Wednesday, January 31, 2018


ရန်ကုန်လမ်းပိုင်းများ မေလတွင် အပြီးသတ်ရန် ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေး ဒုဝန်ကြီး သတိပေး ဇေကမ္ဘာဦးခင်ရွှေ၏ ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း လုပ်ငန်းများကို မေလတွင် ပြီးစီးရန် ပျက်ကွက်ပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက သောကြာနေ့တွင် သတိပေးလိုက်သည်။ အဆိုပါလမ်းသည် ရန်ကုန်မြို့စွန်ရှိ မြို့နယ်များကို ချိတ်ဆက်ပေးထားသည်။ မိုးမကျမီ မေလကုန် အပြီးသတ်ခင်းရမည် ဖြစ်ကြောင်း ကုမ္ပဏီကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့် သတိပေးထားပြီး ဖြစ်သည်ဟု ဇေကမ္ဘာ ကုမ္ပဏီ၏ အဆိုပါလမ်းပိုင်းလုပ်ငန်းများအား စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ထားရှိမှုမရှိသည့် ကိစ္စနှင့် စပ်လျဉ်းသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၏ မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ဆောင်ရွက်ချက်များကို ပြည်သူများ မလိုလားမှုများရှိခဲ့ပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဒုဝန်ကြီးက ပြောသည်။ ဇေကမ္ဘာကုမ္ပဏီသည် ရန်ကုန်ပြင်ပ ကျေးလက်လမ်းပိုင်းများ ဖြစ်သည့် လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲတို့ကို ဆက်သွယ်ထားသော လမ်းကို ၂၀၁၀ ပြည့်လွန် နှစ်များ အစောပိုင်းကတည်းက ခင်းနေခဲ့ခြင်း ဖြစ်သည်။ ဦးခင်ရွှေကိုယ်တိုင်လည်း တချိန်က အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကော့မှူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဖြစ်သူ ဦးခင်ရွှေက ၎င်း၏ငွေကြေးဖြင့် အရွေးချယ်ခံ မဲဆန္ဒနယ်ရှိ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးများအတွက် စိုက်ထုတ်သုံးစွဲခဲ့ကြောင်း ပြောကြားလေ့ ရှိခဲ့သည်။ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ရွေးကောက်ခံခဲ့သော မဲဆန္ဒနယ်လည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ယင်း မဲဆန္ဒနယ်မှ ဦးခင်ရွှေ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာကို ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်က ရရှိသွားခဲ့သည်။ ဇေကမ္ဘာ ကုမ္ပဏီကို ယခင်အစိုးရ လက်ထက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲတို့ကို ဆက်သွယ်ထားသည့် ၅၅ မိုင်နီးပါးလမ်းပိုင်းကို BOT လုပ်ငန်းစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။ ၅၅ မိုင်ဖောက်လုပ်ရမည့် အနက် ကုမ္ပဏီက ၄၁ မိုင် ၄ဖာလုံသာ ပြီးစီးခဲ့ပြီး ၁၃ မိုင် ၃ ဖာလုံ ရှိသည့် ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်းပိုင်းအတွက် လုပ်ငန်းများ ကျန်ရှိနေသေးသည်။ ကုမ္ပဏီသည် ကော့မှူး-ကွမ်းခြံကုန်းလမ်းပိုင်း ၅ မိုင် ၃ ဖာလုံအား ၂၄ ပေအကျယ် ကတ္တရာ-ကွန်ကရစ် ခင်းခြင်း၊ တံတားခုနစ်စင်းချဲ့ခြင်းနှင့် ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်းတွင် ၈ မိုင်အား ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုမှာလည်း ပြီးစီးခြင်း မရှိသေးပေ။ ယင်း လမ်းပိုင်းများ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လမ်းအသုံးပြုခ ကောက်ခံခွင့် ပြုရန် နှောင့်နှေး နေသဖြင့် မလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။ ၎င်း အနေဖြင့် အဆိုပါလမ်း စီမံကိန်း အတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် သုံးစွဲခဲ့ရပြီး ကျန်ရှိနေသည့် လမ်းပိုင်းများ အတွက် နောက်ထပ် ကျပ် ၄ ဘီလီယံ လိုအပ်လိမ့်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းနှင့် ဝန်ကြီးဌာနတို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လုပ်ငန်းများ ပြီးစီးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနဘက်မှ ကုမ္ပဏီကို လမ်းအသုံးပြုခ ကောက်ခံခွင့် ပေးမည် ဟု ဆိုကြောင်း ၎င်းက ပြောသည်။ ဒုတိယဝန်ကြီး၏ သတိပေးချက်ကို ၎င်းက “ ဒါဟာ တရားမဝင်ပါဘူး။ ကျနော့်ကို အခုချိန်ထိလည်း အဲ့လို ပြောတာမျိုး မရှိသေးဘူး။ သူတို့ ဒီလိုနိုင်ထက်စီးနင်း လုပ်လို့မရပါဘူး” ဟု ဦးခင်ရွှေက တနင်္လာနေ့က တုံ့ပြန် ပြောဆိုခဲ့သည်။ အကယ်၍ မေလတွင် ကုမ္ပဏီအနေဖြင့် လမ်းခင်းသည့် လုပ်ငန်းမပြီးစီးပါက လုပ်ငန်းရပ်စဲမည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ လာသော သတိပေး အကြောင်းကြားစာ လက်ခံရရှိခဲ့ခြင်း မရှိသေးကြောင်း သူက ပြောသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၏ မေးမြန်းချက်မှာ ၎င်းနှင့် ၎င်းကုမ္ပဏီကို သိက္ခာကျစေသဖြင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် လွှတ်တော်ဥက္ကဌကို စာပို့ထားကြောင်း ဦးခင်ရွှေက ပြောသည်။ The post ရန်ကုန်လမ်းပိုင်းများ မေလတွင် အပြီးသတ်ရန် ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေး ဒုဝန်ကြီး သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2nnPfKu
via IFTTT

No comments:

Post a Comment