Saturday, October 21, 2017


အမေရိကန် Major League Soccer ပြည်တွင်းအမှတ်ပေး ဘောလုံးပြိုင်ပွဲ အမေရိကန်ဟာ ဥရောပနဲ့ အာရှမှာ လူကြိုက် အများဆုံးလို့ သတ်မှတ်နိုင်တဲ့ ဘတ်စကက်ဘော၊ American Football နဲ့ ဟော်ကီ၊ ဂေါက်သီး၊ တင်းနစ်တွေ ပြီးမှ ဘောလုံးပြိုင်ပွဲကို လူစိတ်ဝင်စားမှု ရှိတယ် လို့ ဆိုရမှာပါ။ ဘောလုံးအားကစား ဖွံ့ဖြိုးဖို့ အမေရိကန်လည်း ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာ စတင် ကြိုးပမ်းလာတာ တွေ့ရပြီး ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲတခုကို စတင် ကျင်းပလာတာ တွေ့ရပါတယ်။ အဲဒါကတော့ အခုပြောမယ့် မေဂျာလိဂ် ဘောလုံး ပြိုင်ပွဲပါ။ အင်္ဂလန်အခေါ် Football နဲ့ အမေရိကန် အခေါ် Soccer တို့ ကွဲပြားမှုကြောင့် အခု အမှတ်ပေးပြိုင်ပွဲရဲ့ အမည်ကလည်း Major League Soccer လို့ အမည်ရနေတာ ဖြစ်ပါတယ်။ အမျိုးသား အမှတ်ပေး ဘောလုံးပြိုင်ပွဲ အဖြစ် သတ်မှတ်ကျင်းပနေတဲ့ အခုပွဲစဉ်တွေက မြောက်အမေရိကတိုက် အတွင်း အမေရိကန်နဲ့ ကနေဒါ ဒေသမှာတော့ အဆင့်အမြင့်ဆုံး ဘောလုံး ပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။ စုစုပေါင်းအသင်း ၂၂ သင်းထိ ပါဝင် ယှဉ်ပြိုင် နေတာ တွေ့ရပြီး အမေရိကန်က ၁၉ သင်းနဲ့ ကနေဒါက ၃ သင်း ဝင်ပြိုင်ပါတယ်။ ကနေဒါ အနေနဲ့လည်း သီးသန့် အမှတ်ပေး ပြိုင်ပွဲကျင်းပစရာ မလိုတော့ဘဲ အခုမေဂျာလိဂ် တခုတည်းမှာ ပူးပေါင်း ယှဉ်ပြိုင်နေတဲ့ သဘော ဖြစ်ပါတယ်။ အသင်း တသင်းအနေနဲ့ ပွဲစဉ်ပေါင်း ၃၄ ပွဲထိ တရာသီအတွင်း ကစားရပါတယ်။ ဘောလုံးရာသီက ပုံမှန် အနေနဲ့ မတ်လ ကနေ အောက်တိုဘာလထိ ကြာမြင့်ပါတယ်။ ထူးခြားချက်က ဘောလုံးရာသီအတွင်း အကောင်းဆုံး မှတ်တမ်းကောင်းတွေ တင်နိုင်တဲ့ အသင်းကို Supporter’s Shield ပေးအပ်တာတွေ့ရပါတယ်။ နောက်ပြီး ရာသီကြို ပွဲစဉ်တွေ ကျင်းပ ကစားသေးတာ တွေ့ရပြီး MLS Cup Playoffs အဖြစ် အမည် သတ်မှတ်ကစားပြီး အသင်း ၁၂ သင်း ဝင်ကစားကြပါတယ်။ ဒီလိုရာသီကြို ပွဲစဉ်တွေကိုတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ ကစားကြတာ ဖြစ်ပါတယ်။ နောက်ပြီး အမှတ်ပေးပြိုင်ပွဲ အပြင် အခြား ပြည်တွင်း ကလပ် အသင်းဖလားတွေ အနေနဲ့ U.S Open Cup လည်း ကစားကြတယ်၊ Canadian Championship လို ဖလားပွဲတွေကိုလည်း အခု မေဂျာလိဂ် တန်းဝင် ကလပ် အသင်းတွေက ဝင်ခွင့်ရတာ ဖြစ်ပါတယ်။ ဥရောပမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို နိုင်ငံတကာပွဲတွေ အဖြစ် ကစားသလို အခုမေဂျာလိဂ်တွေထဲက ထိပ်တန်း ကလပ် အသင်းတွေ အနေနဲ့လည်း CONCACAF Champions League ကို ဝင်ကစားကြတာ တွေ့ရပါတယ်။ မေဂျာလိဂ်ကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှာ စတင် ဖွဲ့စည်း သတ်မှတ်ကျင်းပမှုတွေ လုပ်ဆောင်ဖို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန် အခြေစိုက် ဖြစ်ပေမယ့် ဒေသတွင်း ကနေဒါကို ဝင်ကစားခွင့် ပေးထားတယ်၊ ဒါပေမယ့် အမေရိကန် ပြည်တွင်း အနေနဲ့ ကိုပဲ Eastern Conference နဲ့ Western Conference ဆိုပြီး အုပ်စု ၂ ခု ထပ်ခွဲပြီး အဖွဲ့ချုပ် တခုစီရဲ့ လက်အောက်ခံ အသင်းတွေ ခွဲခြားကိုယ်စားပြု ဝင်ရောက် ကစားကြတာတွေ့ရပါတယ်။ လက်ရှိ မေဂျာလိဂ်ရဲ့ ချန်ပီယံအဖြစ်နဲ့ ပထမဆုံး အကြိမ် ဖလားရယူထားနိုင်တဲ့ Seattle Sounders FC က အကောင်းဆုံး စံချိန်တွေ တင်ထားနိုင်ပြီး Supporter’s Shield ကိုတော့ Toronto FC က ရယူထားတာ တွေ့ရပါတယ်။ မေဂျာလိဂ်ကို အများဆုံး ရယူထားနိုင်တဲ့ အသင်းကတော့ ယခင် အင်္ဂလန် နာမည်ကျော် ကစားသမား ဒေးဗစ် ဘက်ခမ်းကစားခဲ့တဲ့ LA Galaxy အသင်း ဖြစ်ပြီး သူက မေဂျာလိဂ်ဖလားကို အခုချိန်ထိ ၅ ကြိမ် ရယူထားနိုင်တာ တွေ့ရပါတယ်။ Supporter’s Shield ဆိုရင်လည်း အများဆုံး ရယူထားနိုင်တဲ့ အသင်းက LA Galaxy နဲ့ D.C. United အသင်းတွေ ဖြစ်ပြီး ၄ ကြိမ်စီ ရယူထားနိုင်တာ ဖြစ်ပါတယ်။ အခု မေဂျာလိဂ် ပွဲစဉ်တွေကို ၁၉၉၄ ခုနှစ် အတွင်း အမေရိကန်က ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ လက်ခံကျင်းပခွင့် ရရှိမှုနဲ့ အတူ အထိမ်းအမှတ် အဖြစ် ၁၉၉၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်နဲ့ အမည်တွေ သတ်မှတ် ခဲ့ခြင်းကို ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့ပေမယ့် ပထမဆုံး ဘောလုံးရာသီ ကတော့ ၁၉၉၆ ခုနှစ်မှာမှ အသင်း ၁၀ သင်းနဲ့ စတင် ကစားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ရာသီ အတွင်း အသင်းတွေ အနေနဲ့ ဘဏ္ဍာရေး အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး အခြား အားကစားနည်းတွေ လောက် ပရိတ်သတ် မရှိလို့ ငွေကြေး ဆုံးရှုံးမှုတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။ စာရင်းတွေ အရတော့ ပွဲစဉ် အများစုကို ပရိတ်သတ် လုံး၀ မရှိဘဲ ကစားခဲ့ရသလို ဒေါ်လာသန်းပေါင်း များစွာ ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အသင်း ၂ သင်း ရပ်နား ပိတ်သိမ်းသွားသည်ထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မေဂျာလိဂ်မှာ အသင်းပေါင်း ၂၂ သင်း ပါဝင် ယှဉ်ပြိုင်နေကြပါပြီ၊ အသင်းပိုင်ရှင်တွေ ကလည်း အိမ်ကွင်းတွေ သီးသန့်ဆောင်လုပ် ကစားနေကြပြီ၊ လက်ရှိ ဘောလုံးပရိတ်သတ်ကလည်း ဟော်ကီနဲ့ ဘတ်စကက်ဘော ပရိတ်သတ်တွေထက် ကျော်လွန် များပြားနေပြီ ဖြစ်သလို မေဂျာလိဂ်ကလည်း နိုင်ငံပိုင် ရုပ်သံ အစီအစဉ်တွေနဲ့ ထုတ်လွှင့်မှုနဲ့ ပတ်သတ်ပြီး သဘောတူချက် ရရှိထားပြီ ဖြစ်လို့ အသင်းတွေက အမြတ်အစွန်းတွေ ရနေပြီ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလို အသင်း ၂၂ သင်း ရှိတယ်၊ ဒီအတွက် တရာသီမှာ ပွဲစဉ် ၃၄ ပွဲထိ ကစားရတယ်၊ အမေရိကန်မှာတင် Eastern (အရှေ့ပိုင်း) နဲ့ Western (အနောက်ပိုင်း) အဖွဲ့ ၂ ဖွဲ့ ထပ်ကွဲသေးတယ်။ ဥရောပမှာက အသင်းတသင်းက အခြား အသင်း တသင်းကို အိမ်ကွင်း၊ အဝေးကွင်းပဲ လက်ခံကစားရရုံ ဖြစ်ပေမယ့် မေဂျာလိဂ်မှာတော့ ထူးခြားချက်က တရာသီမှာ ၃၄ ပွဲ ကစားရာမှာ အသင်း တသင်းက သူ့ရဲ့ အဖွဲ့အတွင်း အဖွဲ့တူ အသင်းကို ၂၃ ပွဲ လက်ခံ ကစားရတယ်၊ အခြား အဖွဲ့တွင်းက အသင်းကိုတော့ ၁၁ ပွဲ လက်ခံကစားရတာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အရှေ့ပိုင်းအဖွဲ့ အတွင်းက အသင်း တသင်းအနေနဲ့ မိမိနဲ့ အဖွဲ့တူ အရှေ့ပိုင်း အဖွဲ့ဝင် အသင်းတွေနဲ့ ၂၃ ပွဲ ကစားရပြီး အနောက်ပိုင်း အဖွဲ့ဝင်ထဲက အသင်းတွေနဲ့တော့ ၁၁ ပွဲပဲ ကစားရပါတယ်။ ဥရောပပြိုင်ပွဲတွေရဲ့ သဘောတရား အရ ဆိုရင်တော့ အရှေ့ပိုင်း အဖွဲ့ဝင် အသင်းအနေနဲ့ မိမိအဖွဲ့နဲ့ ၁၇ ပွဲ၊ အနောက်ပိုင်းအဖွ့ဲဝင် အသင်းတွေနဲ့ ၁၇ ပွဲ၊ စုစုပေါင်း ၃၄ ပွဲ ကစားရမှာ ဖြစ်ပေမယ့် မေဂျာလိဂ်ကတော့ နည်းနည်း ထူးခြားနေတာပါ။ မေဂျာလိဂ်ရဲ့ ပွဲစဉ်တွေက FIFA ကနေ အသိအမှတ်ပြုထားတာကြောင့် ကမ္ဘာ့ဖလားနဲ့ Gold Cup လို နိုင်ငံတကာ ပွဲစဉ်တွေ ရှိနေတဲ့ သတင်းပတ်တွေမှာ မေဂျာလိဂ်ပွဲတွေကို ရပ်နားထားတာတွေလည်း ရှိပါတယ်။ ၂၀၀၂ ခုနှစ် အတွင်း အသင်း ၂ သင်း ပိတ်သိမ်းသွား ပေမယ့် ၂၀၀၅ ခုနှစ်မှာ အသင်းတွေ ထပ်တိုးလာတယ်၊ ကနေဒါ အသင်းတွေကို ဝင်ကစားခွင့်ကိုတော့ ၂၀၀၇ ခုနှစ်မှာ စတင် လက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ်ထိ အသင်း ၂၀ ပဲ ကစားနေတာ ဖြစ်ပေမယ့် အခုနှစ် ၂၀၁၇ မှာတော့ ၂၂ သင်းထိ ရှိလာတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ်မှာ Los Angeles FC အသစ် ဝင်လာဖို့ ရှိနေပြီး အသင်းပေါင်း ၂၃ သင်း ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အဖွဲ့ချုပ်ကတော့ လာမယ့်နှစ်မှာ ၂၄ သင်း ကစားနိုင်ဖို့ ခန့်မှန်းထားတာပါ။ ၂၀၂၀ မှာ ၂၆ သင်းနဲ့ နောက်ပိုင်းနှစ်တွေ မှာ ၂၈ သင်းထိ ဝင်ကစားစေချင်တယ် လို့လည်း ခန့်မှန်းထားကြ ပါတယ်။ အခုချိန်ထိ မေဂျာလိဂ်မှာ ဝင်ကစားဖူးတဲ့ အသင်းပေါင်း ၂၃ သင်း ရှိတယ်၊ အသင်း ၁၁ သင်းက မေဂျာလိဂ် ဖလားရဖူးတယ်၊ ၁၁ သင်းက Supporter’s Shield ရဖူးတယ်၊ အဲဒီ ၁၁ သင်းထဲက ၆ သင်းက တနှစ်တည်းမှာ အမှတ်ပေး ဖလားရော Supporter’s Shield ပါ ရဖူးတာ တွေ့ရပါတယ်။ ဆုဖလား အများဆုံးရထားတဲ့ အသင်းတွေကတော့ LA Galaxy က ၅ ကြိမ်၊ D.C. United က ၄ ကြိမ်၊ San Jose Earthquakes, Sporting Kansas City နဲ့ Houston Dynamo တွေက ၂ ကြိမ်စီ၊ Columbus Crew SC, Chicago Fire, Seattle Sounders FC, Real Salt Lake, Colorado Rapids နဲ့ Portland Timbers တွေက ၁ ကြိမ်စီ ရယူထားနိုင်တာ ဖြစ်ပါတယ်။ မေဂျာလိဂ်မှာ ဂိုးအများဆုံး သွင်းထားသူက အမေရိကန်နိုင်ငံသား Landon Donovan ဖြစ်ပြီးသူက ၂၀၀၁ ကနေ ၂၀၁၄ ထိ ကစားတယ်၊ ၂၀၁၅ မှာ နားနေတယ်၊ ၂၀၁၆ မှာ ပြန်ကစားပြီး အခုနှစ်မှာ အနားယူသွားသူ ဖြစ်ပါတယ်။ သူဟာ ဂိုးပေါင်း ၁၄၅ ဂိုး သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ပွဲ အများဆုံး ကစားထားသူကလည်း အမေရိကန်နိုင်ငံသား Nick Rimando ဖြစ်ပြီး ၂၀၀၀ ခုနှစ်ကနေ လက်ရှိ အချိန်ထိ ကစားနေပြီး ပွဲပေါင်း ၄၅၀ ထိအောင် ကစားထားတာ တွေ့ရပါတယ်။ Ref: http://ift.tt/1nTw5C9 The post အမေရိကန် Major League Soccer ပြည်တွင်းအမှတ်ပေး ဘောလုံးပြိုင်ပွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2gTWx5e
via IFTTT

No comments:

Post a Comment