ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် တိုးတက်ရေး အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းမည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော ရန်ကုန် စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်ကုမ္ပဏီများ တိုးလာစေရန် TaskForce အထူးအဖွဲ့ တခု ဖွဲ့စည်းပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေကြေး သက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။ အဆိုပါ ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီများ ပိုမိုများပြား၍ ရင်းနှီးမြှပ်နှံသူ ဦးရေတိုးပွားလာရေးအတွက် ဂျပန် နိုင်ငံဘက်မှ အကူညီများ ပေးသွားမည် ဖြစ်ပြီး YSX အောက်တွင် TaskForce အထူး အဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ၊ လွှတ်တော်ဆိုင်ရာ ဒုတိယ ဝန်ကြီး Mr. Hideki MURAI ကပြောကြားသည်။ “YSX က ရင်းနှီးမြှုပ်နှံသူ နည်းပါးခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါတွေကို ကူညီဖို့ အတွက် YSX အောက်ကနေမှ ဖွဲ့ စည်း မယ့် TaskForce အဖွဲ့မှာ တကယ့်ကို ကျွမ်းကျင်သူ ၅ ဦးကို ထားရှိမှာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။ ဇန်နဝါရီ ၂၅ ရက်က နေပြည်တော် Kempinski Hotel ၌ ကျင်းပသော မြန်မာနိုင်ငံ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ အစိုးရတို့နှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ အသိပေး ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် TaskForce အဖွဲ့မှ စေတာ့ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုမ္ပဏီ များပြားလာစေရန်နှင့် ရင်းနှီး မြှုပ်နှံသူ တိုးပွား လာစေရန် အပြင် စတော့ ဈေးကွက်စနစ် ပြင်ဆင်ခြင်း၊ လူသား အရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်း စသည့် ကဏ္ဍ ၄ ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ငွေကြေး သက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူထားသော စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက”မြန်မာနဲ့ ဂျပန်နိုင်ငံက စတော့အိတ်ချိန်းကို ပူးပေါင်း တည်ထောင်ထားတာကြောင့် Taskforce လုပ်ရင် ကာလတော့ရှိတယ်။ စာရင်းဝင် ကုမ္ပဏီများ တိုးပွားလာစေဖို့ ကျွမ်း ကျင် ပညာရှင်တွေ ပါပြီးတော့ ကုမ္ပဏီတွေကို သတင်းတွေပေး၊ ကူညီပေးမှုတွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တနှစ်လောက်တော့ လုပ်မယ် မှန်းထားပါတယ်”ဟု ပြောသည်။ ယင်း Taskforce အဖွဲ့ကို လာမည့် ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ လက်ရှိ ရန်ကုန် စတော့အိတ်ချိန်း၌ ပထမမြန်မာ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ (FMI) ၊ မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) ၊မြန်မာနိုင်ငံသားများ ဘဏ် (MCB) နှင့် ပထမ ပုဂ္ဂလိက ဘဏ် (FPB) စာရင်းဝင် ကုမ္ပဏီ ၄ခုဖြင့် ရှယ်ယာ အရောင်းအဝယ်များ ပြုလုပ်လျက်ရှိသည်။ ၎င်း ကုမ္ပဏီများမှာ ရှယ်ယာ အဟောင်းများကိုသာ အရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်ပြီး YSX ၏ ၅ ခုမြောက် စာရင်း ဝင် ကုမ္ပဏီ ဖြစ်လာသည့် တယ်လီကွန်း ကုမ္ပဏီ (TMH) သည် အများပြည်သူသို့ ကနဦး အစုရှယ်ယာများ ကမ်းလှမ်း ရောင်းချခြင်း စနစ် (IPO ) ဖြင့် ပထမဆုံး ဝင်ရောက်လာမည့် ကုမ္ပဏီ ဖြစ်သည်။ YSX သို့ လက်ရှိ ဝင်ရောက် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာရှင် အရေအတွက်မှာလည်း ၃ သောင်းကျော်သာ ရှိနေပြီး ရှယ်ယာ ရင်းနှီးမြှုပ်သူများစွာ လိုအပ်နေကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။ ရန်ကုန် စတော့ အိတ်ချိန်း ဈေးကွက်ကို မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်က စတင်တည်ထောင်၍ လုပ်ငန်း များ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အေးနေခြင်း၊ စတော့ရှယ်ယာ ဝယ်ယူ ရင်းနှီးမြှုပ်နှံမည့်သူ နည်းပါးခြင်း ကြောင့် ၂ နှစ် ဝန်းကျင် သက်တမ်းရှိသည့် ရန်ကုန် စတော့အိတ်ချိန်းသည် အောင်မြင်ခြင်းမရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။ The post ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် တိုးတက်ရေး အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2EbxlSt
via IFTTT
No comments:
Post a Comment