မသန်စွမ်းအသင်းချုပ်နဲ့ အနုပညာရှင်များ တွေ့ဆုံညှိနှိုင်းမှု အောင်မြင် မသန်စွမ်းသူများရဲ့လူနေမှုဘဝအခြေအနေကို ထင်ဟပ်စေတဲ့ သရုပ်ဆောင်မှုများ မှန်ကန်မှုရှိစေရန်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် မသန်စွမ်းအရေးဆောင်ရွက်နေကြသူများနဲ့ အနုပညာရှင်များ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးပြီး မြင့်မြတ်နဲ့ ရွှေမှုံရတီတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “ကို့ရို့ကားယား” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး မသန်စွမ်းသူများရဲ့လူနေမှုဘဝကို ထိခိုက်မှုရှိနေတယ်လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။ အနုပညာရှင်များရဲ့ တချို့သော ပြောဆိုပြုမူမှုတွေကြောင့် မသန်စွမ်းသူများကို လွဲမှားစွာထင်မြင်မှုများ မဖြစ်ပေါ်စေရန်အတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်းကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် က ပြောပါတယ်။ ဦးအောင်ကိုမြင့်က “ဖျော်ဖြေတင်ဆက်မှုတွေ အနုပညာကိုခံစားတဲ့အထဲမှာ မသန်စွမ်းသူတွေလည်းပါတယ်။ ပြည်သူထဲက ၂၃ သိန်းက မသန်စွမ်းသူတွေ၊ အဲဒီ ၂၃ သိန်းကလည်း အနုပညာရှင်တွေကို ချစ်တယ်။ ဒါပေမယ့် အဲဒီ အနုပညာရှင်တွေ ပြောလိုက်တဲ့စကား၊ လုပ်လိုက်တဲ့ သရုပ်ဆောင်မှုတွေက ၂၃ သိန်းသော မသန်စွမ်းသူတွေကို အားငယ်သွားမယ်။ တခြားသန်စွမ်းသူတွေက တမျိုးလွဲမှားစွာ ခံယူသွားမယ်ဆိုရင် ဝမ်းနည်းစရာ ဖြစ်တယ်။ အဲဒီလိုမျိုးမဖြစ်အောင် ဘယ်လိုရိုက်မလဲ။ သူ့ရဲ့ ဇာတ်လမ်းလည်း အနှစ်သာရ မဆုံးရှုံသွားအောင် လာပြီးတော့ ဆွေးနွေးကြတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေသွားသဖြင့် “ကို့ရို့ကားယား” ရုပ်ရှင်ဇာတ်ကားကိုလည်း ပြန်လည်ရိုက်ကူးမှာဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောပါတယ်။ “ဒါရိုက်တာကြီးများက ဇာတ်ကိုပြောင်းရိုက်ပေးပါမယ်။ ဒီဇာတ်လမ်းကိုမသုံးတော့ပါဘူး။ ပြင်ဆင် ပြောင်းလဲပြီးတော့ ရိုက်ပါ့မယ် ဆိုပြီးတော့ ပြောတာကိုတောင် ဒီဘက်က လာရောက်ဆွေးနွေးတဲ့ သူများက ထုတ်လုပ်သူများ၊ ဒါရိုက်တာများ ၊ အနုပညာရှင်များဖန်တီးထားတဲ့ အနုပညာများ မဆုံးရူံးသွားအောင် အဲဒီလိုတော့ လုံးဝမပြောင်းလိုက်ပါနဲ့။ အနိုင်အထက် လာလုချင်လို့ မဟုတ်ဘူး။ အဖြေ တခုထွက်အောင် ဆွေးနွေးတာပါ။ ဒီအတွက် လိုအပ်တာများကို ပြုပြင်ညှိနှိုင်းပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဒီဇာတ်ကိုပဲ ရိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ဆိုပါတယ်။ မကြာသေးခင်ကာလလောက်ကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲတွင်လည်း မြန်မာနိုင်ငံမှ မိန်းမလျာများ ဂေးလ်များကို ပြက်ရယ်လှောင်ပြောင်တဲ့ ပြကွက်များကို ဖန်တီးသရုပ်ပြခဲ့တဲ့အပေါ် မိန်းမလျာများ ဂေးလ်များဘက်မှ အပြင်အထန်းဝေဖန် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ The post မသန်စွမ်းအသင်းချုပ်နဲ့ အနုပညာရှင်များ တွေ့ဆုံညှိနှိုင်းမှု အောင်မြင် appeared first on ဧရာဝတီ.
Source : http://ift.tt/2y138W6
via IFTTT
No comments:
Post a Comment