Friday, January 26, 2018

The Voice

စီးပွားဖြစ်ထုတ်နိုင်မည့် ထောပတ်သီးဇုန် ရှမ်းပြည်နယ်တွင် တည်ထောင်မည် ရန်ကုန်၊ ဇန်နဝါရီ ၂၅ စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ထောပတ်သီးဇုန်ကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ထောင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြောကြားသည်။ အဆိုပါထောပတ်သီးဇုန်ကို တည်ထောင်ရန် မြေဧကနှစ်သောင်းခွဲနီးပါး လိုအပ်ပြီး မိရိုးဖလာ ထောပတ်သီးမျိုးအပြင် ကမ္ဘာ့ဈေးကွက်ဝင်မည့် ထောပတ်သီးမျိုးကို စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “မြေရမယ်ဆိုရင် နောက်လာမယ့် သုံးနှစ်အတွင်းမှာ အရည်အသွေးကောင်းတဲ့ ထောပတ်သီးတွေ ထုတ်လုပ်ရောင်းချနိုင်မှာပါ။ ထောပတ်သီးဝယ်ဖို့ ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့က ကမ်းလှမ်းထားပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်မယ့် တောင်သူတွေလည်း စုထားတယ်။ တောင်သူပေါင်း ၁၅၀၀ လောက်ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။ လက်ရှိတွင် ထောပတ်သီးကို ထိုင်းနှင့် တရုတ်သို့ တရားမဝင်လမ်းကြောင်းများဖြင့် ရောင်းချနေရသကဲ့သို့ဖြစ်နေပြီး ဈေးနှုန်းမှာမူ တစ်တန်ကို ဒေါ်လာ ၁၂၀၀ ရရှိကာ ထိုင်းနယ်စပ်တွင်မူ ထောပတ်သီး တစ်ကီလိုကို ထိုင်းဘတ် ၃၀ နီးပါး ရရှိကြောင်း ထောပတ်သီးကုန်သည်များထံမှ သိရသည်။ ရှမ်းပြည်နယ်အစိုးရဘက်ကလည်း တောင်သူများအဆင်ပြေပြီး အရည်အသွေးမြင့် ထောပတ်သီးများထုတ်လုပ်နိုင်ရန် မြေနေရာများ ကူညီပေးမည်ဟု ပြောကြားထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။ “ထောပတ်သီးက ပြည်တွင်းဈေးကွက်လည်း လိုအပ်ချက်မြင့်မားတယ်။ တခြားနိုင်ငံတွေလည်း ပို့မယ်ဆိုတော့ အထွက်နှုန်းကောင်းဖို့လိုတယ်။ အခုဆို ထောပတ်သီးဈေးက အရည်အသွေးမကောင်းလို့ ပယ်လိုက်တဲ့အသီးတွေကို ပေးတဲ့ဈေးလောက်ပဲ ဖြစ်နေတယ်”ဟု ထောပတ်သီးစိုက်ပျိုးသူ ဦးနောင်ချိုက ပြောကြားသည်။ တရုတ်နိုင်ငံသို့ ထောပတ်သီး တရားဝင် တင်ပို့ရောင်းချနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဘက်ရှိ သက်ဆိုင်ရာဒေသအစိုးရ အဖွဲ့နှင့်ဆွေးနွေးနေပြီး မကြာမီအချိန်အတွင်း တင်ပို့မည့်ပမာဏများနှင့် ဈေးနှုန်းများထွက်လာနိုင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
Source : https://goo.gl/xAWpLW
via IFTTT

No comments:

Post a Comment