ပဲရစ်တွင် စိန်းမြစ်ရေ တက်လာခြင်းကြောင့် ရေကြီးနိုင်သည့်အတွက် အသင့်ပြင် ပဲရစ်၊ ဇန်နဝါရီ ၂၇ ပြင်သစ်နိုင်ငံ ပဲရစ်တွင် စိန်းမြစ် ရေတက်လာသောကြောင့် မြစ်ကမ်းနံဘေး နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အမြင့်ဆုံး သတိပေးနှိုးဆော်ထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ မိုးသည်းထန်ကာ မြစ်ရေတက်လာခြင်းကြောင့် ပဲရစ်ရှိ မြေအောက်ခန်းအချို့တွင် ရေယိုစိမ့်ထွက်လျက်ရှိသည်ဟု သတင်းများက ဆိုသည်။ စိန်းမြစ်ရေသည် ယခု သီတင်းပတ်ကုန်အထိ ဆက်လက်မြင့်တက်ကာ ပုံမှန်ရေအမှတ်ထက် မီတာများစွာ တိုးလာလိမ့်မည်ဟု ခန့်မှန်းရသည်။ လမ်းများပေါ်တွင် ရေများပြည့်နေပြီဖြစ်ပြီး လူကြိုက်များသော အပျော်စီးသင်္ဘော ခရီးစဉ်များမှာလည်း ရပ်ဆိုင်းသွားပြီဖြစ်သည်။ မြစ်ရေအမှတ်သည် ပုံမှန်ထက် နှစ်မီတာကျော်လွန်ကာ ခြောက်မီတာ (၁၉ ပေ ခြောက်လက်မ) အထိ တက်မည်ဟု မျှော်လင့်ရသည်။ ပွန်ဒီးအယ်လ်မာတွင်ရှိသော ဇူဗေးဟုခေါ်သော စစ်သားရုပ်တုသည် ယခုအခါ ရေအမှတ်တိုင်းသည့် အမှတ်အဖြစ် အသုံးဝင်လျက်ရှိသည်။ သောကြာနေ့က ရေအမှတ်သည် ရုပ်တု၏ပေါင်လယ်ခန့်သို့ ရောက်ရှိခဲ့သော်လည်း ၁၉၁၀ ခုနှစ်က ရုပ်တု၏ လည်ပင်းအထိ ရောက်ရှိကာ နှစ်လခန့် ရေမြုပ်ခဲ့စဉ်ကလောက် မတက်သေးဟု ဆိုသည်။ လူစီးများသော ရထားလိုင်းများကိုလည်း လာမည့်အပတ်အထိ ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။ လူဗရီးပြတိုက်လည်း အနိမ့်ပိုင်းမှ အစ္စလာမ် အနုပညာပြခန်းများကို ပိတ်ထားလိုက်ပြီဖြစ်သည်။ ဗီလန်နူဗီစိန့်ဂျော့ချ် ဆင်ခြေဖုံးအရပ်တွင် နေထိုင်သူများလည်း ရေကြီးနေသောကြောင့် လမ်းများပေါ်တွင် လှေများဖြင့် သွားလာနေကြရသည်။ ရေကြီးမှုကြောင့် မြို့တော်အတွင်း နေထိုင်ကြသော ကြွက်များမှာလည်း နေစရာဘုံပျောက်ကာ မိလ္လာပိုက်လိုင်းများထဲမှ ထွက်လာကြသောကြောင့် ပဲရစ်၏ ကြွက်ပြန့်ပွားမှုမှာ ယခင်ကထက် မြင်သာထင်သာ ဖြစ်နေသည်။ ယခုနှစ် ဒီဇင်ဘာ၊ ဇန်နဝါရီသည် မှတ်တမ်းအရ တတိယ အစိုစွတ်ဆုံးဖြစ်စဉ်ကို ကြုံတွေ့နေရသည်ဟု ပြင်သစ် မိုးလေဝသဌာနက ပြောကြားသည်။ ပဲရစ်မြို့တော်ဝန် မစ္စအန်နီဟီဒါလ်ဂိုက ပဲရစ်သည် ရာသီဥတုပြောင်းလဲမှုကို အသားကျကာ နွေရာသီအပူလှိုင်းနှင့် ယခုရေကြီးမှုများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့ကြောင်း၊ သို့သော် ဒေသတွင်း ရေဝပ်နေမှုကြောင့် ရေပြန်ကျသည့် အရှိန်နှေးကွေးကာ လာမည့်သီတင်းပတ်အထိ ရေအမှတ် တက်နေဦးမည်ဖြစ်ကြောင်း သတိပေးထားသည်။
Source : https://goo.gl/WR7oan
via IFTTT
No comments:
Post a Comment