများ၊ ပိုမိုနက်နဲသည့် လေ့ကျင့်ရေးများနှင့် နည်းပညာဖလှယ်မှုများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို သေချာစေရန် ၂ နိုင်ငံ နယ်စပ်တလျှောက်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ်ရန် ဆန္ဒ ရှိနေသည်ဟု လီကျူချန်းက ပြောသည်။ မြန်မာနိုင်ငံက အနောက်တိုင်း အစိုးရများနှင့် ပျားရည်ဆမ်းကာလ ပြီးဆုံးလုဖြစ်လာပြီး ယခုအခါ ၎င်း၏ မဟာမိတ်ဟောင်းများနှင့် နီးရာဆီသို့ ပြန်လည်ရွေ့လျားသွားခြင်းကို လတ်တလော သမိုင်းတွင် ထပ်၍ တခါမြင်ရခြင်းက အဆီအငေါ် မတည့်လှပါ။ မြန်မာနိုင်ငံက တရုတ်နိုင်ငံထံမှ သံတမန်ရေးရာ အကာအကွယ်ကို ပို၍ ရှာဖွေပါလိမ့်မည်။ သို့သော်လည်း ပိုမို၍ ခေတ်မီ သော လက်နက်များကို အခြားနေရာများမှ ဝယ်ယူခြင်း အားဖြင့် နယ်ပယ်ကျယ်ပြန့်အောင် ဆက်လုပ်သွားမည်ဆိုသည်မှာ သံသယရှိရန် လိုမည် မဟုတ်ပါ။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ Myanmar Seeks Advanced Weapons from Russia, but China Remains the Key Player ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။) The post ရုရှားလက်နက် ဝယ်သော်လည်း ပေါက်ဖော်ရဲ့ သြဇာက ကြီးမားနေဆဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2nnbKPK
via IFTTT
No comments:
Post a Comment