Monday, October 23, 2017


မကျေလည်မှုများရှိ၍ UPDJC အစည်းအဝေး မပြုလုပ်နိုင်ခြင်း ဖြစ်ဟု ဆို ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် မကျေလည်မှုများ ဖြစ်ပွား ခဲ့ရာမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး ခေါ်ယူနိုင် ခြင်းမရှိခဲ့ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။ ၂ လ တကြိမ် ကျင်းပရမည် ဖြစ်သော UPDJC အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၁၂ ရက်က ခေါ်ယူ ကျင်းပခဲ့ ပြီးနောက် ယနေ့ အချိန်ထိ ကျင်းပနိုင်ခြင်း မရှိသေးခြင်းသည် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပ စဉ်က သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က “အဲ့ဒါကတော့ ပြောရရင် ဒီညီလာခံပြီး နောက်ပိုင်းပေါ့ လေ။ ညီလာခံ မှာ ဖြစ်တဲ့ဟာတွေက အဆင်မပြေတာတွေက အများကြီးပေါ့။ ပြောရရင် အဲ့ဒီအပေါ် ပြန်ပြီးတော့ ရှေ့ဆက် ဘယ်လို သွားရ မလဲဆိုတာကို မညှိနှိုင်းနိုင်ကြတာပေါ့။ အဲ့ဒါတွေတော့ ညှိနှိုင်းရမှာပေါ့။ မဟုတ်ရင် ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေကလည်း တို့လို့တန်းလန်း ကြီးပေါ့။ နည်းနည်း အကျပ်အတည်း တွေ့နေတဲ့ သဘောရှိတာပေါ့”ဟု ပြောသည်။ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည်။ ထိုညီ လာခံတွင် လက်မှတ်ထိုးခဲ့သော ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၁) အပေါ် သဘောထားများ ကွဲလွဲ ခဲ့ကြ သလို NCA လက်မှတ် ထိုးထားသော လက်နက်ကိုင် အဖွဲ့တချို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ နိုင်ခြင်း မရှိဘဲ ညီလာခံ ကျင်းပခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပါ သဘော တူညီချက် များကို ကျော်လွန် လုပ်ဆောင်ခြင်း စသည့် ကိစ္စများအပေါ် သဘောထားများ ကွဲလွဲခဲ့ရာမှ UPDJC အစည်း အဝေး မကျင်းပနိုင်ဘဲ ဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။ “ဒါကတော့ အားလုံးလည်း သိပါတယ်။ မူဘောင်တွေကို ကျော်လွန်ပြီး လုပ်ခဲ့တာတွေ၊ အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးတာတို့၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး မပါဝင် သေး ဘဲနဲ့ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်လိုက်တော့ ဒါက ပြည်ထောင်စု သဘောတူစာချုပ် ဟုတ် မဟုတ် ပေါ့။ အဲ့ဒါတွေက အစပေါ့ အများကြီးပါ၊ ပြောရရင်တော့ အသေးအမွှားကတော့ ညီလာခံရဲ့ အခင်းအကျင်းက အစ ပြင်ဆင်ထားပုံတွေ၊ စီစဉ်ထားပုံတွေ၊ အသေးစိတ် ပြောရင်တော့ များတာပေါ့”ဟု လည်း ဦးစိုင်းကျော်ညွန့်က ပြောဆိုသည်။ မေလက ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူ စာချုပ် အပိုင်း(၁)ဟု ဆိုကာ အချက် ၃၇ ချက်ကို NCA လက်မှတ် ထိုးထားသော အဖွဲ့များက ကိုယ်စားပြု လက်မှတ် ထိုးခဲ့ကြရာ NCA မထိုး ရသေးသော အဖွဲ့များအပေါ် လွှမ်းခြုံနိုင်သလား ဆိုခြင်းသည် သဲသဲကွဲကွဲ မရှိပေ။ အလားတူ တပ်မတော် ကိုယ်စားလှယ်များဘက်မှ ခွဲထွက်ခွင့်မရှိကြောင်း ထည့်သွင်းပေးရန် ဆွေးနွေးရာတွင် လည်း လက်နက်ကိုင် အဖွဲ့များ ဘက်က သဘောမတူကြောင်း ပြန်လည် ဆွေးနွေးခဲ့ရာ သဘောထားများ ကွဲလွဲ ခဲ့ကြပြီး ဆက်မဆွေးနွေးဘဲ အဆုံးသတ်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ သဘောထား ကွဲလွဲမှုများကြောင့် UPDJC အစည်းအဝေးကို ၂ လတကြိမ် ကျင်းပရမည်ဟု ပြဌာန်း ထား သော်လည်း ယနေ့ အထိ ကျင်းပနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီလအတွင်းမှာ အကုန်လုံး ပူးတွဲ လုပ်သွား မယ်။ UPDJC လည်း ခေါ်သွားမယ်။ ပြီးတော့ JICM ပါ ခေါ်သွားမယ်။ အဲ့ဒါတွေက ဆက်တိုက်လုပ် သွားရမယ့် ဟာတွေ ပါ”ဟု ပြောသည်။ NCA လက်မှတ် ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့သည် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ NCA အကောင်အထည် ဖော်မှုအပေါ် ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ကျင်းပ သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။ ၂၈ ရက်မှ ၂၉ ရက်တွင် အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကို ကျင်းပကာ ၃၀ ရက်မှ ၃၁ ရက် အထိ UPDJC အစည်းအဝေးကို ကျင်းပသွားရန် အစိုးရနှင့် NCA လက်မှတ်ထိုး ၈ ဖွဲ့ကြား စီစဉ်ထားကြောင်း သိရ သည်။ UPDJC အစည်းအဝေး ခေါ်ယူ ကျင်းပသည့်အခါ မူဘောင် အပြီးသတ် ရေးဆွဲနိုင်ရေး အပါအဝင် တတိယ အကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး စသည့် ကိစ္စရပ် များကို ဆွေးနွေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။ NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံစဉ် UPDJC အစည်းအဝေး ခေါ်ယူ ကျင်းပရေး၊ NCA အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM) ခေါ်ယူကျင်းပရေး၊ NCA အကောင်အထည်ဖော် မှုအပေါ် ပြန်လည် သုံးသပ်ရေး သဘောတူညီခဲ့ကြကြောင်း သိရသည်။ The post မကျေလည်မှုများရှိ၍ UPDJC အစည်းအဝေး မပြုလုပ်နိုင်ခြင်း ဖြစ်ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2xZKkBH
via IFTTT

No comments:

Post a Comment