Wednesday, January 31, 2018

The Voice

မြန်မာအစိုးရအဖွဲ့အတွင်း ပြင်ဆင်ပြောင်းလဲမှုများ ဖြစ်ပေါ်လုနီး လယ်ရီဂျေဂင် ရေးသားသည်။ မြန်မာအစိုးရအဖွဲ့အတွင်း အလုံးစုံ ပြင်ဆင်ပြောင်းလဲမှုများ စတင်ပြုလုပ်နေပြီး စီးပွားရေးတိုးတက် ပြောင်းလဲရေး၊ ပွင့်လင်းမြင်သာမှု တိုးတက်ရေးနှင့် ဗျူရိုကရေစီယန္တရား ပိုမိုထိရောက်ရေး လမ်းကြောင်းပေါ်တွင် ရှိနေသော အတားအဆီးများကို ကိုင်တွယ်ရန် အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။ မဟာဗျူဟာအသစ်သည် ပုဂ္ဂိုလ်ဆိုင်ရာ၊ မူဝါဒဆိုင်ရာနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာတို့အပေါ်တွင် အဓိကထားမည်ဟု အစိုးရအတွင်းသိများက ဆိုသည်။ “အစိုးရက အဂတိလိုက်စားမှုတွေ၊ ဗျူရိုကရေစီ လေးလံတုံ့ဆိုင်းမှုတွေ၊ အပြုသဘောဆောင်တဲ့ မူဝါဒမရှိတာတွေကို အရေးပေါ်ကိုင်တွယ်ဖို့ လိုအပ်နေပါတယ်”ဟု နိုင်ငံရေး၊ စီးပွားရေးလေ့လာသူ ဦးကိုကိုလှိုင်က မှတ်ချက်ပေးသည်။ “ဝန်ကြီးအများစုက စွမ်းရည်မရှိဘူး၊ ဖန်တီးတွေးခေါ်နိုင်စွမ်း မရှိဘူး၊ အမှီအခိုကင်းကင်း လုပ်ဆောင်နိုင်စွမ်းမရှိဘူး”ဟု ၎င်းက ဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၏ ချို့ယွင်းချက်များကို ပိုမိုသိရှိလာပြီး လာမည့်အပတ်အတွင်း အဆိုပါပြဿနာများကို ထိပ်တိုက် ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေသည်ဟု သတင်းများက ဆိုသည်။ ဥပမာအနေနှင့် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြီးခဲ့သော ၁၈ လ အတွင်း ဒုတိယဝန်ကြီးမရှိခဲ့သော ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်းဖြစ်သည်။ ယခင်က အစိုးရဌာနဆိုင်ရာ အတွေ့အကြုံများစွာ ရှိခဲ့သူ အင်ဂျင်နီယာ ဦးဟန်ဇော်ကို ဆောက်လုပ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး ဖြစ်သည်။ သို့မှသာ ဩဂုတ်လကတည်းက စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှစ်ခုကို ပူးတွဲကိုင်တွယ်နေရသူ ဦးဝင်းခိုင်အနေနှင့် လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်သုံးစွဲနိုင်သူ ၃၇ ရာခိုင်နှုန်းသာရှိသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ကွန်ရက်တိုးချဲ့ရေးကိစ္စကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင်များ ပြန်လာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်နေသည့် ဆောက်လုပ်ရေးကဏ္ဍကို သီးသန့်အာရုံစိုက်နိုင်မည့် ဝန်ကြီးတစ်ဦးရှိရန် အရေးကြီးသည်ဟု အစိုးရအကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဝန်ကြီးအပြောင်းအလဲများ နောက်ထပ်ရှိဦးမည်ဟု အမည်မဖော်လိုသော NLD အကြီးတန်း တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ ပညာရေး၊ ဟိုတယ်ခရီးနှင့် ကုန်သွယ်ရေး စသောဌာနများမှ ဝန်ကြီးရာထူးများ နောက်သုံးလအတွင်း အပြောင်းအလဲရှိမည်ဟု ခန့်မှန်းရသည်။ ဝန်ကြီးများကို ဖြည်းဖြည်းမှန်မှန် လဲလှယ်သွားမည်ဖြစ်ရာ နေရာရွှေ့ခြင်းမဟုတ်ပေ။ “ပြဿနာတစ်ခုက သင့်လျော်မှန်ကန်ပြီး အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ရှာရတဲ့ကိစ္စပါပဲ”ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင်လည်း သိသာထင်ရှားသော အပြောင်းအလဲများ ပြုလုပ်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်လိုက်ပြီး ပဲခူး၊ ဧရာဝတီ၊ မကွေး၊ ရခိုင်တို့တွင် ဝန်ကြီးရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရနှင့် NLD ပါတီတို့က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသော်လည်း အဂတိလိုက်စားမှုနှင့် စွမ်းရည်ချို့တဲ့မှုတို့ကြောင့် အပြောင်းအလဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟု အကဲခတ်လေ့လာသူများက ယုံကြည်ကြသည်။ ပြီးခဲ့သော လအနည်းငယ်အတွင်း ပြည်နယ်နှင့်တိုင်းအဆင့် ဝန်ကြီးများအပါအဝင် လွှတ်တော်အမတ် ၃၀ ခန့်ကို အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲပုံ မှားယွင်းမှုတို့ကြောင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရသည်ဟု NLD ပါတီ၏ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။ “စွမ်းဆောင်ရည် မပြည့်မှု၊ အဂတိလိုက်စားကြောင်း အတိုင်ခံရမှု၊ လူမှုရေးပြဿနာရှိမှု အချက်သုံးချက်ကို အစိုးရက ဝန်ကြီးရာထူး အပြောင်းအလဲလုပ်ရာမှာ ထည့်သွင်းစဉ်းစားပါတယ်”ဟု ၎င်းက ဆိုသည်။ ၂၀၁၆ ဧပြီလတွင် NLD ပါတီ အာဏာလွှဲပြောင်း ရယူပြီးနောက်ပိုင်း လွှတ်တော်အမတ်များနှင့် ဝန်ကြီးများအပေါ် တိုင်ကြားသည့် တိုင်စာပေါင်း ၄၀၀ ခန့် လက်ခံရရှိခဲ့သည်ဟု ပါတီ၏ တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်က သတင်းထောက်များအား ဩဂုတ်လက ပြောကြားခဲ့သည်။ “NLD အစိုးရဟာ စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အဓိကကျတဲ့ ပလေယာတွေကို အပြောင်းအလဲလုပ်နေပါတယ်။ လိုအပ်ရင် နောက်ထပ်ရှိလာဦးမှာပါ”ဟု မုံရွာအောင်ရှင်က ပြောကြားသည်။ ရွေးချယ်တင်မြှောက်ခံ အရပ်ဘက်အစိုးရ၏ ခေါင်းဆောင်အဖြစ် အာဏာရလာပြီး ၂ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ကာလတွင် အရေးကြီးသောနှစ်ကို ရင်ဆိုင်နေရသည်။ အစိုးရနှင့် ဗျူရိုကရေစီယန္တရားကို အရှိန်မြှင့်ရန် လိုအပ်နေသည်ဟု NLD စီးပွားရေးကော်မတီမှ ဦးရဲမင်းဦးက ပြောကြားသည်။ “အပြောင်းအလဲတချို့ လုပ်ပြနိုင်တယ်ဆိုတာကို ပြသဖို့ လိုအပ်နေပါပြီ။ လာမယ့်သုံးလကတော့ ဒီလိုပြသဖို့ ဆုံးဖြတ်ရမယ့်အချိန်ပါပဲ”ဟု ၎င်းက Asia Focus သို့ ပြောကြားသည်။ အစိုးရအနေနှင့် စီးပွားရေးကို ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်နေပြီး သို့မဟုတ်ပါက အများပြည်သူ၏ ယုံကြည်စိတ်ချမှု ကျဆင်းကာ လာမည့်သုံးနှစ်တွင် ရွေးကောက်ပွဲ အလားအလာကို ထိခိုက်စေလိမ့်မည်ဟု ဝေဖန်သူများနှင့် စီးပွားရေးဦးဆောင်သူများက ယုံကြည်နေကြသည်။ သို့သော် အစိုးရအတွက် ထိပ်တိုက်ရင်ဆိုင်နေရသော အခက်အခဲများမှာ ကြီးမားလှသည်။ ရခိုင်ပြည်နယ်ပြဿနာနှင့် ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြိုတင်ပြင်ဆင်ရမှုများကို ဦးစားပေးနေရသည့်အလျောက် အကျိုးဆက်အနေနှင့် စီးပွားရေးစီမံကိန်း ရေးဆွဲရေးကိစ္စများကို ဆိုင်းငံ့ရသည့်အဖြစ်သို့ ရောက်လာသည်။ “အစိုးရဆီက ဘာအကြံဉာဏ်၊ ဘာအမြင်၊ ဘာညွှန်ကြားမှုမှ မရှိဘူး”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၏ အကြီးတန်းအကြံပေး စီးပွားရေးပညာရှင် ဦးတင်မောင်သန်းက Asia Focus သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အစိုးရအဖွဲ့ကို ပြေးလမ်းပေါ်သို့ ပြန်တင်ကာ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ကို ပြန်လည်လှုပ်နှိုးပေးဖို့ လိုသည်ဟု ၎င်းက ဆိုသည်။ အကဲခတ်လေ့လာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက စိစစ်ပြသော အဓိကပြဿနာနှစ်ခုမှာ အဂတိလိုက်စားမှု ကြီးထွားနေခြင်းနှင့် ဗျူရိုကရေစီယန္တရား လေးလံတုံ့ဆိုင်းနေခြင်းတို့ ဖြစ်သည်။ အဂတိလိုက်စားမှုကို ပိုမိုသတိထားရန်လိုကြောင်း လွှတ်တော်အမတ်များကလည်း သဘောတူကြသည်။ “NLD အစိုးရလက်ထက်မှာ အထူးသဖြင့် တချို့ကဏ္ဍတွေမှာ အဂတိလိုက်စားမှုတွေ ခေါင်းပြန်ထောင်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ယေဘုယျအားဖြင့် ယူဆနေကြတာကို သံသယရှိစရာ မလိုပါဘူး”ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောကြားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၃ တွင် ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို NLD အစိုးရက မကြာသေးမီက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ဟောင်း ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည်။ အချို့ အကဲခတ်လေ့လာသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကလည်း ပြုပြင်ပြောင်းလဲမှုများ၏ အဓိကအတားအဆီးမှာ ဗျူရိုကရေစီယန္တရားဖြစ်သည်ဟု ထောက်ပြကြသည်။ အစိုးရဝန်ထမ်းများမှာ ပြဿနာ၏အဖြေ မဟုတ်သော်လည်း ဖြစ်နေသော ပြဿနာ၏ အစိတ်အပိုင်းဖြစ်သည်ဟု အစိုးရအတွင်းသိများက ပြောကြားသည်။ များစွာလိုအပ်နေသော စည်းကမ်းဖြေလျှော့မှုများအစား အစိုးရဝန်ထမ်းများသည် လုပ်ထုံးလုပ်နည်းများကို ဆုပ်ကိုင်ကာ စည်းမျဉ်း၊ စည်းကမ်းများအပေါ် ခိုင်မာစွာ ကာကွယ်ရပ်တည်ကြရမည်ဟု ဦးတင်မောင်သန်းက ပြောကြားသည်။ “ဝန်ကြီးဌာနရဲ့ မဟာဗျူဟာမှာ မျှော်မှန်းချက် မပါဝင်ပါဘူး။ လိုအပ်နေတာက မဟာဗျူဟာကို ဘယ်သူက တာဝန်ယူမလဲ၊ ဘယ်သူက အကောင်အထည်ဖော်မလဲ ဆိုတာကို စိစစ်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဗျူရိုကရေစီယန္တရား တိုးတက်ဖို့ အချိန်အများကြီး ယူရပါလိမ့်မယ်”ဟု ၎င်းက မှန်းဆပြောကြားသည်။ သို့ရာတွင် အစိုးရအဖွဲ့တွင် စီးပွားရေးမူဝါဒအတွက် မည်သူက တာဝန်ရှိကြောင်း မသဲကွဲသောကြောင့် တကယ့်ပြဿနာမှာ ဖွဲ့စည်းပုံကိစ္စဖြစ်သည်ဟု ယုံကြည်ကြသော စီးပွားရေးလုပ်ငန်းရှင်များစွာ ရှိသည်။ မူဝါဒကွဲပြားခြင်း၊ နှစ်ခုဖြစ်ခြင်းနှင့် အမျိုးမျိုးဖြစ်ခြင်းများ ရှိနေသည်ဟု NLD ပါတီဝင်တစ်ဦးဖြစ်သူ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးရဲမင်းဦးက ယုံကြည်သည်။ အစိုးရအဖွဲ့သည် ပါတီနှင့်အပြားလိုက် (Horizontal) ဆက်သွယ်ဆောင်ရွက်မှု အလွန်နည်းပါးသောကြောင့် တစ်ကိုယ်တည်း ဆွေးနွေးမှုပုံစံကို ဖြစ်ပေါ်စေပြီး မူဝါဒများသည် အဖွဲ့ သို့မဟုတ် ဌာနအတွင်းမှာသာ ရေးဆွဲဖြစ်ပေါ်လာသည်ဟု ၎င်းက ပြောကြားသည်။ NLD ပါတီသည် စီးပွားရေးမူဝါဒကို ဆွေးနွေးကာ အကြံပြုချက်များကို ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီမှတစ်ဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့ရသော ပါတီ၏ စီးပွားရေးကော်မတီကို ပြန်လည်ဖွဲ့စည်းထားသည်။ ပါတီကိစ္စများတွင် အစိုးရအဖွဲ့ဝင်များ မပါဝင်ရန် အခြေခံဥပဒေက ကန့်သတ်ထားသောကြောင့် ယင်းကော်မတီတွင် ဝန်ကြီးများ ပါဝင်ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏အစိုးရ တက်လာပြီး လအနည်းငယ်အကြာတွင် စီးပွားရေးပညာရှင်များ၊ ဝန်ကြီးများနှင့် အစိုးရတာဝန်ရှိသူများ စုံလင်စွာပါဝင်သော အမျိုးသား စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှု ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ကော်မတီကို ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တစ်လတစ်ကြိမ် စည်းဝေးရန် ရည်ရွယ်ထားသော်လည်း များသောအားဖြင့် ထိုသို့ ခေါ်ယူစည်းဝေးနိုင်ခြင်း မရှိပေ။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကော်မတီနှစ်ခုထက် အရာရောက်သည်ဟု ယူဆရသော နောက်ထပ် စီးပွားရေးအကြံပေး ကော်မတီတစ်ခုကို လွန်ခဲ့သော လအနည်းငယ်က ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် သူမကိုယ်တိုင် ဆောင်ရွက်သော ထိုကော်မတီတွင် ဝန်ကြီး ၁၁ ဦး ပါဝင်ပြီး တစ်လတစ်ကြိမ် ခေါ်ယူစည်းဝေးသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဖြစ်သူ သံအမတ်ကြီးဟောင်း ဦးကျော်တင့်ဆွေက ထိုကော်မတီကို ဦးဆောင်မှုပေးသည်ဟု အစိုးရအတွင်းသိများက ပြောကြားသည်။ တကယ့်ပြဿနာမှာ စီးပွားရေးကဏ္ဍနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်အာဏာသည် ဘဏ္ဍာရေးဝန်ကြီးထံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ဦးကျော်တင့်ဆွေထံသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ဦးရဲမင်းဦး၏ အဆိုအရ သိရှိရသည်။ သံအမတ်များသည် ယခုအခါ စီးပွားရေးကဏ္ဍတွင်သာမကပဲ ပွဲစဉ်တစ်ခုလုံးတွင် ပါဝင်လာကြသည်ဟု ၎င်းက ဆိုသည်။ အစိုးရသည် နောက်ထပ် သံအမတ်ဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သူကို ဒုတိယ ကုန်သွယ်ရေးဝန်ကြီးအဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည်။ အစောပိုင်းက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရသူ သံအမတ်ဟောင်း ဦးသောင်းထွန်းမှာမူ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရများအကြား မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရသော ပြည်ထောင်စု အစိုးရရုံးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း ခံရသည်။ နောက်ထပ် သံအမတ်ဟောင်း တစ်ဦးဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့်မှာမူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးစားပေးကိစ္စရပ်များ ဟန်ချက်ညီရန်၊ ထိရောက်သော မူဝါဒများချမှတ်ရန်၊ အကောင်အထည်ဖော်ပြီးကြောင်း သေချာစေရန် ကြိုးစားနေရသော ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင် အများစုက ကရုဏာသက်ကြသည်။ အချို့ စီးပွားရေးလုပ်ငန်းရှင်များကမူ ဦးသိန်းစိန်အစိုးရလက်ထက်က နည်းလမ်းတစ်ခုဖြစ်သော အာဏာအပြည့်ပေးထားသည့် စီးပွားရေး ဂုရုတစ်ဦးအား ခန့်အပ်မှုပုံစံကို ထောက်ခံကြသော်လည်း ထိုပုဂ္ဂိုလ်သည် စီးပွားရေးအတွေ့အကြုံ ပြည့်ဝရမည်ဟု ၎င်းတို့က ဆိုသည်။ နောက်ထပ် ဖြေရှင်းနည်းတစ်ခုမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ဖိအားလျော့စေရန် အစိုးရအဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်နိုင်မည့် ဝန်ကြီးချုပ်ကဲ့သို့ ရာထူးမျိုးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အချို့က အကြံပြုကြသည်။ သမ္မတဦးထင်ကျော်သည် ထိုလုပ်ငန်းတာဝန်နှင့် အပြည့်အဝ ကိုက်ညီဖွယ်ရှိသော်လည်း ၎င်း၏ကျန်းမာရေး အခြေအနေကြောင့် နောက်ထပ် အခွင့်အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦး လိုအပ်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေကလည်း ဝန်ကြီးချုပ် ရာထူးကို ခွင့်ပြုထားခြင်း မရှိပေ။ “ကျွန်တော်တို့လို ပါတီထဲကလူတွေအနေနဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရကို အပြစ်မတင်သင့်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ကြတယ် ဆိုတာကိုပဲ ရှင်းပြရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်ဖြန့်ဖြူးပေးဖို့လိုတယ်၊ ရလဒ်တွေကို ပြသနိုင်ဖို့ လိုတယ်”ဟု ဦးရဲမင်းဦးက ဆက်လက်ပြောကြားသည်။ ထို့အတွက် အချိန်ကတော့ မရှိတော့ပေ။
Source : https://goo.gl/BzRZVN
via IFTTT

No comments:

Post a Comment