လမ်းစီမံကိန်းများ ကြပ်မတ်မှု အားနည်း၍ ပြည်သူ့ဘဏ္ဍာ သဲထဲရေသွန် ဆုံးရှုံးနေဟု ဆို နိုင်ငံတော် စီမံကိန်း လမ်းများကို လုပ်ကိုင်ခွင့့်ရ ဆောက်လုပ်ရေး ကုမ္ပဏီတချို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနက စိစစ် ကြပ်မတ်မှု အားနည်းနေသဖြင့် ပြည်သူ့ဘဏ္ဍာများ သဲထဲရေသွန် ဆုံးရှုံး နေရကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြောသည်။ ယနေ့ ပြည်သူ့ လွှတ်တော်တွင် ပေါင်းတည်မြို့နယ် ကိုယ်စားလှယ် ဦးမင်းမင်းက ပဲခူးတိုင်း ပေါင်းတည်မြို့ မှတ်တိုင်-ပေါက်တော ကတ္တရာလမ်းသည် သတ်မှတ်အာမခံနှစ် မပြည့်မီ အလွန်ဆိုးဝါးစွာ ပျက်စီးနေပါသဖြင့် မည် သည့် ဌာနမှ တာဝန်ယူ ပြုပြင်ပေးမည်ကို သိလိုကြောင်း မေးမြန်းမှု အပြီးတွင် ဦးဝင်းမြင့်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။ အထက်ပါ လမ်းပိုင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး ပြန်လည် ပြင်ဆင်ပေးမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြန်လည် တင်ပြခဲ့သည်။ ယင်း တင်ပြချက်အပေါ် ဦးဝင်းမြင့်က “Black List သွင်းခံရတဲ့ ကုမ္ပဏီက နောက်ထပ် ကုမ္ပဏီနဲ့ ထပ်ပေါ်လာတယ်။ အဲဒီတော့ ပြည်သူ့ဘဏ္ဍာသာ ဆုံးရှုံးတယ်။ လမ်းက ပြန်မကောင်းဘူး။ အဲဒီအခါကျတော့ သူတို့ကို ထိထိ ရောက် ရောက် မကိုင်တွယ်နိုင်ရင် ပြည်သူ့ဘဏ္ဍာနဲ့ပဲ နောက်ထပ် ငွေတင်တောင်း၊ တခါထပ်ပြင်၊ အဲဒီကုမ္ပဏီက ရသွား၊ တခါ ထပ်ပျက်၊ တခါ ထပ်တင်တောင်း နောက်ဆုံး ပြည်သူ့ဘဏ္ဍာငွေဟာ သဲထဲရေသွန် ဖြစ်နေတယ်” ဟု ပြောသည်။ ပြည်သူ့ဘဏ္ဍာ ကုန်ကျမည့် အပေါ် တင်ဒါအောင်ထားသည့် ကုမ္ပဏီကို ဝန်ကြီးဌာနက ကြပ်ကြပ်မတ်မတ် လုပ်ဆောင် ရန် လိုအပ်ကြောင်း၊ ကုမ္ပဏီကို အရေးယူသည့် အလွန်ဆုံး ပြစ်ဒဏ်မှာ Black List သွင်းခြင်းသာ ဖြစ်၍ မထိရောက် ကြောင်းလည်း ၎င်းက ပြောကြား သွားသည်။ ထို့ကြောင့် တင်ဒါ အောင်မြင်ပြီး ကုမ္ပဏီ၊ တာဝန်ယူပြီး ကုမ္ပဏီ ရှိသော်လည်း လမ်းများ ပျက်စီးနေခြင်းမှာ တင်ဒါပေး သည့် ဝန်ကြီး ဌာနတွင်လည်း တာဝန် မကင်းကြောင်း၊ တာဝန် ရှိကြောင်း၊ လွှတ်တော်က ထိုကုမ္ပဏီမျိုးကို ဥပဒေနှင့် အညီ ကြပ်ကြပ်မတ်မတ် အရေးယူစေချင်ကြောင်း ပြောဆိုသည်။ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက “ဝန်ကြီးဌာနကနေ ဧပြီလကတည်းက စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထား တာ ရှိပါတယ်။ ဘာမဆို ဥပဒေအတိုင်း စည်းမျဉ်းစည်းကမ်း အတိုင်း အတိအကျ ဆောင်ရွက်ရမှာပါ”ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြောသည်။ လမ်းစီမံကိန်း တင်ဒါတခုကို စာချုပ်ချုပ်ဆိုလျှင် စာချုပ်ထဲတွင် အာမခံ ၂ နှစ် သို့မဟုတ် ၃ နှစ်အတွင်း ပျက်စီးပါက လမ်း အမျိုးအစားပေါ် မူတည်၍ လျော်ကြေး ပေးရမည်ဟု ပါရှိသည်။ ထိုလမ်းမှာ ဆောင်ရွက်ပြီး တနှစ်ခွဲခန့်တွင် ပျက်သော်လည်း ကွင်းဆင်း စစ်ဆေးသည့်အချိန်သည် ၂ နှစ်ကျော်နေ၍ ကုမ္ပဏီမှ တာဝန်မယူကြောင်း နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးနေသာက ပြောသည်။ “ကွင်းဆင်းပြီး စစ်ဖို့ စီစဉ်နေရတာနဲ့တင် အချိန်က အရမ်းကြာနေတာ။ အဲဒီအချိန်ကျတော့ ကုမ္ပဏီနဲ့ မဆိုင်တော့ဘူး ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ လမ်းဆိုရင် လမ်းကော်မတီက စောစောစီးစီး သက်ဆိုင်ရာကို အကြောင်းကြား အချိန်မီ ပြန်လုပ်ပေးနိုင်ရင် ကောင်းတယ်။ အခုက ပျက်လည်း ဒီအတိုင်းထားလိုက်တာ ဆိုးဆိုးဝါးဝါး ပျက်လာတော့မှ ပြောကြတာ။ အဲဒီမှာ အချိန်က လွန်နေပြီ။ နိုင်ငံရဲ့ ဘတ်ဂျက်က ထပ်ကုန်ရော” ဟုလည်း ၎င်းက ပြောဆိုသည်။ ထို့ပြင် လက်ရှိ တင်ဒါ စည်းမျဉ်းစည်းကမ်းများသည် ကောင်းမွန်သော်လည်း တချို့နေရာများတွင် တင်ဒါဆိုင်ရာ ကိစ္စ ရပ်များကို လွှတ်တော် ကိုယ်စားလှယ်များက ဝင်ရောက်စွက်ဖက်မှုများ ရှိနေကြောင်း၊ ဥပမာ ကျပ် သိန်း ၁၀၀ အောက် လုပ်ငန်းများကို ဌာနတွင်း တင်ဒါ ကော်မတီက လုပ်ပိုင်ခွင့် ရှိသော်လည်း ကိုယ်စားလှယ်များက ဝင်စွက်ဖက်နေ၍ လုပ်ငန်းတွင် အခက်အခဲများ ဖြစ်နေရကြောင်း ဦးနေသာက ဆိုသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တနိုင်ငံလုံး၏ ဘတ်ဂျက် သုံးငွေမှ ၂၀ ဒသမ ၄၀ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။ ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ်ရှိ အစိုးရ ဌာနများက ဥပဒေနှင့်အညီ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးနိုင်ရေး အဆိုတခုကို နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက တင်ပြခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ ထား သည်။ “သူတို့နဲ့ နီးစပ်သူတွေကိုပဲ သူတို့က လမ်းဖွင့်ထားပေးနေတယ်။ အိတ်ဖွင့်တင်ဒါမှာ သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ကြမ်း ခင်း ဈေးတွေမှာလည်း ဈေးနှုန်း သိတဲ့သူတွေကပဲ ထည့်နိုင်တယ်။ အဲဒီအတွက် လုပ်ငန်းရှင်တွေကို သူတို့က ပိတ်ပင်ထားပြီးတော့ အဂတိလိုက်စားမှု ဖြစ်နေတယ်။ ဌာနတွေက ဈေးကစားနေတယ်”ဟုလည်း ၎င်းက ပြော သည်။ အစိုးရ ဌာနများ၏ အလုပ်သည် ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်ရန်သာ ဖြစ်ပြီး ယခုအခါ ၎င်း တို့သည် ကန်ထရိုက်ရရှိသူ တဦးကဲ့သို့ ပြုမူ ဆောင်ရွက်နေသည်မှာ မှားယွင်းကြောင်း၊ တင်ဒါလျှောက်လွှာ ပုံစံတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရေးမူကို ကန့်သတ်ထားကြောင်း ဒေါ်နန်းခမ်းအေး က သတင်းထောက်များကို ပြောကြားသွားသည်။ The post လမ်းစီမံကိန်းများ ကြပ်မတ်မှု အားနည်း၍ ပြည်သူ့ဘဏ္ဍာ သဲထဲရေသွန် ဆုံးရှုံးနေဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2nnr9yu
via IFTTT
No comments:
Post a Comment