Monday, October 23, 2017


တွက်ချက်ညှိနှိုင်းနေရဆဲ အနိမ့်ဆုံးလုပ်ခလစာ ရွှေ၊ ဒေါ်လာဈေးမြင့်ခြင်း၊ အခွန်နှုန်းထားများ မြင့်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး စရိတ်စကများ မြင့်သထက် မြင့်လာပြီးနောက် ပြည်တွင်း အခြေခံစားသောက်ကုန်များမှာလည်း ဈေးနှုန်းမြင့်တက်မှုများရှိနေရာ တလလျှင် လစာ ကျပ် ၁ သိန်းဝန်းကျင်သာ ရရှိကြသည့် အလုပ်သမားများ၏ စားဝတ်နေရေး မှာ တနေ့တခြား ကျပ်တည်းလာခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ရေးဆွဲ အတည်ပြုခဲ့သည့် အနိမ့်ဆုံးလုပ်ခ လစာ သတ်မှတ်ချက် တရက် ၃၆၀၀ ကျပ် နှုန်းကြောင့် အလုပ်သမားများ၏ စားဝတ်နေရေး အနည်းငယ် အဆင်ပြေခဲ့ သော်လည်း မြင့်မားလာသည့် ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ပါအဝင် အထွေထွေကုန်ကျစရိတ်များ က ထိုနှုန်းထားကို ပိုမို တိုးမြင့်စေရန် အကြောင်းအရာများ ဖြစ်လာသည်။ “အနိမ့်ဆုံး လုပ်ခလစာကို တွက်ရင် ကျမတို့အနေနဲ့ ငွေကြေးလဲလှယ်မှုနှုန်းကို မကြည့်လို့ မရဘူးရှင့်။ လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းကို အဆိုပြုနှုန်းထားသစ် ၆၆၀၀ ကျပ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် အလုပ်သမားတယောက်အတွက် လုံလောက်တဲ့ ပမာဏ တရပ်မဟုတ်ဘူး ”ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် – CTUM ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။ အလုပ်သမားပေါင်း ၆၅၀၀၀ ကျော်၊ အလုပ်သမားအဖွဲ့အစည်းပေါင်း ၈၀၀ ကျော်ကို ကိုယ်စားပြုနေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က အနည်းဆုံး လုပ်ခလစာ နှုန်းထားကို တရက်လျှင် ၆၆၀၀ ကျပ်နှုန်းအထိ သတ်မှတ်ပေးရန် အစိုးရကို အဆိုပြုမည်ဟုလည်း သိရသည်။ ၎င်းနှုန်းထားသည် လက်ရှိ ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ကြည့်ပါက ယခင်သတ်မှတ်ခဲ့သည့် ကျပ် ၃၆၀၀ နှုန်းထားထက်ပင် နည်းသည့် အနေအထား ဖြစ်ကြောင်း ထောက်ပြပြောဆိုမှု ရှိသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ၊ ဆန္ဒပြမှုများ ဖြစ်လာပြီးနောက် အစိုးရသည် အလုပ်ရှင်၊ အလုပ်သမား၊ ပညာရှင်များ ဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။ လက်ရှိ NLD အစိုးရလက်ထက် တွင်လည်း အနည်းဆုံးအခကြေးငွေ ပြင်ဆင် သတ်မှတ်ရေးအတွက် ဆွေးနွေးမှုများ ရှိရာ အစိုးရ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်တို့၏ ရှူထောင့် အသီးသီးမှ ကိန်းဂဏန်း နှစ်ခုထွက်ပေါ်လာကြောင်း သိရသည်။ အလုပ်ရှင်များဘက်က ၄၀၀၀ ကျပ်နှုန်းထား အဆိုပြုမှုများရှိပြီး အလုပ်သမားများက ၆၆၀၀ ကျပ် သတ်မှတ်ပေးရန် တောင်းဆိုကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ပြုလုပ်သည့် တတိယအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင်မူ အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို တရက်လျှင် ကျပ် ၄၀၀၀ နှင့် ၄၈၀၀ ကြားတွင် လျာထားအဆိုပြုခဲ့သည်။ သို့သော် ၎င်းသတ်မှတ် နှုန်းထားကိုလည်း လက်မခံနိုင်ဟု အဆိုပါ အစည်းအဝေးတွင် အလုပ်သမား ကိုယ်စားလှယ်များဘက်မှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။ အစိုးရသည် ၎င်းနှုန်းထားသစ်ကို သတ်မှတ်နိုင်ရန် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် စစ်တမ်းများ ကောက်ယူခဲ့သည်။ ရန်ကုန်မြို့တွင် စစ်တမ်းကောက်ယူရာတွင် စက်မှုဇုန်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံ အစရှိသည့် မြို့နယ်များရှိ စက်ရုံများတွင် ကောက်ယူခဲ့ကြောင်း သိရသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်သမားမျာကို စစ်တမ်းကောက်ယူမှုအရ အလုပ်သမားတဦး၏ တရက်တာ ပျမ်းမျှ အနည်းဆုံး အသုံးစရိတ်မှာ ကျပ် ၄၈၀၀ ကျော်မှ ၅၉၀၀ ခန့်အထိ ရှိနေပြီး မြို့နယ်အလိုက် ကုန်ဈေးနှုန်းနှင့် နေထိုင်မှု စရိတ်အရ ကွဲပြားမှုရှိနေကြောင်း သိရသည်။ “အခုကုန်ဈေးနှုန်းနဲ့ဆိုရင် ရနေတဲ့ ၃၆၀၀ ကျပ် က ထမင်းတောင်နပ်မှန်အောင် စားဖို့ မနည်းလုပ်နေရတယ် အဝတ်အစားလေး ဝယ်ဖို့ ခြမ်းဖို့ထက် စားဖို့တောင် မလောက်ပါဘူး။ ” ဟု လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် စက်ရုံမှ အလုပ်သမတဦးက ပြောသည်။ ကုန်ဈေးနှုန်းနှင့် အိမ်ခန်းငှားခများ မြင့်တက်လာသော်လည်း လုပ်ခလစာများက မြင့်တက်လာခြင်းမရှိသဖြင့် စားသောက်စရိတ်ကို ယခင်ထက်များစွာ ခြိုးခြံနေရကြောင်းလည်း ၎င်းက ပြောသည်။ စစ်တမ်းရလဒ်များအရ အနိမ့်ဆုံးအဆင့်ကို အခြေခံထားတွက်ချက်ခြင်း ဖြစ်သည့် ကျပ် ၆၆၀၀ သည်ပင်လျှင် အလုပ်သမားများအတွက် မလုံလောက်သေးဘဲ လူတဦး စားလောက်ရုံမျှသာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ထံ မှ သိရသည်။ “ကျမတို့က ဒီနှုန်းထားတရပ်ကို စဉ်းစားတဲ့အခါမှာ အနိမ့်ဆုံး အဆင့် အာဟာရ ပြည့်ဝဖို့၊ အနိမ့်ဆုံး အဆင့် ကျန်းမာရေး၊ တနေ့တာ အင်အားပြည့်ဖို့ကို စဉ်းစားတာပါ။ ပညာရေးဆိုလည်း သတင်းစာတစောင် ဝယ်တာ လောက်ကို စဉ်းစားတာပါ။ အနိမ့်ဆုံး အဆင့်ကို ထားပြီး ဒီနှုန်းထားဆိုတာ ဖြစ်လာတာပါ”ဟု CTUM မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် က ဆိုသည်။ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည့် လက်ရှိ လျာထား နှုန်းထားကို လာမည့် ဒီဇင်ဘာလတွင် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ပြီး သင့်လျော်သည့် နှုန်းထား တရပ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။ ဦးညွန့်ဝင်းက “၄၀၀၀ နဲ့ ၄၈၀၀ ကျပ် က အားလုံး ဆွေးနွေးပြီး လျာထားတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒီကိစ္စကို ဆွေးနွေးမယ်။ ဒီဇင်ဘာလလောက်မှာတော့ ဘယ်နှုန်း ဖြစ်သင့်တယ်ဆိုတာ ပြန်ပြီးတော့ အစည်းအဝေး လုပ်ပြီး ချမှတ်နိုင်မယ်လို့ ယူဆတယ်” ဟု ပြောဆိုသည်။ အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အနည်းဆုံး လုပ်ခလစာငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီများက စစ်တမ်းများ အပေါ်တွင် အခြေခံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး အများ သဘောတူသည့် နှုန်းထား တရပ်ကို လျာထားခြင်း ဖြစ်ကြောင်း အမျိုးသားအဆင့် ကော်မတီဝင် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။ ဦးခင်မောင်ညို (ဘောဂဗေဒ) က “ပြည်နယ်တိုင်းတွေ ဒေသတွေက တင်ကြတယ်။ အဲဒါတွေစုလိုက်တော့ အများစုက ၄၀၀၀ နဲ့ ၄၈၀၀ ကြားရတယ်။ အခုကတော့ အဆိုပြုနှုန်းထားပေါ့”ဟု ပြောပြသည်။ ၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်သည်။ ဥပဒေ အရ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း တို့တွင် လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် ၎င်းတို့ မိသားစုများ၏ အခြေခံ လိုအပ်ချက်များ ပြည့်မီစေရေး၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတို့အတွက် ရည်ရွယ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ “ကျနော်တို့ကတော့ များရင်အဆင်မပြေဘူးဗျာ။ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ ဆွေးနွေးထားတာကတော့ ၄၀၀၀ လောက်ဆိုရင်တော့ အဆင်ပြေမယ်။ အဲဒီထက် ကျော်ရင်တော့ ကျနော်တို့ အခက်အခဲတွေ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး။ ရတဲ့ ငွေကို ခွဲဝေပေးရတာ ဖြစ်တဲ့အတွက်ကြောင့် လက်ရှိငွေဈေး အနေအထားနဲ့ ဆိုရင် လက်ရှိ ချုပ်ခရနေတဲ့ အနေအထားတွေ အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်အားနဲ့ ဆိုရင် ၄၀၀၀ လောက်ပဲ ပေးနိုင်မယ်” ဟု လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေး က ပြောသည်။ လက်ရှိတွင် အလုပ်သမားများဘက်ကမှ တောင်းဆိုနေသည့် နှုန်းထားသည် လုပ်ငန်းရှင်များအနေဖြင့်မူ ထုတ်လုပ်နိုင်စွမ်းနည်းပါးနေသည့် စီးပွားရေး အခြေအနေမျိုးတွင် လုပ်ခလစာကို တိုးမြှင့်ပေးရန် အခက်အခဲရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ “လုပ်ငန်းရှင်တွေထဲမှာ အမျိုးမျိုးရှိတယ်။ ပေးနိုင်တဲ့ လုပ်ငန်းရှင်လည်းရှိသလို၊ မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ လည်း ရှိမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်စွမ်းနည်းတော့ ရတဲ့လခကလည်း နည်းနိုင်ပါတယ်။ လုပ်ငန်းရှင် တွေက ပေးချင်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်နိုင်စွမ်းနည်းတော့ ရတဲ့ လက်ခစားတွေက နည်းချင်နည်းနိုင်ပါတယ်”ဟု UMFCCI ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက သုံးသပ်သည်။ ယခင်အစိုးရဟောင်းလက်ထက်ကလည်း အနည်းဆုံးလုပ်ခလစာ အပါအဝင် အလုပ်ရှင်၊ အလုပ်သမားများ နှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဆက်တိုက်ရှိခဲ့ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ ပညာရှင်များ အကြား အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြီးမှသာ ကျပ် ၃၆၀၀ နှုန်းဖြင့် နှုန်းထားသစ် ထုတ်ပြန်နိုင်ခဲ့သည်။ ထိုကာလကပင် ယင်းနှုန်းထားသည် အလုပ်သမားများအတွက် အဆင်ပြေနိုင်မည့် အနေအထား မဟုတ်ကြောင်း ပြောဆိုထောက်ပြမှုများရှိခဲ့ဖူးသည်။ ပြောင်းလဲနေသည့် ငွေကြေးလဲလှယ်မှုနှုန်းထား နှင့် တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းတို့ကြောင့် အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ပြောင်းလဲ ပြင်ဆင်ရန်လိုအပ်ကြောင်းကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ကိုဝင်းဇော်ကလည်း သုံးသပ်သည်။ “ဒီဇင်ဘာလမှာ မဖြစ်မနေကို ဆုံးဖြတ်ချက်ချရမှာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်ချက်ချရမှာသာလျှင် ၂၀၁၈ ဧပြီလမှာ နှုန်းထားတရပ်က ထွက်လာမှာ ဖြစ်တယ်။ အဲဒီလိုမှ မလုပ်ပေးနိုင်ဘူးဆိုရင် အခြေအနေက အများကြီး ပြောင်းလဲသွားနိုင်တယ်။ စက်တင်ဘာလ ၂ ရက်နေ့မှာ အနည်းဆုံး အခကြေးငွေ ၂ နှစ်ပြည့်ရင် ပြင်ဆင်ပေးရမယ့် အနေအထားကနေပြီးတော့ အနည်းဆုံး ၆ လလောက် နောက်ကို ရွှေ့လာတဲ့ အခါမှာ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ဒေါ်လာဈေးတွေရဲ့ နှုန်းထားတွေ၊ နောက်ပြီး လူမှုအနေအထားတွေကပါ အခက်အခဲတွေ ဖြစ်လာတယ်။ စားဝတ်နေရေး ခက်ခဲလာတာတွေ ဒါကိုတော့ မဖြစ်မနေထည့်တွက်ပြီး ဆောင်ရွက်ပေးရမှာပဲ” ဟု ၎င်းက ပြောသည်။ NLD အစိုးရသစ်လက်ထက်တွင် ပြန်လည် ပြင်ဆင်ရမည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားသည် အလုပ်သမားနှင့် အလုပ်ရှင်ကြား သင့်တင့်မျှတသည့် နှုန်းထားတရပ် ဖြစ်လာနိုင်မည်လား ဆိုသည့် အဖြေတရပ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ The post တွက်ချက်ညှိနှိုင်းနေရဆဲ အနိမ့်ဆုံးလုပ်ခလစာ appeared first on ဧရာဝတီ.
Source : http://ift.tt/2iwhlnn
via IFTTT

No comments:

Post a Comment