ဇန်နဝါရီလအတွင်း လှုပ်သည့် ငလျင်အကြိမ်ရေ ယခင်နှစ်၏ ထက်ဝက် နီးပါး ရှိနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း ငလျင်လှုပ်ခတ်သည့် အကြိမ် အရေအတွက်သည် ၂၀၁၇ ခုနှစ် တနှစ်ပတ်လုံး လှုပ်ခတ် ခဲ့သည့် အကြိမ်ရေ၏ ထက်ဝက်နီးပါး ရှိနေကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သိရသည်။ မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေး က “ဒီနေ့အထိက ၃၄ ကြိမ်ပါ။ အဓိက က တော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ ဖြူးငလျင်နဲ့ After Shock တွေပါ။ ပြင်းအားက ၆ ဒသမ ၀ က အများဆုံးပဲ”ဟု ဧရာဝတီသို့ ပြောသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ငလျင် ၃၄ ကြိမ် လှုပ်ခတ်ခဲ့ပြီး ကုန်းတွင်းပိုင်းတွင် ၃၂ ကြိမ် အက်ဒမန် ပင်လယ် မြန်မာ့ ရေပိုင်နက် အတွင်း ၂ ကြိမ် လှုပ်ခတ်ခဲ့ကာ ၂၀၁၇ ခုနှစ်အတွင်းတွင်မူ တနှစ်လုံး အကြိမ်ရေ ၇၀ ခန့် လှုပ်ခတ်ခဲ့ပြီး ကုန်း တွင်း ပိုင်းတွင် ၆၉ ကြိမ် အက်ဒမန် ပင်လယ် မြန်မာ့ရေပိုင်နက် အတွင်း ၁ကြိမ် လှုပ်ခတ် ခဲ့ကြောင်းလည်း ၎င်းက ပြော ပြ သည်။ ယခုနှစ် အစပိုင်းမှာပင် ငလျင်ငယ်များ ဆက်တိုက် လှုပ်နေခြင်းသည် ဖြူးငလျင် လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်များ ဖြစ်ပေါ်ခြင်း နှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။ မိုး/ဇလ ၏ မြေငလျင်တိုင်း စက်များ ပိုမိုကောင်းမွန်လာခြင်းကြောင့် လှုပ်နေသည့် ငလျင်တိုင်းနီးပါးကို ဖမ်းမိနေခြင်း ကြောင့်လည်း ယခုကဲ့သို့ တိတိကျကျ သိရခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ငလျင် ကော်မတီမှ ဒု ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်စတာ စကေး ၆ ဒသမ ၀ ရှိ ငလျင်လှုပ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း လှုပ်ခတ်ခဲ့သည်။ ယခု လှုပ်ခတ်နေသော ငလျင်ငယ်များ အပြင် စစ်ကိုင်းပြတ်ရွေ့မှ ပြင်းအား ပမာဏ ၇ ရစ်ချ်စတာ စကေး အထက်ရှိ ပြင်းအားကြီး ငလျင် လှုပ်ခတ်နိုင်ခြေသည်လည်း ပိုများလာသည့် အတွက် ငလျင် အန္တရာယ်ကို စိုးရိမ်ကြောက်လန့် နေခြင်းထက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဒေါက်တာ မျိုးသန့်က ပြောဆိုသည်။ “ငလျင်က လူကိုသေစေတာ မဟုတ်ဘူး၊ အဆောက်အအုံက လူကိုသေစေတာကိုး။ မိမိတို့နေအိမ်သည် ငလျင်ဒဏ် ခံနိုင် ရည် ရှိသလား မရှိဘူးလား ဆိုတာကို လေ့လာ ဆန်းစစ်ထားဖို့ လိုတာပေါ့။ ခံနိုင်ရည် ရှိတယ်ဆိုရင် စိုးရိမ်စရာ မလိုဘူး။ ကြောက်လန့်နေတာထက် စာရင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားမယ်ဆိုရင် ငလျင်လှုပ်ခတ်ခဲ့တဲ့ အခါမှာ ထိခိုက်ပျက်စီး ဆုံးရှုံးမှု၊ သေကြေ အနာတရ ဖြစ်မှုတွေကို လျှော့ချနိုင်မှာပါ”ဟုလည်း ၎င်းက ဆိုသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်ပွားစေရန် မိမိတို့အိမ်၊ မိမိတို့ ပတ်ဝန်းကျင်တွင် ပြုမူနေထိုင်သင့်သည့် နည်းလမ်း များ၊ အန္တရာယ်ကင်း လုံခြုံသည့်နေရာများကို သိရှိထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးစောထွေးဇော် ကလည်း ပြောသည်။ “ကိုယ့်အိမ်မှာဆိုရင် အန္တရာယ် ဘေးကင်း လုံခြုံမယ့်နေရာက ဘယ်နေရာမျိုးလဲ။ ကိုယ့်အိမ်ကရော ဘေးကင်း လုံခြုံမှု ရှိ လား။ ဘယ်နေရာတွေက အားနည်းမလဲ။ ဘေးကင်းလုံခြုံအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နားလည် တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြီးတော့ လုပ်ကိုင်ထားရမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ယနေ့ တွင်လည်း မြန်မာနိုင်ငံ အနောက်ဘက် မြန်မာ့ရေပိုင်နက် အတွင်း ပြင်းအား ၅ ဒသမ ၉ နှင့် ၅ ဒသမ ၈ အဆင့်ရှိ ငလျင်များ လှုပ်ခတ် သွားခဲ့သည့်အပြင် ရှမ်းပြည်နယ် တာချီလိတ်မြို့ အနီးတွင် အင်အား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်ငယ် တခုနှင့် ချင်းပြည်နယ် ကလေးမြို့ အနီး အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်ငယ် တခုတို့လည်း လှုပ်ခတ် သွားခဲ့ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်ကလည်း တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၈ ရစ်ချ်စတာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ကာ လူနှင့် နေအိမ်ပစ္စည်းများ ထိခိုက်ခဲ့ပြီး အဆိုပါ လှုပ်ခတ်မှုသည် ၂၀၁၇ ခုနှစ်တွင် ပြင်အား အများဆုံး လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်သည်။ The post ဇန်နဝါရီလအတွင်း လှုပ်သည့် ငလျင်အကြိမ်ရေ ယခင်နှစ်၏ ထက်ဝက် နီးပါး ရှိနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2DIChQH
via IFTTT
No comments:
Post a Comment