အစဉ်အလာကြီးမားတဲ့ ဘန်လေအသင်းရဲ့ သမိုင်းမျက်နှာစာ လက်စတာ လို တန်းတက် အသင်းလေးက ၂၂၀၁၅-၁၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလား ရယူသွားခဲ့တာကို မေ့ကြဦးမယ် မထင်ပါဘူး။ ဒီလိုပဲ အခုနှစ်မှာလည်း ဘန်လေ (Burnley F.C.) လို အသင်းကို အသင်းသေးဆိုပြီး လျှော့တွက်လို့ မရတဲ့ အနေအထားပါ။ အရင်နှစ် ဘောလုံး ရာသီက အဆင့်ဘယ်လောက်နဲ့ပဲ ရာသီသိမ်းခဲ့သည် ဖြစ်စေ ဒီနှစ်မှာတော့ ဘယ်နှစ်ယောက်မှ လူကောင်း မရှိတဲ့ အသင်းသားတွေနဲ့ ထိပ်တန်း အဆင့် ၁၀ အတွင်းမှာ ရပ်တည်နိုင်နေတယ်။ တခါတလေ အမှတ်ပေးဇယား ထိပ်ပိုင်းကို ရောက်လာတာတွေ၊ အသင်းကြီးတွေကို ကောင်းကောင်း တန်ပြန် ကစားနိုင်မှုတွေက ဘန်လေကို စိတ်ဝင်စားစရာ ဖြစ်လာစေပါတယ်။ ဒါပေမယ့် ဘန်လေကို အခုနှစ် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်တယ်လို့ ထင်မြင်ချက်ပေးနေတာ မဟုတ်ဘဲ ရာသီဝက် ကျော်လာချိန် ရပ်တည်မှု အရ ဖလားရနိုင်ဖို့ မရှိတော့ ပေမယ့် အသင်းသေး ဖြစ်ပေမယ့် အခုနှစ် ရလဒ်ကောင်းတဲ့ ဘန်လေအသင်းရဲ့ တခြား မျက်နှာစာ အကြောင်း ပြောပြမှာ ဖြစ်ပါမယ်။ အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင်နေတဲ့ အသင်း တသင်း ဖြစ်ပြီး လန်ကာရှိုင်းယား (Lancashire) ဒေသက ဘန်လေမြို့မှာ အခြေစိုက်တဲ့ အသင်းပါ။ The Clarets (အနီရောင်စဉ်တန်းများ) လို့ ခေါ်ကြပါတယ်။ ဒါကလည်း သူတို့က အိမ်ကွင်းမှာ အနီရောင် (ဝိုင်နီရောင်) ဆန်ဆန်ကို ဝတ်ဆင်ကစားလို့ ခေါ်ကြတာပါ။ ဘန်လေ အသင်းဟာ အင်္ဂလန် အခြေစိုက် အသင်းတွေထဲမှာ သက်တမ်းရင့် အသင်း တသင်း ဖြစ်ပြီး ၁၈၈၂ ခုနှစ် မေလ ၁၈ ရက်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်လို့ သက်တမ်း အရ ၁၃၅ နှစ်ထိ ရှိနေပြီ ဖြစ်ပါတယ်။ အသင်း နာမည် အပြည့်အစုံက Burnley Football Club ဖြစ်ပါတယ်။ နာမည် အတိုက်ကောက် BFC လို့ သုံးပါတယ်၊ အိမ်ကွင်း အနေနဲ့ လက်ရှိမှာ Turf Moor ကို အသုံးပြုနေပြီး ပရိတ်သတ် ၂၁၉၄၄ ဦး ဆံ့ပါတယ်။ လက်ရှိ အသင်းရဲ့ ဥက္ကဌက Mike Garlick ဖြစ်ပြီး နည်းပြ အဖြစ် Sean Dyche က တာဝန်ယူနေတာ တွေ့ရပါတယ်။ အရင်နှစ်ကတော့ အသင်းက ရလဒ် သိပ်မကောင်းခဲ့ပဲ အဆင့် ၁၆ နဲ့ ရာသီသိမ်းထားတာ တွေ့ရပါတယ်။ အသင်းက အိမ်ကွင်းမှာ အနီရောင် အင်္ကျီမှာ မိုးပြာရောင် လက်မောင်းသား၊ ဘောင်းဘီ မိုးပြာရောင်နဲ့ ခြေအိတ်လည်း မိုးပြာရောင်ပဲ ဖြစ်ပါတယ်။ အဝေးကွားမှာတော့ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်တွေက အဖြူရောင် ဖြစ်သွားပြီး အင်္ကျီ လက်မောင်းသားမှာ အနီစင်းပါတယ်၊ ဘောင်းဘီ ဘေးသားမှာ အနီစင်း ပါရှိပါတယ်။ ကြားကွင်းတွေမှာတော့ အင်္ကျီက မိုးပြားရောင်ကို လက်မောင်းမှာ အနီရောင် လိုင်းထည့်ထားပြီး ဘောင်းဘီနဲ့ ခြေအိတ်ကတော့ အနက်ရောင် ဖြစ်ပြီး အနီရောင် ဘေးစင်းနဲ့ လည်ပင်းတွေ ကွပ်ထားတာ တွေ့ရပါတယ်။ ရှေ့ပိုင်းမှာ တည်ထောင် ကစားခဲ့တဲ့ အသင်း ဖြစ်ပေမယ့် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အသင်းကြီးတွေလောက်တော့ အောင်မြင်မှု မရခဲ့ပါဘူး။ ၁၈၈၈ ခုနှစ်က Football League ကို စတင် တည်ထောင် ကစားခဲ့တဲ့ အသင်း ၄ သင်းထဲက ၁ သင်း အဖြစ် ပါခဲ့တဲ့ ဘန်လေအသင်းဟာ Football League ဖလားကို ၁၉၂၁ နဲ့ ၁၉၆၀ တွေမှာ ၂ ကြိမ်ရဖူးတယ်၊ ၁၉၁၄ ခုနှစ်မှာ FA ဖလား ၁ လုံး ရဖူးပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၃ ခုနှစ်တွေမှာ ကွန်မြူနတီဒိုင်းလည်း ၂ ကြိမ် ရဖူးတာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၀၀ ပြည့့်နှစ် မတိုင်ခင် အသင်းရဲ့ အောင်မြင်မှုက ဥရောပ အဆင့်ထိအောင် ရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိ ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေကို အဆင့်ခွဲခြားလိုက်ရင် အဓိက အနေနဲ့ ပရီးမီးယားလိဂ် အပါအဝင် အဆင့် ၄ ဆင့် ရှိပြီး အဆိုပါ ပြိုင်ပွဲ ၄ ခုလုံးမှာ ဖလားရယူဖူးတဲ့ အသင်းဆိုလို့ အခုချိန်ထိ ၅ သင်းပဲ ရှိပြီး အဆိုပါ အသင်းတွေထဲမှာ ဘန်လေ ပါဝင်နေတာကတော့ တခြား အသင်းတွေထက် ထူးခြားနေပါတယ်။ ဒီအသင်း ၅ သင်းကတော့ ဘန်လေ၊ ပို့မောက်စ်၊ ဝုဗာဟက်တန်၊ ရှက်ဖီးယူနိုက်တက် နဲ့ ပရက်စတန်နော့အန်း အသင်းတွေ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ အိမ်ကွင်း အဖြစ် ကစားနေတဲ့ Turf Moor ကွင်းကို အသင်းက ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် ကတည်းက အသုံးပြုကစားနေတာ ဖြစ်လို့ အိမ်ကွင်း တခုတည်းကိုပဲ အကြာဆုံး အသုံးပြုတဲ့ အသင်း စာရင်းမှာလည်း ပါရှိနေပါတယ်။ အသင်းရဲ့ လက်ရှိ ဝိုင်နီရောင် ဝတ်စုံကို ၁၉၁၀-၁၁ ခုနှစ်တွေက အင်္ဂလန်မှာ အောင်မြင်မှု ရနေတဲ့ အက်စတွန်ဗီလာ အသင်းရဲ့ အရောင်နဲ့ ဆင်တူ ပုံစံ ရယူ ဝတ်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ လာဘ်ကောင် အဖြစ်တော့ Bertie ဆိုတဲ့ ပျားကောင်ပုံလေးကို သုံးတာ တွေ့ရပါတယ်။ ၁၈၈၂ ခုနှစ်က အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲထွက်လေ့ ရှိသလို အသင်းရဲ့ ပရိတ်သတ်တွေက အလှည့်ကျ ဝတ်ဆင် ပွဲထွက်တာ လည်း ဖြစ်ပါတယ်။ ဒီလာဘ်ကောင်ကို BBC ကနေ ထုတ်လွှင့်တဲ့ They Think It’s All Over အစီအစဉ်မှာ မကြာခဏ ပါဝင်မှုနဲ့ အတူ လူသိများ ပါတယ်။ ၂၀၀၆-၀၇ ဘောလုံး ရာသီ အတွင်းက Holland Pies မှာလည်း သွားရောက် ပါဝင် ဖျော်ဖြေမှု လုပ်ခဲ့တာ တွေ့ရပါတယ်။ စာရင်းတွေ အရ ဘန်လေဟာ အောင်မြင်မှု သိပ် မရတော့ပေမယ့် ပရိတ်သတ် အခိုင်အမာရှိနေတဲ့ အင်္ဂလန် အသင်း တသင်းပါ။ ၁၉၅၉-၆၀ ခုနှစ်တွေမှာ ချန်ပီယံ ဖြစ်ချိန်က အသင်းရဲ့ ပရိတ်သတ် အင်အားက အခြား ထိပ်တန်း အသင်းတွေရဲ့ ပရိတ်သတ်ထက် ၂ ဆလောက် ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပြိုင်ဘက်ကတော့ ၂၀၀၀ ခုနှစ် ဝန်းကျင်က အသင်းကြီး စာရင်းဝင်ခဲ့တဲ့ ဘလက်ဘန်း ဖြစ်ပြီး သူတို့ နှစ်သင်းရဲ့ ပွဲစဉ်ကို East Lancashire Derby လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်၊ ယခင် First Division မှာ ချန်ပီယံ ၂ ကြိမ်၊ ယခု ချိန်ပီယံရှစ်၊ ယခင် Second Division မှာ ချန်ပီယံ ဖလား ၃ ကြိမ်၊ ယခု League One၊ ယခင် Third Division မှာ ချန်ပီယံ ဖလား ၁ ကြိမ်၊ ယခု League Two၊ ယခင် Fourth Division မှာ ချန်ပီယံ ၁ ကြိမ်စီ ဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။ အသင်းရဲ့ အကြီးမားဆုံး အမှတ်ပေးပြိုင်ပွဲ နိုင်ပွဲက ၁၈၉၂ ခုနှစ် ဇန်နဝါရီ ၉ ရက်က ကစားတဲ့ ဒါဝန်နဲ့ ပွဲမှာ ၉ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ ဖလားပွဲ အကြီးမားဆုံး နိုင်ပွဲက ၁၉၈၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ကစားတဲ့ ပန်းရစ်နဲ့ ပွဲမှာ ၉ ဂိုး ဂိုးမရှိနဲ့ နိုင်ဖူးတယ်။ အကြီးမားဆုံး အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲက ၁၉၂၅ ခုနှစ် သြဂုတ် ၂၉ ရက်မှာ ကစားတဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးဖူးတယ်၊ ဖလားပွဲ အကြီးမား ရှုံးပွဲက ၁၈၈၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ကစားတဲ့ ဒါဝန်နဲ့ ပွဲမှာ ၁၁ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့တာပါ။ အိမ်ကွင်း ပရိတ်သတ် အများဆုံး လာရောက်တဲ့ ပွဲ အဖြစ် ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ကစားတဲ့ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ပရိတ်သတ် ၅၄၇၇၅ ဦးထိ လာရောက် အားပေးခဲ့တာ တွေ့ရပါတယ်။ အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲမရှိ တဆက်တည်း ကစားနိုင်မှု အဖြစ် ၁၉၂၀ စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၉၂၁ ခုနှစ် မတ်လ ၂၅ ရက်ထိအောင် ပွဲပေါင်း ၃၀ ဆက်တိုက် မရှုံးအောင် ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ အသင်း အတွက် ပွဲအများဆုံး ကစားပေးထားသူက Jerry Dawson ဖြစ်ပြီး ၅၂၂ ပွဲ ကစားပေးထားပါတယ်။ အသင်း အတွက် George Beel က ၁၇၈ ဂိုးထိအောင် အများဆုံး သွင်းယူပေးထားတာလည်း တွေ့ရပါတယ်။ ဘောလုံး တရာသီ အတွင်း ရမှတ် အများဆုံး ရယူနိုင်မှု အဖြစ် ၂၀၁၃-၁၄ နဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီတွေမှာ အမှတ်ပေးပြိုင်ပွဲမှာရမှတ် ၉၃ မှတ်ထိ ရယူနိုင်ခဲ့တာပါ။ အသင်းက ၂၀၁၇ ခုနှစ် အတွင်း လိဒ်ကနေ Chris Wood ကို ပေါင် ၁၅ သန်း ပေးပြီး စံချိန်တင် ခေါ်ယူဖူးသလို ဘန်လေကနေ ၂၀၁၇ ဇူလိုင် ၃ ရက်က အဲဗာတန်ကို ရောက်သွားတဲ့ Michael Keane အတွက် ပေါင် ၂၅ သန်း ရဖူးတာလည်း တွေ့ရပါတယ်။ Ref: en.m.wikipedia.org The post အစဉ်အလာကြီးမားတဲ့ ဘန်လေအသင်းရဲ့ သမိုင်းမျက်နှာစာ appeared first on ဧရာဝတီ.
Source : http://ift.tt/2DBxuBz
via IFTTT
No comments:
Post a Comment