Sunday, December 24, 2017

The Voice

ထရမ့်၏ အမေရိက လုံခြုံရေးကြေညာချက်သည် ရာဇဝတ်မှုမြောက်သည်ဟု မြောက်ကိုရီးယားသတ်မှတ် ပြုံယမ်း၊ ဒီဇင်ဘာ ၂၃ ပြုံယမ်းကို အင်အားသုံး ချေမှုန်းပစ်မည်ဟု ဖော်ပြထားသည့် အမေရိကလုံခြုံရေး ကြေညာချက်စာတမ်းသည် ရာဇဝတ်မှုမြောက်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက သတ်မှတ်ပြောဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ သမ္မတထရမ့်သည် ၎င်း၏ အမေရိက လုံခြုံရေးမဟာဗျူဟာအသစ်ကို တစ်ကမ္ဘာလုံး နာခံအောင် ကြိုးစားနေသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲသည်။ ပြုံယမ်းမှ လက်နက်စီမံကိန်းသမားများ၏ စိန်ခေါ်မှုကို ဝါရှင်တန်က ထိန်းချုပ်ထားမည်ဟု ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိက လုံခြုံရေးမဟာဗျူဟာသည် ရန်စကြေညာမှုသက်သက် ဖြစ်ကြောင်းနှင့် ဝါရှင်တန်သည် ပြုံယမ်းကိုဖိနှိပ်ရန်နှင့် ကိုရီးယားကျွန်းဆွယ်ကို ဗိုလ်ကျစိုးမိုးသည့် နယ်မြေဖြစ်ရန် ကြိုးစားနေကြောင်း ပြန်လည်စွပ်စွဲသည်။ တနင်္လာနေ့က အမေရိကလုံခြုံရေး မဟာဗျူဟာအသစ်ကို ထုတ်ပြန်ကြေညာခဲ့သော သမ္မတထရမ့်သည် ယခင်လကလည်း မြောက်ကိုရီးယားသည် အကြမ်းဖက်ဝါဒ အားပေးအားမြှောက်ပြုသော နိုင်ငံဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားသည် ကုလလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များကို အာခံကာ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်နေမှုကြောင့် ယခုနှစ်အတွင်း တင်းမာမှုများ ကြီးထွားလာခဲ့သည်။ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ သံတမန်နည်းလမ်းအရ ဖြေရှင်းရန် ကြိုးစားနေပြီး မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကျပ်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု ထရမ့်အစိုးရက ပြောကြားသည်။ ယခုနောက်ဆုံး ချမှတ်လိုက်သော အရေးယူပိတ်ဆို့မှုများတွင် ရေနံတင်သွင်းမှု ၉၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းနှင့် ပြည်ပရောက် မြောက်ကိုရီးယားနိုင်ငံသားများ ၁၂ လ အတွင်း (အခြားသတင်းတစ်ခုတွင် ၂၄ လဟု ဆိုသည်) ဇာတိနိုင်ငံသို့ ပြန်ကြရန် အမိန့်ထုတ်ခြင်းတို့ ပါဝင်သည်။ လုံခြုံရေးကောင်စီတွင် တရုတ်နှင့်ရုရှား၏ ထောက်ခံမှုကို လိုအပ်သော အရေးယူပိတ်ဆို့မှုကို ချမှတ်နိုင်ရန်အတွက် ဝါရှင်တန်က သံတမန်လမ်းကြောင်းဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယခုပိတ်ဆို့မှု အသစ်များသည် သာမန်မြောက်ကိုရီးယား ပြည်သူများအပေါ် ကြီးမားသော ရိုက်ခတ်မှု ရှိလိမ့်မည်ဟု မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကုလစုံစမ်းစစ်ဆေးရေး တာဝန်ခံ မိုက်ကယ်ကာဘီက မှတ်ချက်ပေးထားသည်။
Source : https://goo.gl/jqj2gC
via IFTTT

No comments:

Post a Comment