ဂျပန်နိုင်ငံ ဖူကူရှီးမားတွင် စာပို့လုပ်ငန်းများကို စက်ရုပ်များနှင့် လုပ်ဆောင်မည် ဖူကူရှီးမား၊ ဒီဇင်ဘာ ၂၃ ဂျပန်နိုင်ငံ စာတိုက်လုပ်ငန်းသည် ကားပုံစံစက်ရုပ်ကို စာပို့စက်ရုပ်အဖြစ် ဖူကူရှီးမားမြို့အတွင်း စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း Japan News သတင်းတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူမှုများ၊ စာပို့လုပ်ငန်းများကို လုပ်ဆောင်လာကြသောကြောင့် စာတိုက်ကတစ်ဆင့် စာပို့ခြင်းလုပ်ငန်းကျဆင်းလာမှုကို စက်ရုပ်များနှင့် ပို့ခိုင်းခြင်းဖြင့် တစ်ခေတ်ပြောင်းနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ စက်ရုပ်နှင့် စာပို့ခြင်းစနစ်ကို ဂျပန်နိုင်ငံ Lawson ကုမ္ပဏီ၏ ကုန်စုံဆိုင်လုပ်ငန်းက ပါဝင်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင် ပစ္စည်းများကအစ ပေးပို့ခြင်းများကို လူမပါဘဲ ဆောင်ရွက်သွားရန် စမ်းသပ်လျက်ရှိသည်။ စက်ရုပ် စာပို့လုလင်များကို ZMP ကုမ္ပဏီက တီထွင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီလျှင် ၆ ကီလိုမီတာနှုန်းဖြင့် မြို့ကိုပတ်ကာ လျှောက်သွားနေမည်ဖြစ်ကာ ပစ္စည်းတစ်မျိုးလျှင် အလေးချိန် ၁၀ဝ ကီလိုဂရမ်အထိ သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ စက်များတွင် ဉာဏ်ရည်တုစနစ် (AI) ကို ထည့်သွင်းထားသဖြင့် စက်ရုပ်များက ပတ်ဝန်းကျင်အနေအထား လမ်းများကို မှတ်မိနေမည်ဖြစ်ပြီး၊ လေဆာဆင်ဆာစနစ်နှင့် ကင်မရာကို ထည့်သွင်းထားသဖြင့် ခရီးသွားရာတွင် ပိုပြီးအဆင်ပြေမှု ရှိနိုင်မည်ဖြစ်သည်။ ကုန်ပစ္စည်း သို့မဟုတ် စာများကို ပို့ဆောင်မှာယူလိုသူများသည် စမတ်ဖုန်းများကို အသုံးပြုပြီး ဆက်သွယ်မှာယူနိုင်သလို ပစ္စည်းရောက်ကြောင်းကိုလည်း ဖုန်းများဖြင့် ဆက်သွယ်ပြောပေးပြီး ကိုယ်တိုင် ထွက်ယူလက်ခံပြီး၊ ဖုန်းက မှတ်တမ်းတင်ထားခြင်းများကို ပယ်ဖျက်ပေးမှ ပစ္စည်းရောက်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအတွက် မကြာမီ စက်ရုပ်များသာမက ဒရုန်းယာဉ်များကိုလည်း အသုံးပြုမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရသည့် လမ်းပန်းအခက်အခဲနှင့် လူအသုံးပြုမှုတို့ကို မကြာမီ လျှော့ချနိုင်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဂျပန်နိုင်ငံ စာတိုက်လုပ်ငန်းဌာနက ပို့ဆောင်ရေးစက်ရုပ်များကို ယခုထက်ပိုပြီး တိုးချဲ့ကာ အသုံးပြုသွားမည်ဟု ဆိုသည်။
Source : https://goo.gl/qBcVts
via IFTTT
No comments:
Post a Comment