Saturday, January 27, 2018


ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည်ဦးမော့လာရေး ကူညီပေးရန် အစိုးရထံ တောင်းဆို အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာ့ဆောက်လုပ်ရေး ကဏ္ဍအား ကူညီဖြေရှင်းပေးရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က အစိုးရအား အခွန်၊ ဘဏ်အတိုးနှုန်းနှင့် ဆက်စပ်သည့် အချက် ၆ ချက် တောင်းဆို လိုက်ကြောင်း အဆိုပါအသင်းချုပ်၏ ဒုဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောသည်။ မန္တလေးမြို့တွင် ဇန်နဝါရီ ၂၆ ရက်နေ့က “ဆောက်လုပ်ရေး ကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပံ့ပိုးပေးပါရန် တင်ပြခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ မှတဆင့် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးရှိန်ဝင်း က “ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ နိုင်ငံတော်ကို အခွန်ရအောင် နေ့စဉ်ရွှေဥ ဥပေးနေတဲ့ ငန်းလိုပါပဲ၊ ဒီလုပ်ငန်းသာ ပြိုလဲသွားရင် နိုင်ငံလည်း ဘယ်လိုမှ မတိုးတက် နိုင်တော့ပါဘူး” ဟု ယင်းကဆိုသည်။ ထိုအခမ်းအနားတွင် တင်ပြတောင်းဆိုခဲ့သည့် အချက် ၆ ချက်ထဲတွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ် အခွန်များအား ၃၀ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ ယာယီ (၂) နှစ်ခန့်လျော့ချ ပေးရေး၊ စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီး အသေးပေါ် မူတည်၍ ၃ နှစ်မှ ၁၀ နှစ်အထိ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်ချေးငွေ အတိုးနှုန်းများအား ၁၃ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ လျော့ချပေးနိုင်ရေးတို့ ပါဝင်သည်။ ထို့အပြင် အိမ်ရာဝယ်ယူသူများအတွက် ၁၅ နှစ်မှ နှစ် ၂၀ အထိ ဘဏ်ချေးငွေများဖြင့် ဝယ်ယူခွင့် ထိထိရောက်ရောက် ရရှိနိုင်ရေး၊ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့် များ ထုတ်ပေးမည့် ကာလ သတ်မှတ်ကြေညာပေးနိုင်ရေးနှင့် နိုင်ငံတော် ဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း အရေအတွက်များ အကောင်အထည်ဖော်ပေးနိုင်ရေးတို့ ဖြစ်ကြောင်းသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမောင်ဝိတ်က ဆောက်လုပ်ရေးလုပ်ငန်းသည် နှစ်ရှည် ရင်းနှီးမြှပ်နှံမှု တခုဖြစ်ရာ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ် အေးလာသည့်နောက် ဘဏ်ချေးငွေကို အဓိကအားပြု၍ ဆက်လက် လည်ပတ်ခဲ့ရာ ဗဟိုဘဏ်က ဘဏ်ချေးငွေ များအား သုံးနှစ်အတွင်း အတိုး၊ အရင်း ပြန်ဆပ်ရန် ဆိုသည့် အမိန့် ကြေညာချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အများစုရပ်ဆိုင်း သွားနိုင်သည့် အခြေအနေတစ်ခုအထိ နီးကပ်လာပြီဖြစ်သည်ဟု ထောက်ပြသွားသည်။ ၂၀၁၆ ခုနှစ်မှ စတင်၍ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ် အခွန်အား ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီးနောက် အရောင်း အဝယ်များ အေးသွားကာ အခွန်ရှောင်မှုများ ပိုများလာခဲ့ပြီး ဆောက်လုပ်ရေး ကဏ္ဍအတွက်လည်း အကြပ်ရိုက်စေသည့် အချက်တခု ဖြစ်လာသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကဆိုသည်။ Young Developer Association ၏ ဥက္ကဌ ဦးမျိုးမြင့် က “ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွန်မဟုတ်ရင် လူတွေက မပေးချင်ပါဘူး။ အဲဒီလိုဖြစ်တဲ့အခါကျ လာဘ်စားမှု ဆိုတဲ့ နောက်ဆက်တွဲ အပိုင်းတွေက ပါလာသလို နိုင်ငံတော်လည်း ရသင့်တဲ့ အခွန်ငွေတွေ ဆုံးရှုံးရပါတယ်” ဟု ပြောသည်။ ၎င်းတို့၏ တင်ပြ တောင်းဆိုချက်အပေါ် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က “ခင်ဗျားတို့ တင်ပြသွားတာ အားလုံး ကျနော်လက်သင့်ခံပါတယ်။ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အဲဒီအခါကျ နော်တင်ပြပေးပါ့မယ်။ တခုလေးသိအောင်ပြောချင်တာက ကျနော်က ငန်းသတ်တဲ့ သူတော့ မဟုတ်ဘူးဗျ” ဟု ပြန်လည် ပြောကြားခဲ့သည်။ အစိုးရတွင် စီးပွားရေးနှင့် ပတ်သတ်၍ ဖိအားများစွာရှိနေပြီး လက်ရှိအခြေအနေတွင် ဘက်ပေါင်းစုံက ရုန်းကန်နေရပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆောက်လုပ်ရေး ကဏ္ဍအား ဖွံ့ဖြိုးစေလိုသည့် စိတ်ဆန္ဒ ရှိကြောင်းနှင့် လုပ်ငန်းရှင်များ ဘက်ကလည်း လွှတ်တော်သို့ Lobby ပြုလုပ်ဖို့ လိုအပ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင် က ဖြည့်စွက်ပြောသည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က ရန်ကုန်တိုင်း၊ နေပြည်တော်တု့ိတွင် လည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အထက်ပါအချက် ၆ ချက်အား တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။ The post ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည်ဦးမော့လာရေး ကူညီပေးရန် အစိုးရထံ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2BwEyt2
via IFTTT

No comments:

Post a Comment