Saturday, October 21, 2017


စစ်တွေရှိ စားသောက်ဆိုင်တွင် ပစ်ခတ်မှု ဖြစ်ပွား ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် ၊ ကန်တော်ကြီး အကွက် ၅ တွင် ဖွင့်လှစ်ထားသော Royal စားသောက် ဆိုင်တွင် အောက်တိုဘာလ ၂၀ ရက် ည ၁၂ နာရီ ဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ ရဲတပ်ဖွဲ့၏ လတ်တလော စစ်ဆေးချက်အရ စားသောက်ဆိုင်တွင် စကားများ ရန်ဖြစ်ကြရာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိထားကာ သေနတ်ပစ်ခတ်မှု ဖြစ်စဉ် အပါအဝင် လက်နက်ကိုင်ဆောင်သည့် အကြောင်းအရာများကိုပါ အသေးစိတ် စစ်ဆေးလျက် ရှိကြောင်း စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူး ဖြစ်သူ ဒုရဲမှူး သက်စိုးက ပြောသည်။ ဒုရဲမှူး သက်စိုးက “ ဖြစ်တာကတော့ စားသောက်ဆိုင်မှာ စကားများ ရန်ဖြစ်လို့ ညီအကိုတော်သူက အရိုက်ခံရတယ်။ အဲဒါကို မကျေနပ်လို့ ညီတော်စပ်သူက အဲဒီကို လိုက်သွားတယ်။ အဲဒီမှာနောက် သေနတ် ပစ်ခတ်မှု ဖြစ်သွားတာ ။ လက်နက်ကိစ္စတွေပါ အသေးစိတ်ကိုတော့ ကျနော် စစ်ဆေးနေတုန်းပဲ ရှိသေးတယ် ။ ” ဟုပြောသည်။ ဖြစ်စဉ်မှာ ၎င်းနေ့ညက Royal စားသောက်ဆိုင်တွင် စစ်တွေမြို့နေ ဇော်အေးဆိုသူမှ စားသောက်ဆိုင်တွင် လာရောက် စားသောက်ရင်း ဆိုင်မန်နေဂျာအပါအဝင် ဆိုင်ဝန်ထမ်းများနှင့် စကားများ ရန်ဖြစ်ကြရာမှ ဓားခုတ်မှု ဖြစ်ပွားရာ ဇော်အေးတွင် ဦးခေါင်းစေ့ပြတ်ရှဒဏ်ရာ ၁ ချက် ၊ ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက် အပါအဝင် ဒဏ်ရာ ၄ ချက် ရရှိခဲ့သည့် အတွက် စစ်တွေဆေးရုံကြီးသို့ အရေးပေါ် တင်ဆောင်ခဲ့ရကြောင်း သိရသည်။ ယင်းနောက် ဇော်အေး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရသည့် ဖြစ်ရပ်ကြောင့် ဇော်အေးနှင့် ညီအစ်ကိုတော်စပ်သူ ၎င်းမင်းဂံရပ်ကွက် ကန်တော်ကြီး အကွက်တွင်ပင် ဖွင့်လှစ်ထားသော ပန်းသတင်း စားသောက်ဆိုင် ပိုင်ရှင် အေးကိုဆိုသူနှင့် နောက်လိုက်များ က Royal စားသောက်ဆိုင်သို့ လိုက်ပါလာခဲ့ရာ ဆိုင်သို့ စားသောက်ရန် ရောက်ရှိနေသူ ဦးမောင်သိန်းဦး ၆၁ နှစ်အား ခြံစည်းရိုး သံတံခါးအား ဖွင့်ပေးရန် ပြောကြားရာ ၎င်းမှ ဆိုင်ဝန်ထမ်းများကို ခေါ်ပေးခဲ့ကြောင်း သိရသည်။ ဆိုင်ဝန်ထမ်းများကို ခေါ်မရသဖြင့် အေးကိုနှင့် ပါလာသူ ၂ ဦးမှ ဆိုင်အပြင်ဘက် ခြံသံတံခါး ကြားမှနေ၍ အသင့်ပါလာသော ဓားရှည် ကိုယ်စီဖြင့် လှမ်းထိုးရာ မထိသဖြင့် အေးကိုမှ ကားပေါ်မှှ သေနတ်ကို ယူဆောင်ကာ ဦးမောင်သိန်းဦးအား ၃ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ဦးမောင်သိန်းဦးတွင် ယာဘက် ရင်အုံအောက်ဘက်မှ နောက်ကျောထိ ဖောက်ထွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် သေနတ်ဖြင့် ပစ်ခတ်သူ အေးကိုဆိုသူကို ရှာဖွေ ဖမ်းဆီးခဲ့ရာ ၎င်းပိုင် ပန်းသတင်း စားသောက်ဆိုင်တွင် တွေ့ရှိခဲ့ပြီး ၎င်းမောင်းနှင်သော အဖြူရောင် မော်တော်ကားထဲမှ အမေရိကန်နိုင်ငံထုတ် ပစ္စတို ၁ လက် ၊ ကျည် ၈ ထောင့် အပါအဝင် ကျည် ကဒ် ၁ ခု ၊ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ဘောစေ့ထည့်၍ ပစ်ခတ်ရသော ပစ္စတိုသေနတ်အတု ၁ လက်နှင့် ကျည်အိတ် ၁ ခုတို့ အပါအဝင် ဓားရှည်များကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။ ယင်းသို့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် နောက်စေ့ ဒဏ်ရာရရှိခဲ့သော ကိုဇော်အေးမှာ အောက်တိုဘာလ ၂၁ ရက် နံနက် ၆ နာရီ ကျော်အချိန်တွင် စစ်တွေ ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးမောင်သိန်းဦးမှာ လက်ရှိအချိန်တွင် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်တွေအမှတ် ၁ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အပါအဝင် ၁၉၅၁ လက်နက် ယာယီ ဥပဒေ ပုဒ်မ ၁၉ ( က ) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ The post စစ်တွေရှိ စားသောက်ဆိုင်တွင် ပစ်ခတ်မှု ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2gtal6f
via IFTTT

No comments:

Post a Comment