Tuesday, December 5, 2017


ငပုတောမြို့နယ်၌ တောဆင်ရိုင်းအုပ်များ နေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အပိုင် အာကာကျေးရွာ အုပ်စုရှိ ဒီပါရုံကွက်သစ် ကျေးရွာ အတွင်း ဆင်၁၀ ကောင်ထက်မနည်း ပါဝင်သည့် တောဆင်ရိုင်းအုပ် ၂ အုပ် ဒီဇင်ဘာ ၄ ရက်နေ့ညက စတင်ဝင်ရောက်ကာ စိုက်ခင်းများနှင့် လူနေအိမ်များ ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိရသည်။ “ဆင်ရိုင်းအုပ်က ကျုံကူးလမ်းဆုံ ၆၈ မိုင်နားမှာ ရောက်နေတာ။ ပုသိမ် – မော်တင် ကားလမ်းအရှေ့ ခြမ်းမှာ တအုပ်၊ အနောက်ခြမ်းမှာက တအုပ်။ ဆင်ရိုင်းအုပ် ၂ အုပ်က ပေ ၅၀၀ လောက်ပဲ ဝေးမယ်။ သူတို့ခမျာ အတော်လေး ဆာ လောင်နေတဲ့ပုံပဲ။ လူနေအိမ် နောက်ဘက် ခြံစည်းရိုးနားအထိ ကပ်လာ ပြီးတော့ စိုက်ထားတဲ့ ငှက်ပျောပင်နဲ့ သီးပင် စားပင်တွေ ဝင်စားကြတာ။ လူတွေနားကပ်လာတော့ အန္တရာယ်ဖြစ်မှာစိုးလို့ သစ်တောရဲတပ်ဖွဲ့က သေနတ်ဖောက်ပြီး ခြောက်ထုတ်ရတယ်”ဟု ဆင်ရိုင်းများ မောင်းနှင်ရာတွင် ဝိုင်းဝန်းကူညီပေးနေသူ ငပုတောမြို့နယ် တင်းချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူး ဦးထွန်းလေးက ဧရာဝတီကို ပြောသည်။ ဆင်ရိုင်းတအုပ်မှာ ဒီပါရုံကွက်သစ်ရွာရှိ နေအိမ်တအိမ်မှ အစားအစာ ယူငင်စားသောက်ရာ နေအိမ် တလုံး ပျက်စီးခဲ့ကြောင်း၊ ဆင်အကောင်ရေ အများအပြား လူနေအိမ်ခြံနောက်ဖက်အထိ ရောက်ရှိလာ သော်လည်း လူများကို အန္တရာယ်ပြုခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။ “ဆင်တွေက လူနေအိမ်ခြံစည်းရိုးနားအထိကို ကပ်လာပေမယ့် ရန်လိုတဲ့ပုံစံမျိုး မဟုတ်ဘူး။ သူတို့ နောက်မှာ ဆင်မုဆိုး တဖွဲ့ဖွဲ့က အန္တရာယ်ပြုဖို့ လိုက်နေလို့ လူတွေရှိတဲ့နေရာ ပြေးလာနေရတဲ့ ပုံစံမျိုး ပဲ။ ဒီပါရုံကွက်သစ် ရွာထဲမှာ ဒီအိမ်နားကနေ မောင်းထုတ်ရင် ဟိုဘက်အိမ်သွားတယ်။ ဟိုဘက်အိမ်က မောင်းထုတ်ရင် နောက်တအိမ်နား ကပ်သွားတယ်။ ရွာသားတွေကတော့ ကြောက်လို့ ဒန်အိုးဒန်ခွက် တီးတဲ့လူနဲ့ မီးဖိုတဲ့လူနဲ့ တညလုံးလည်း မအိပ်ရပါဘူး။ အခုချိန်အထိလည်း ဆင်အုပ်တွေက ရွာနား တဝိုက်က တောထဲမှာ ရှိနေတုန်းပဲ”ဟု တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ဆိုသည်။ အဆိုပါ ဆင်ရိုင်းအုပ်များအား ပြန်လည်မောင်းနှင်ရန်အတွက် အန်ဂျီအိုများ၊ သစ်တောရဲတပ်ဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်း ဌာနတို့ ပူးပေါင်းဖွဲ့စည်းထားသည့် အရေးပေါ်ဆင်မောင်းအဖွဲ့ကိုခေါ်ယူထားပြီး ကွန်ဂျီဆင်များဖြင့် တောထဲသို့ ပြန်လည် မောင်းထုတ်သွားမည်ဟု ငပုတောမြို့နယ်၊ သစ်တောဌာန ဦးစီးမှူး ခွန်ပြုံးနိုင်က ပြောသည်။ “အဲဒီဘက်တွေကတော့ ဆင်တွေ မကြာခဏ ဝင်နေကျပါ။ ဌာနအနေနဲ့ အဓိကက ဆင်တွေ သတ်ဖြတ် မခံရအောင် ကာကွယ်ပေးပြီး လူတွေလည်း အန္တရာယ်မရှိအောင် ကွန်ဂျီဆင်တွေနဲ့ တောထဲကို ပြန် မောင်းထုတ်ပါမယ်”ဟု သူက ပြောသည်။ ဆင်မောင်းအဖွဲ့ မရောက်ရှိမီ လတ်တလော ဒေသခံများ အန္တရာယ်မဖြစ်စေရန်အတွက် သစ်တောရဲ တပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ဒီပါရုံကွက်သစ်ကျေးရွာတွင် လုံခြုံရေး ရယူထားကြောင်း သိရသည်။ တောဆင်ရိုင်းများသည် ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ်များသို့ နှစ်စဉ် စပါးသီးများ ဝင်းမှည့်ချိန် ဖြစ်သည့် နိုဝင်ဘာလမှ စတင်၍ မိုးမကျမီ မေလအထိ လာရောက်၍ အစာရှာဖွေလေ့ရှိပြီး ထိုသို့ အစာရှာရင်း ဒေသခံများအား တောဆင်ရိုင်းများမှ ရန်ပြုခြင်းရှိသလို ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုများလည်း နှစ်စဉ်ဖြစ်ပွားလေ့ ရှိသည်။ “လူတွေက သစ်တောတွေ အလွန်အကျွံခုတ်တော့ တောပြုန်းတီးပြီး ဆင်တွေက တောထဲမှာ စားစရာ မရှိတော့ဘူး။ စားကျက်တွေ မရှိတော့ဘူးဖြစ်ကုန်တယ်။ အဲဒီတော့ လူတွေစိုက်ထားတဲ့ စပါး၊ ငှက်ပျောနဲ့ တခြားသော တောင်ယာ သီးနှံတွေကို လာစားတယ်။ အဲဒီမှာ ဆင်နဲ့လူ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်တာ ရှိသလို အဲ့သလို အစာလာရှာတဲ့ ဆင်တွေကို ဆင်သတ်မုဆိုးတွေက စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်တာတွေ လုပ်ဆောင်တာဖြစ်တယ်”ဟု ငပုတောမြို့နယ် တင်းချောင်းအုပ်စုတွင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံဆင်ချစ်သူများအသင်း လက်ထောက်တာဝန်ခံ စိုင်းဇော်ဦးက ပြောသည်။ ပုသိမ်၊ ငပုတောနှင့် သာပေါင်းဒေသသို့ ယမန်နှစ်ကလည်း တောဆင်ရိုင်းများ အုပ်လိုက်လာရောက်၍ ဒေသခံများစိုက်ပျိုး ထားသည့် သီးနှံများကို ဝင်ရောက်စားသုံးမှုများ ဖြစ်ပွားခဲ့ပြီး တောဆင်တို့၏ ရန်ပြု တိုက်ခိုက်မှုကြောင့် ပုသိမ်အနောက် ခြမ်း ကမ်းခြေဒေသမှ လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ငွေဆောင် ကမ်းခြေရဲတပ်ဖွဲ့ရုံး စာရင်းများအရ သိရသည်။ ယခုနှစ်လယ်က စတင်၍ အန်ဂျီအိုများ၊ သစ်တောရဲတပ်ဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်းဌာနတို့ပူးပေါင်း၍ အရေးပေါ် ဆင်မောင်း အဖွဲ့ကို ဖွဲ့စည်းကာ တောဆင်ရိုင်းများ သတ်ဖြတ်ခံရခြင်းမှ လျော့နည်းလာ စေရန်နှင့် ဆင်နှင့်လူ ပဋိပက္ခအား ထိန်းသိမ်းနိုင် ရန် တောအတွင်း ကွန်ဂျီဆင် (ဆင်ရိုင်းမောင်းသည့် ဆင်)များဖြင့် ကင်းလှည့်ခြင်းများ ပုံမှန်ဆောင်ရွက်နေကြောင်း သိရ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ အနောက်ခြမ်း ကမ်းခြေဒေသရှိ ကျောက်ဖျာ ကျေးရွာတွင် ဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေသည့်အတွက် ကွန်ချီဆင်အဖွဲ့ဖြင့် သွားရောက်မောင်းထုတ်မှုများ ဆောင်ရွက်ခဲ့ရသေးသည်။ The post ငပုတောမြို့နယ်၌ တောဆင်ရိုင်းအုပ်များ နေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2jOl9gE
via IFTTT

No comments:

Post a Comment