Monday, December 25, 2017

7Day News Journal

တရုတ်၏ အကြီးဆုံး ရေယာဉ်ပျံကြီး စမ်းသပ်ပျံသန်းမှု အောင်မြင် တရုတ်တွင် တည်ဆောက်ထုတ်လုပ်ဖူးသမျှ အကြီးဆုံးသော ရေယာဉ်ပျံကြီးကို အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ Boeing 737 ခရီးသည်တင် လေယာဉ်တစ်စီး၏ အရွယ်အစားမျှ ကြီးမားပြီး Turbo ပန်ကာအင်ဂျင်များဖြင့် ပျံသန်းစေသည့် AG600 ရေယာဉ်ပျံကြီးကို နိုင်ငံတောင်ပိုင်း ဇူဟိုင်မြို့ လေယာဉ်ကွင်း တစ်ခုမှ ပျံတက်စေခဲ့သည်။ လေထဲတွင် တစ်နာရီကြာ စမ်းသပ် ပျံသန်းမှုမှာ အထစ်အငေါ့ မရှိဘဲ ချောမွေ့စွာ ပြီးဆုံးခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်သည် ရေပြင်တွင်ပါ အတက်အဆင်း ပြုလုပ်နိုင်ပြီး လူ ၅၀ ကို တင်ဆောင်ကာ ၁၂ နာရီဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိသည်။ Kunlongဟု ကုတ်ဒ်အမည် ပေးထားသော AG600ကို မီးသတ်နှင့် ပင်လယ်ပြင် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အဓိက ရည်ရွယ် တည်ဆောက်ထားသော်လည်း စစ်ဆင်ရေး ကဏ္ဍများတွင်လည်း အသုံးပြုဖွယ် ရှိနေသည်။ တရုတ် အစိုးရ မီဒီယာ Xinhuaက AG600သည် တရုတ်၏ ပင်လယ်ပြင်များ၊ ကျွန်းများနှင့် သန္တာကျောက်တန်းများကို ထိရောက်စွာ ကာကွယ်နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။ တရုတ် လေကြောင်းနည်းပညာ ကုမ္ပဏီကြီး CAIGAက ထုတ်လုပ်သည့် ရေယာဉ်ပျံကို ၈ နှစ်ကြာ အချိန်ယူ သုတေသနပြု ဖန်တီးခဲ့ရပြီး စုစုပေါင်း အလေးချိန် ၅၃.၅ တန်ထိ တင်ဆောင်နိုင်သလို တောင်ပံနှစ်ဖက်ကြား ၃၈.၈ မီတာထိ ရှည်လျားကြောင်း သိရသည်။ ယခုအခါ AG600ကို ပြည်တွင်းမှ ၁၇ စီးစာ အမှာစာများ ရရှိထားပြီ ဖြစ်သည်။ AG600၏ အရွယ်အစားမှာ အလွန်ကြီးမားသော်လည်း ဘီလီယံနာ ဟောင်းဝပ်ဟုဂ်ျ ပိုင်ဆိုင်သည့် Spruce Gooseနှင့် ယှဉ်ပါကမူ အသေးစားမျှ ဖြစ်သွားသည်။ Hughes H-4 Herculesကို အခြေခံ တည်ဆောက်ထားသည့် ရေယာဉ်ပျံကြီးမှာ တောင်ပံနှစ်ဖက်ကြား ၉၇.၅၄ မီတာထိ ရှည်လျားသည်။ သို့သော် Spruce Gooseသည် ၁၉၄၇ ခုနှစ်က ၂၆ စက္ကန့်မျှသာ ကြာမြင့်သည့် စမ်းသပ် ပျံသန်းမှု တစ်ကြိမ်သာ ရှိခဲ့ဖူးပြီး လက်တွေ့ မပျံသန်းနိုင်ခဲ့ချေ။ ယခုအခါတွင်မူ အော်ရီဂွန်ရှိ ပြတိုက်တစ်ခုတွင် ယင်းရေယာဉ်ပျံကြီးကို ပြသထားကြောင်း သိရသည်။ Ref: Telegraph
Source : http://ift.tt/2l8YZ9x
via IFTTT

No comments:

Post a Comment