အာဖဂန်နစ္စတန်ရှိ Save the Children ရုံး တိုက်ခိုက်ခံရ ကဘူးလ်၊ ဇန်နဝါရီ ၂၄ အာဖဂန်နစ္စတန်နိုင်ငံ ဂျာလာလာဘတ်မြို့မှ Save the Children ပရဟိတ အဖွဲ့ရုံး တိုက်ခိုက်ခံရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ တိုက်ခိုက်သူများသည် ဝင်းတံခါးကို ဗုံးခွဲပြီးနောက် အဆောက်အအုံတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦးထက်မနည်း သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အခင်းဖြစ်ပွားချိန်တွင် အဆောက်အအုံအတွင်း ဝန်ထမ်း ၅၀ ခန့် ရှိနေခဲ့သည်။ တိုက်ခိုက်မှုတွင် သေနတ်သမား သုံးဦးထက်မနည်း ပါဝင်ခဲ့ပြီး ယခုသတင်းရေးသားချိန် ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းအထိ အပေါ်ထပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် Save the Children ရုံး ခြံဝင်းတံခါးဝကို အသေခံဗုံးခွဲသူတစ်ဦးက ကားဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် အဘူလာခိုဂျာနီက ထုတ်ပြန်သည်။ ခြံဝင်းအတွင်းရှိနေခဲ့သည့် မျက်မြင်ကြုံခဲ့ရသူတစ်ဦး၏ အဆိုအရ သေနတ်သမားတစ်ဦးက တံခါးမကြီးကို RPG ဖြင့် ပစ်ခတ်နေသည်ကို မြင်ခဲ့ရသည်ဟု ဆိုသည်။ ထွက်ပေါ်လာသော ဓာတ်ပုံများအရ ခြံဝင်းအတွင်းမှ မီးခိုးလုံးများထွက်နေဆဲ ဖြစ်သည်။ အတည်မပြုနိုင်သော သတင်းများအရ တိုက်ခိုက်မှုတွင် ပါဝင်သူနှစ်ဦး သေဆုံးသွားပြီဟု ဆိုသည်။ ယင်း ဧရိယာတစ်ဝိုက်တွင် အခြားအကူအညီပေးရေး အေဂျင်စီများ၊ အစိုးရရုံးများလည်း ရှိသည်ဟု သိရသည်။ ဂျာလာလာဘတ်သည် ပါကစ္စတန်နယ်စပ်နှင့်နီးပြီး တာလီဘန်စစ်သွေးကြွများ၏ မကြာခဏ ပစ်မှတ်ထားခြင်းခံရသော နေရာဖြစ်သလို IS အုပ်စု အားကောင်းရာ နေရာလည်းဖြစ်ကာ ISအဖွဲ့သားများ ၂၀၁၅ ခုနှစ်ကတည်းက လှုပ်ရှားနေသည့် နေရာဖြစ်သည်။
Source : https://goo.gl/FU18nH
via IFTTT
No comments:
Post a Comment