ဒီတပတ်ဖတ်စရာ စာရေးသူ – မောင်သာနိုး စာအုပ်အမည် – ဝေဖန်ရေးနဲ့ ကျွန်တော် အမျိုးအစား – ဝေဖန်ရေး “နှစ်ဆယ်ရာစုထဲမှာလည်း မြန်မာစောပေလောကမှာ တတ်ယောင်ကားတွေဟာ သောင်းကျန်းမင်းမူခဲ့ကြတယ်။ သူတို့ တပည့်တပန်းတွေက အခု, နှစ်ဆယ့်တစ်ရာစုနှစ်ထဲထိ ဝိုင်းအူနေကြဆဲ ရှိသေးတာမို့ သူတိ့ုရဲ့ သြဇာကို တာဝန်ရှိသူတိုင်း ကြိုးစား အမှုန့်ထောင်းပစ်ရမယ်” လို့ ဆရာမောင်သာနိုးက ဆိုပါတယ်။ ဒီစာအုပ်မှာ ဝေဖန်ရေးနဲ့ ကျွန်တော်၊ မလင်းပြာနဲ့ ကျွန်တော်၊ တတ်ယောင်ကားများနဲ့ ကျွန်တော်၊ ခြေခြေမြစ်မြစ် တတ်ရတယ်၊ စာဖတ်တယ် ဆိုပေမယ့်၊ အတွေးခေါင်သူများ၊ ပရိတ်သတ်ဆီက စာတစ်စောင်၊ စာရေးပြီး အသက်မွေးဖို့၊ သမိုင်းဝတ္ထုရေး ဆရာရဲ့သြဇာ၊ ဘာကြောင့် ရှေးထုံးကို မပယ်ရသလဲ၊ ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်၊ ရှေးထုံးတစ်ခုတည်းနဲ့တော့ မရ၊ ရှေးဆရာတို့ အလို၊ ရှေးက အလွဲသုံးစား အရေးအသား စတဲ့ဆောင်းပါးတွေ အပါအဝင် စာပေ၊ ဘာသာစကား၊ သမိုင်း၊ ယဉ်ကျေးမှုအလွဲတွေကို ထောက်ပြ ဝေဖန်ထားတဲ့ ဆောင်းပါးပေါင်း ၂၇ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ “ရွှေယုန်နဲ့ ရွှေကျားပုံပြင်ကို နှစ်ခြိုက်သူတွေပဲ ဒေးလ်ကာနက်ဂျီရဲ့ စာတွေကို နှစ်ခြိုက်ကြတာ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။ စိတ်ကူးချိုချိုကတန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဦးရွှေအုံး (ညောင်ရွှေ) စာအုပ်အမည် – ဦးတင်ဧ (သို့မဟုတ်) ပင်လုံဗိသုကာတစ်ဦး အမျိုးအစား – အတ္ထုပ္ပတ္တိ ပင်လုံဗိသုကာ တဦးဖြစ်တဲ့ ဦးတင်ဧရဲ့ ဘဝဖြတ်သန်းမှု အထွေထွေကို ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ရှမ်းပြည် အခြေအနေ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘ၀ အမြည်း၊ နိုင်ငံရေးသမားခြေလှမ်း အစ၊ နိုင်ငံရေးသမား ဘဝအစ၊ ပြည်ထောင်စု တည်ဆောက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ၊ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်း၊ အခြေခံဥပဒေ ရေးဆွဲခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သားဘဝ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၁၄ နှစ်ခရီးနှင့် ကိုတင်ဧ၏ ကဏ္ဍ၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နှင့် စာပေလုပ်ငန်း ဆောင်ရွက်ချက်များ၊ ဘာသာရေးခံယူချက်နှင့် ဘဝ၏ နောက်ဆုံးခရီး စတဲ့ကဏ္ဍတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) စိုင်းအောင်ထွန်းနဲ့ မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိမ်းတို့ရဲ့ အမှာစာတွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွဲ့စည်းပုံ (ဖက်ဒရယ်) ပေါ်ပေါက်ရေးကို အစွမ်းကုန် ကြိုးပမ်းခဲ့သော ကိုတင်ဧ လုပ်ဆောင်ချက်တွေကို လူတိုင်း မသိသော်လည်း သူ့အယူအဆ၊ အတွေးအခေါ် သဘောတရားများမှာ မျက်မှောက်ခေတ်အထိပင် အသုံးဝင်နေဆဲဖြစ်ပါတယ် လို့ နိုင်ငွေသိမ်းက ဆိုပါတယ်။ နန်းဒေဝီစာပေက တန်ဖိုး ၇၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – နိုင်ဘောဂလှဝင်း စာအုပ်အမည် – စက္ကန့်ပိုင်းလေးဆိုသော်ငြား အမျိုးအစား – အက်ဆေး “ဆရာနိုင်ဘောဂလှဝင်း ဆိုသည်မှာ ကျနော် မော့ကြည့်ရသူဖြစ်ပါသည်။ အရပ်ကိုပြောတာမဟုတ်ပါ။ အသက်ဝါနှင့် သမ္ဘာကို ပြောခြင်းဖြစ်ပါသည်” လို့ ဆရာလယ်တွင်းသား စောချစ်က အမှာစကားဆိုထားပါတယ်။ ဒီစာအုပ်မှာ ဆရာနိုင်ဘောဂလှဝင်းရဲ့ ရေးဟန်သွက်သွက်နဲ့ ရေးသားထားတဲ့ သိပ္ပံမောင်ဝနှင့် မြို့ပိုင်မင်း၊ ဆရာအောင်သင်း၏ ဘဝကြေးမုံ၊ စက္ကန့်ပိုင်းလေးဆိုသော်ငြား၊ နေတဆူ လတဆူမန်လည်ဆရာတော်ဘုရားကြီးသို့ ရာပြည့်အကြို ကန်တော့ပန်း၊ မင်းသားမြတ်လေးနှင့် ခရီးသွားဟန်လွဲ၊ ဆရာသာဓုခေါ်ပါတော့၊ ဆရာပီသသော ပုံရိပ်များစတဲ့ ရသ၊ သုတ၊ ဓမ္မ၊ အတွေးအမြင်၊ အမှတ်တရစာစု ၃၈ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ယခုအခါ အသက် ၉၀ အရွယ်ရှိပြီ ဖြစ်တဲ့ ဆရာကြီးက “ဒီလောကထဲ ရောက်တာနဲ့ လူတွေနဲ့ လောကရဲ့ ကျေးဇူးကို တနည်းနည်းနဲ့ ခံစားပတ်သက်ပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် ကျေးဇူးကို သိတတ်ရမယ်။ တတ်နိုင်သရွှေ့ ကျေးဇူးတုံ့ပြန်ဖို့လည်း တာဝန်ရှိတယ်” လို့ ဆိုတဲ့ အတိုင်း စာစုအများစုမှာ ကျေးဇူးသိတတ်ခြင်း အငွေ့အသက်တွေ ထင်ဟပ်နေတာကို သတိပြုနိုင်မှာ ဖြစ်ပါတယ်။ နှင်းလူစာပေကတန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဝင်းတင့် စာအုပ်အမည် – စာကြည့်တိုက်ထဲက စကားပြန် အမျိုးအစား – ဆောင်းပါး “စာကြည့်တိုက်မှူးဟာ ပြည်သူလူထုထဲမှာ အင်မတန် အရေးကြီး အရာရောက်သူပဲ။ သူဟာ နာမည်ကြီးချင်မှ ကြီးမယ်။ သူ့ အလုပ်အရေးကြီးပုံကို အများက သိကောင်းမှ သိမယ်။ အသိအမှတ် ပြုချင်မှ ပြုမယ်။ တကယ်တော့ သူ့အလုပ်၊ သူ့ အကူအညီ၊ သူ့ စေတနာ၊ သူ့ လုပ်အားကို တန်ဖိုး မဖြတ်နိုင်ဘူး”လို့ လူထုဦးလှက ဆိုခဲ့ပါတယ်။ စာကြည့်တိုက်မှူး ဆရာဦးဝင်းတင့် ရေးသားတဲ့ ဒီစာအုပ်မှာ စာကြည့်တိုက်များရဲ့ ရေဆန်လမ်း၊ စာကြည့်တိုက်မှူး၊ စာရေးဆရာနဲ့ စာဖတ်သူ၊ ပဲရောက်ဦးဆန်နီ၊ ဦးကြီးဖာနီဗဲနဲ့ စာကြည့်တိုက်များ အရေး၊ ပုဂံခေတ် ပိဋကတ်တိုက်များ၊ ပဒုံမင်းရဲ့ ကျမ်းစုအဖွဲ့၊ လက်ဆုပ်ဖြေကြပါ၊ ပေ၊ ပုရပိုက်များရဲ့ နောင်ရေး၊ ဘိလပ်ရောက် ပေ၊ပုရပိုက်များ၊ ပုရပိုက်ရေးထုံး၊ ဆေးရေး ပုရပိုက်များ၊ မင်းတုန်းမင်းရဲ့ မန္တလေးယာယီစံနန်းတော်၊ မန ္တလေးရွှေကြိုးသတ် နယ်မြေပုံ၊ စာကြည့်တိုက်ထဲက စကားပြန်၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (၁) (၂)၊ အမေးတော်ဖြေရဲ့ ကျမ်းကိုးများ (၁)(၂)၊ ဘင်္ဂလားသွား ပညာတော်သင်များ၊ စာစုစာရင်းနဲ့ အညွန်းများ၊ ဘင်္ဂလားမှ ပေးစာများ၊ ဦးတက်ထွဋ် စတဲ့ စာကြည့်တိုက်၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာစာစုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ပဉ္စဂံစာအုပ်တိုက်ကတန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ The post ဒီတပတ်ဖတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2rGQOYs
via IFTTT
No comments:
Post a Comment