Thursday, January 25, 2018


ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ ကန့်သတ်နယ်မြေ ဖြေလျှော့ ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားရောက်ရန် ကန့်သတ်ထားသည့် နေရာ အချို့ကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ ထိုကန့်သတ်နယ်မြေများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ထိုသို့ဖွင့်လှစ်ပေးမှုသည် တရားဝင်စာထွက်ရှိခြင်း မရှိသေးသော်လည်း ယခုလမှစ၍ သွားရောက်လည်ပတ် ခွင့်ရပြီဖြစ်သည်။ ကယားပြည်နယ် ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ် က “အရင်ကတော့ လွိုင်ကော်လောက်ပဲ ခွင့်ပြုပေးထားတာ။ ဒီးမော့ဆိုဘက်ဆိုရင် ကြိုတင်ခွင့်ပြုချက် တောင်းရတယ်။ အခုခွင့်ပြုလိုက်တာ အရင်က နိုင်ငံခြားသားတွေကို မသွားဖို့ လုံးဝ ကန့်သတ်ထားတဲ့ နေရာတွေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ နိုင်ငံခြားသားခရီးသွားများကိုသွားလာခွင့် ဖြေလျော့ပေးလိုက်သည့်နေရာများမှာ ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက် ကျေးရွာ နှင့် တနီးလာလဲ ကျေးရွာ နှစ်ရွာအပြင်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော ဘော်လခဲမြို့၊ ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့ပေါ်များကိုပါ သွားလာလည်ပတ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်ထဲက ပန်ပက်ကျေးရွာမှာ ၂၅ မိုင်ဝေးပြီး၊ တနီးလာလဲကျေးရွာမှာ လွိုင်ကော်မြို့နှင့် ၁၃ မိုင်သာ ကွာဝေးကြောင်း သိရသည်။ ကယားပြည်နယ်မှာ ယခင်ကအမဲရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့သည့် ပြည်နယ်ဖြစ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့သို့ နိုင်ငံခြားသားများ သွားလာခွင့်ကို စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လွိုင်ကော်မြို့အပြင် ပြည်နယ်ခရီးသွား မြှင့်တင်ရေးအတွက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ထားသည့် ဒီးမော့ဆိုမြို့ရှိ ပန်ပက်နှင့် တနီးလာလဲကျေးရွာ နှစ်ရွာကို ကြိုတင် ခွင့်ပြုချက်တောင်းခံပြီးသွားလာခွင့်ပြုခဲ့သည်။ “အရင်က ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်ကို ၃ ၊ ၄၊ ၅ ရက်ကြိုတင်ပြီးမှ သွားလို့ရတဲ့ နေရာတွေပါ။ တချို့ နိုင်ငံခြားသားတွေ ဆိုရင် ရောက်တာနဲ့ ချက်ချင်းသွားချင်တဲ့အခါ သွားလို့မရတဲ့အတွက် ပြန်ရတဲ့သူတွေလည်းအများကြီးရှိတယ်။ အဲဒါကြောင့် ပယ်ဖျက်ပေးဖို့ ခွင့်တောင်းလိုက်ကြတာ။ အရင်တုန်းက ကယားပြည်နယ်က မငြိမ်းချမ်းတော့ မဖွင့်ပေးဘူး။ ပိတ်ထားတာက ကြာပြီ” ဟု ဦးလင်းဇော်ထွဋ် က ပြောသည်။ ပန်ပက်ကျေးရွာက ကယန်းပဒေါင်များ / ဧရာဝတီ လက်ရှိ၌ ကယားပြည်နယ်သို့ ပြည်တွင်းခရီးသွားများ လည်ပတ်မှု မြင့်တက်လာပြီး ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုမှာ နည်းပါးနေသေးကြောင်း သိရသည်။ ကယားပြည်နယ် အခြေစိုက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့မှာယခင်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားသော်လည်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။ ကယားပြည်နယ် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးသိန်းလွင် က “အခုလုံခြုံရေးက ကောင်းမွန်ပါတယ်။ တခါတလေ သူတို့အချင်းချင်း ပြဿနာလေးတွေဖြစ်တာလွဲလို့ တိုက်ပွဲတွေ မဖြစ်ဘူး။ KNPP ကလည်း ဒေသခံတွေကို မကြာခဏ ပြောလေ့ရှိပါတယ်။ သူတို့တွေ ဒီဒေသက ပြည်တွင်း/ပြည်ပ ခရီးသွားတွေကို အနှောင့်အယှက် ဖြစ်အောင်မလုပ်ပါဘူး၊ လွတ်လွတ်လပ်လပ် သွားလာကြဖို့၊ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ကို သူတို့လည်းလိုလားကြောင်း ပြောပါတယ်။ မနှောင့်ယှက်ဖို့ ကတိလည်းပေးပါတယ်” ဟု ပြောသည်။ ကန့်သတ်နယ်မြေများ ဖြေလျော့ပေးလိုက်ခြင်းအား တရားဝင်စာထွက်ရှိရန် အတွက် ဒုသမ္မတထံသို့ စာတင် ထားကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ကယားဇုန်)မှ ဥက္ကဋ္ဌ ဦးစိုးထွေးက ပြောသည်။ ဦးစိုးထွေး က “နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ နယ်မြေတွေကို ဒေါ်အောင်ဆန်းစုကြည် လာပြီးနောက်ပိုင်း ဒါကို ဖြေလျော့ လိုက်တာ။ တရားဝင် စာထုတ်ပေးဖို့ကိုတော့ ဒီ ၂၂ ရက်က ဒုသမ္မတကို တင်ထားတယ်။ ဒီ ၂၆ ရက်မှာ ဒုသမ္မတက အစည်းအဝေး ခေါ်ထားတယ်။ မကြာခင် စာထွက်လာတော့မယ်” ဟု ၎င်းက ပြောသည်။ နိုင်ငံခြားသားများ သွားရောက်လည်ပတ်ရန်အတွက် ကြိုတင်ခွင့်ပြုမိန့်တင်၍ သွားလာရာတွင် နေ့ချင်းပြန်ခရီးသာ သွားလာရပြီးညအိပ်၍ မရကြောင်းနှင့် ခွင့်ပြုချက်ယူရာတွင်လည်း အချိန်ကြန့်ကြာမှု ရှိသဖြင့် ခရီးသွားများကို စိတ်အနှောင့် အယှက်ဖြစ်စေသည်ဟုဆိုသည်။ ဦးစိုးထွေးက “ခွင့်ပြုပေးတော့ အချိန်မရွေးသွားလို့ရတယ်။ ညအိပ်လို့လည်းရတယ်။ ဒေသကလူတွေလည်း ရိုးရာအကတွေ ကပြ၊ သီချင်းဆို၊ ထွက်ကုန်တွေ ရောင်းလို့ရတယ်။ အခြေအနေလေးတွေ ကောင်းလာနိုင်တယ်။ ဝင်ငွေလည်းတိုး လာနိုင်တယ်” ဟု ဆိုသည်။ ပန်ပက်ကျေးရွာက ကယန်းပဒေါင်များ / ဧရာဝတီ ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်လာမှုသည် NLD အစိုးရလက်ထက် ၂၀၁၆/၂၀၁၇ ခုနှစ်ရာသီတွင် ယင်းမတိုင်မီရာသီထက် ၆၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း KNPP နှင့် အစိုးရတို့အကြား NCA ရေးထိုးပြီးပါက နေရာအားလုံး ဖွင့်လှစ်နိုင်ပြီး ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်လာနိုင်ကြောင်း ကယားပြည်နယ်၏ ဝါရင့် ဧည့်လမ်းညွှန် ဦးဌေးအောင် က ပြောသည်။ ဦးဌေးအောင် က “အခုက ဖွင့်ပေးရမယ့် နေရာတွေကျန်သေးတယ်။ ဥပမာ ဖရူဆိုမြို့နယ်ထဲက ထေခိုတို့ ဒီးမောဆိုမြို့နယ်ထဲက ဒေါတမကြီးတို့ဆိုရင် နိုင်ငံခြားသား တအားကြိုက်တယ်။ KNPP နဲ့ အစိုးရ NCA ထိုးရေးကိစ္စ အဆင်ပြေသွားရင်တော့ ဒီထက် အများကြီးကောင်းသွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ထို့ပြင် ကယားပြည်နယ် မယ်စဲ့မြို့ နှင့် ထိစပ်နေသောထိုင်းနယ်စပ် မဲဟောင်ဆောင်မြို့တို့အကြား နယ်စပ် ဂိတ်ပေါက်ကို ဖွင့်လှစ်ပေးရန် အတွက် နှစ်နိုင်ငံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းလေ့လာမှုများလည်း လုပ်ဆောင်ပြီး ဖြစ်ကြောင်းသိရသည်။ ဦးလင်းဇော်ထွဋ် က“ထိုင်းနိုင်ငံမဲဟောင်ဆောင်ကို လာလည်တဲ့ ဧည့်သည်က တနှစ်ကိုသုံးသန်းလောက်ရှိတယ်။ အဲဒီနယ်စပ်ဖွင့်ရင် ဒီဘက်ကို ကူးလာကြမှာ။ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ ကယားပြည် နယ်နေ့မှာ ဖွင့်လှစ်ဖို့ ညှိနေပေမယ့် မဖွင့်ဖြစ်သေးဘူး။ အဲဒီနေ့မှာ နယ်စပ်နိုင်ငံခြားရေး ဝန်ကြီးဌာန နှစ်ခုချစ်ကြည်ရေး အရ ခရီးသွား ငါးဆယ် ဝင်လာကြတယ်။ မကြာခင်မှာ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။ ကယားပြည်နယ်သို့ ဝင်ရောက်သည့် ပြည်တွင်းခရီးသွားဦးရေမှာ၂၀၁၆ခု နှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ၁၆၀၀၀ ဦး၊ ၂၀၁၇ ခုနှစ်၌ ၃၄၀၀၀ ဦး ဝင်ရောက်ခဲ့ပြီး ပြည်ပခရီးသွားဦးရေမှာ ၂၀၁၆ ခုနှစ်အတွင်း ၆၃၀၀ ဦးနှင့် ၂၀၁၇ ခုနှစ်တွင် ၉၀၀၀ ဦးဝင်ရောက်ခဲ့သည်။ The post ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ ကန့်သတ်နယ်မြေ ဖြေလျှော့ appeared first on ဧရာဝတီ.
Source : http://ift.tt/2DBtNHK
via IFTTT

No comments:

Post a Comment