Friday, January 26, 2018


UNFC တပ်ပေါင်းစု အတွင်းက အက်ကွဲသံ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူအမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်းများ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်ကို သွားခဲ့ကြသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) တို့ ၄ ဖွဲ့ကျန်ရှိသော်လည်း နေပြည်တော်ခရီးစဉ်တွင် NMSP နှင့် LDU တို့ ၂ ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြသည်။ UNFC တပ်ပေါင်းစုက တခြမ်းခွဲထွက်လာသည့် NMSP နှင့် LDU တို့၏ နေပြည်တော် ခရီးအပေါ် စောင့်ကြည့်လေ့လာသူများက အမျိုးမျိုးသုံးသပ်ခဲ့ကြသည့်အထဲတွင် UNFC အတွင်း ထင်ရှားသည့် အက်ကွဲကြောင်း ဖြစ်လာပြီဟု သုံးသပ်ချက်များကိုလည်း တွေ့ရသည်။ ယခင်က ၎င်းတို့ ကိုယ်တိုင် ချမှတ်ခဲ့သည့် မူအရ အစိုးရနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျင် တဖွဲ့ချင်း ခွဲထွက် ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဘဲ UNFC အနေနဲ့သာ ဆွေးနွေးမည်ဆိုသည့် အချက်နှင့်လည်း ကွဲလွဲနေသည်ကို တွေ့ရသည်။ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ LDU ဥက္ကဋ္ဌ ကြာခွန်ဆာ တို့ ဦးဆောင်လာသည့် ကိုယ်စားလှယ် အဖွဲ့သည် ၎င်းတို့၏ နေပြည်တော် ခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး အပစ်ရပ်စာချုပ် ချုပ်ဆိုမည်ဟု ကတိပြုခဲ့ကြသည်။ အပစ်ရပ်စာချုပ် ချုပ်ဆိုမည်ဟု ထိုသို့ ကတိပြုခဲ့ပြီး နောက်တနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် UNFC အမည်ဖြင့် သဘောထား ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့ပြီး ထိုကြေညာချက်ထဲတွင် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN)နှင့် ငြိမ်းချမ်းရေးကော်မရှင်( PC) တို့အကြား ဆွေးနွေးနေသည့် အချက် ၈ ချက်ကို တရားဝင် နိဂုံးချုပ်အဆင့် အကျေအလည် ဆွေးနွေးရဦးမည်ဆိုပြန်သည်။ ထိုကြေညာချက်မှာ NMSP နှင့် LDU ခေါင်းဆောင်များ နေပြည်တော် ခရီးစဉ်တွင် ကတိပြုခဲ့သော အပစ်ရပ်စာချုပ် ချုပ်မည်ဆိုသည့် အချက်အပေါ် ဝိဝါဒ ကွဲပြားသွားစေသည်။ သို့သော်လည်း ထိုထုတ်ပြန်ကြေညာချက်သည် ၄ ဖွဲ့လုံး၏ သဘောထားလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။ UNFC ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် လည်းဖြစ် တပ်ပေါင်းစု အဖွဲ့ဝင် ANC ၏ တာဝန်ရှိသူလည်းဖြစ်သည့် ဦးထွန်းဇော် က NMSP နှင့် LDU ခေါင်းဆောင်များ၏ နေပြည်တော် ခရီးစဉ်သည် UNFC အတွင်း အသိပေး ဆွေးနွေးခြင်း မရှိဘဲ လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးထွန်းဇော် က “ထိပ်သီးခေါင်းဆောင်တွေ တွေ့ပြီးတော့မှ ဖြေရှင်းဖို့ အဖြေရှာမလို့ ကာလမှာပဲဒီလို ဖြစ်သွားတော့ ကျနော်တို့လည်း ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုဆက်ပြောရမလဲဆိုတာ နည်းနည်းကို့လို့ကန့်လန့် ဖြစ်နေပြီ။ ဒါ့ကြောင့် ကာယကံရှင် UNFC အဖွဲ့ဝင် အဖွဲ့အစည်း ၂ဖွဲ့ (မွန်နဲ့ လားဟူ) နဲ့ အစိုးရဘက်က ဒီအပေါ်မှာ တာဝန် ရှိတယ်”ဟုပြောသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရန်အတွက် UNFC အဖွဲ့ဝင် ၄ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့ (DPN) က အဆိုပြုချက် ၈ ချက် တောင်းဆိုထားပြီး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်( PC) နှင့် ညှိနှိုင်းနေသည်မှာ ၁၇ လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထို ၈ ချက်တွင် “ဖက်ဒရယ် ဒီမိုကရေစီ” ဆိုသည့် အချက် ၁ ချက်သာ သဘောတူညီမှု ရရှိရန် ကျန်ရှိတော့သည်။ အဆိုပြုချက် ၈ ချက်၏ နောက်ဆုံးညှိနှိုင်းရန်ကျန်သည့် အချက်ကို UNFC ဘက်မှ ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အကြား တွေ့ဆုံဆွေးနွေးနိုင်ရန် အတွက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အကြိုညှိနှိုင်း အစည်းအဝေး ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ UNFC အဖွဲ့အစည်း အတွင်းတွင်လည်း လမ်းညွှန်ချက်များ ပေးထားပြီး ဖြစ်ကြောင်း ဦးထွန်းဇော်က ဆိုသည်။ “အဲ့တာကို ပြင်ဆင်နေတဲ့ အချိန်တွင်းမှာဒီလိုမျိုး ဖြစ်သွားတယ်။ လူတွေလည်း သို့လောသို့လော ဖြစ်တယ်။ ကျနော်တို့ အတွင်းမှာလည်း နားမလည်နိုင်အောင် ဖြစ်ရတယ်”ဟု ဦးထွန်းဇော်က ဆိုသည်။ သို့သော် UNFC၏ ဇန်နဝါရီလ ၂၅ရက်၊ သတင်းထုတ်ပြန်ကြေညာချက်နှင့် ပတ်သတ်ပြီးပြောရေးဆိုခွင့် ရှိသူနေရာတွင် ထည့်သွင်းထားသည့် NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ယခုထုတ်ပြန်ချက်သည် UNFC ဗဟိုကော်မတီဝင် အစည်းအဝေးတွင် ဆုံးဖြတ်ထားခြင်းမရှိသည့်အပြင် ၎င်း၏ သဘောတူညီချက် မရဘဲ ပြောရေးဆိုခွင့် ရှိသူနေရာတွင် နာမည်ထည့်သွင်းထားသဖြင့် သဘောမကျကြောင်း၊ ချက်ချင်းပယ်ဖျက်ပေးပါဟု ဦးထွန်းဇော်ထံစာပို့ အကြောင်းကြား ထားကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် အစိုးရနှင့် ဆွေးနွေးထားသည့် အချက် ၈ ချက်နှင့် NCA ကို လက်မှတ်ရေးထိုးသွားမည်ဆိုသည့် အကြောင်း ကိုလည်း UNFC ဗဟိုလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတွင် ပြောဆိုထားပြီးဖြစ်ကြောင်း UNFC ပြောခွင့်ရ ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည့် နိုင်အောင်မငေး က ပြောသည်။ နိုင်အောင်မငေး က “ကျနော်တို့ ပါတီဗဟိုကော်မတီ အရေးပေါ် ဆုံးဖြတ်ချက်အရ ဒီလမ်းကြောင်းကို လျောက်မယ်လို့ ကြိုတင်တော့ ပြောထားတယ်။ အသေးစိတ်ကတော့ ကျနော်တို့ သူ့ကိုမပြောထားဘူး။ ဒါပေမယ့် ဒီအတောအတွင်းမှာ လုပ်မယ်လို့ပဲပြောထားတယ်” ဟု ရှင်းပြသည်။ ထိုအခြေအနေများသည် UNFC တပ်ပေါင်းစု အတွင်း မညီညွတ်မှုကို ပြနေသည့် အက်ကွဲသံများ ဖြစ်ပြီး NMSP နှင့် LDU တို့ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးလျှင် “UNFC ဘယ်လို ဆက်ရှိမလဲ”၊ “UNFC နိဂုံးချုပ်တော့မလား” စသည့် မေးခွန်းများလည်း မေးမြန်းခံရတော့မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ထဲတွင် ဘဝတူ ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ အစိုးရနှင့် NCA လက်မှတ်ရေးထိုးသွားချိန်က UNFC တပ်ပေါင်းစုသည် အစိုးရက “အားလုံးပါဝင်ရေး” ကိုလက်မခံသဖြင့် ဟုဆိုကာ အကြောင်းပြချက်ပေးခဲ့သည်။ ယခုလက်ရှိ အနေအထားတွင်လည်း KNPP နှင့် ANC တို့က “ဖက်ဒရယ် ဒီမိုကရေစီ” ဆိုသည့် ဝေါဟာရ တချက်ဖြင့် တစ်ဆို့ ကျန်ရစ် နေမည့် အခြေအနေဖြစ်နေသည်။ စောင့်ကြည့် လေ့လာသူ အချို့ကတော့ NMSP အနေဖြင့် ပထဝီ အနေအထားအရ အပစ်ရပ်စာချုပ် မထိုး၍ မဖြစ်တော့သည့် အနေအထားကြောင့် ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ကြသည်။ ထို့အတူ KNPP အနေဖြင့်လည်း ပထဝီ အနေအထားပေါ် မူတည်၍လည်းကောင်း၊ မြန်မာ-တရုတ် နယ်စပ် အခြေစိုက် FPNCC ဦးဆောင် အဖွဲ့အချို့ထံမှ အထောက် အကူ အချို့အရလည်းကောင်း ကျန်ရစ်နေနိုင်သည်ဟု သုံးသပ်မှုများလည်းတွေ့ရသည်။ မည်သို့ပင်ဆိုစေကာမူ တပ်ပေါင်းစု အဖွဲ့ဝင် ၄ ဖွဲ့သာကျန်သော UNFC အဖွဲ့ဝင်များအကြား NMSP နှင့် LDU တို့ လက်မှတ် ထိုးရန် ဆုံးဖြတ်ချက် သတင်းများထွက်ပေါ်လာပြီးသည့်နောက် ညီနောင်အဖွဲ့အစည်းများ အတွင်း မညီညွတ်မှု အသံများ ထင်ထင်ရှားရှား ထွက်လာသည်မှာ အမှန်ပင် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုဖွဲ့ထားသော တပ်ပေါင်းစုများ အကြား ယင်းသို့ ညီညွှတ်မှု ပြိုကွဲ မှုများသည် ယခုမှပင် မဟုတ်ဘဲ တော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့တုန်းကလည်း ပြိုကွဲမှုများ ရှိခဲ့ဖူးသည်။ တိုင်းရင်းသားအရေး သုတေသီ တဦးဖြစ်သူ ဦးမောင်မောင်စိုးက “တပ်ပေါင်းစုတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ်၊ မြို့ပေါ်နိုင်ငံရေး ပါတီတွေပဲဖြစ်ဖြစ် လိုအပ်လို့ ဖွဲ့စည်းခဲ့ကြတာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြေအနေအရ လမ်းခွဲခဲ့ကြတယ်ဆိုတာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဆွေးနွေးမှုတွေ လုပ်တဲ့ အခါ အများစုစည်းမှုရှိရင်တော့ အားကောင်းမောင်းသန် ဖြစ်တာပေါ့။ စုစည်းမှု နည်းရင်တော့ အားပျော့တာပေါ့” ဟု ဆိုသည်။ UNFC တပ်ပေါင်းစု ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီး ၎င်းတို့၏ မဟာဗျူဟာ တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီညီ ကျင့်သုံးသွားရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ထားခြင်းတို့ ဖြစ်သည်။ ရည်ရွယ်ချက်များထဲတွင် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ အဓွန့်ရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန်၊ တိုင်းရင်းသား လူမျိုးများ အားလုံး ထာဝစဉ်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ပူးပေါင်း နေထိုင်သွားနိုင်ရန်အတွက် လွတ်လပ်မှု၊ တရားမှျှတမှုနှင့် တန်းတူမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်သည်။ သို့သော်လည်း UNFC အဖွဲ့အစည်းအတွင်း အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) က KIO ကြီးစိုးထားသော UNFC တပ်ပေါင်းစု အတွင်း ကျင့်သုံးနေသည့် ဖွဲ့စည်းပုံသည် ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး အဖွဲ့ဝင် အဖွဲ့ အစည်း တခုခု၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက် ဆောင်ရွက်မှုများ ရှိနေသဖြင့် လက်မခံနိုင်ဟု ဆိုကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော UNFC ညီလာခံတွင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။ KNU သည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများထဲတွင် သြဇာတိက္ကမ ကြီးမားသည့် အဖွဲ့အစည်း တခုဖြစ်ပြီး UNFC တပ်ပေါင်းစုမှ ၎င်းထွက်ခွာသွားမှုသည် တပ်ပေါင်းစုအတွက် တောင်ပံ တဖက်ကျိုးသကဲ့သို့ ဖြစ်စေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် KNU က NCA လက်မှတ်ရေးထိုးသွားခဲ့သည်။ KNU နှင့် အတူ NCA လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲတွင် UNFC တပ်ပေါင်းစုဝင်များဖြစ်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း ပါသွားခဲ့သည်။ ထိုသို့ ပါသွားသည့် CNF နှင့် PNLO တို့ကို UNFC က တပ်ပေါင်းစုမှ ထုတ်ပယ်ခဲ့ပြန်သည်။ တပ်ပေါင်းစု အတွင်း ၉ ဖွဲ့သာ ကျန်ရှိတော့ပေမယ့်လည်း အကွဲအပြဲက မရပ်သေးဘဲ ဆက်တိုက်ရှိနေသည်။ ၂၀၁၆ မေလတွင် ၎င်းတို့လှုပ်ရှားနေရာဒေသများတွင် တပ်မတော်စစ်ကြောင်းများက စစ်ရေးအရ ဖိအားပေး ထိုးစစ်ဆင်နေမှု အပေါ် လျစ်လျူရှု သည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – ကိုးကန်အဖွဲ့ (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှစ်ဖွဲ့ ထပ်နှုတ်ထွက်သွားပြန်သည်။ ထို့အတူ UNFC ကို ဦးဆောင်ခဲ့သော ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ၂၀၁၇ ခုနှစ် ဧပြီလတွင် နှုတ်ထွက်စာတင်ခဲ့သလို ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) လည်း နှုတ်ထွက်သွားသည်။ KIO နှင့် SSPP တို့သည် UNFC မှ နှုတ်ထွက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် “UWSA” ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပူးပေါင်းသွားကြသည်။ ယင်းသို့ အဆင့်ဆင့်ကွဲပြီး အဖွဲ့ဝင် အင်အားနည်းပါးလာသည့် UNFC တပ်ပေါင်းစုတွင် ယခုတကြိမ် ထပ်မံ ကွဲပါက နိဂုံးချုပ်ရတော့မည့် အနေအထားပင်ရောက်ရှိနေပြီဟု ဆိုရမလိုဖြစ်နေသည် … ။ ချစ်မင်းထွန်း ပူးပေါင်းရေးသားသည်။ The post UNFC တပ်ပေါင်းစု အတွင်းက အက်ကွဲသံ appeared first on ဧရာဝတီ.
Source : http://ift.tt/2DEQ4Vn
via IFTTT

No comments:

Post a Comment